ဓမ္မနဲ့ အဓမ္မကို သိတန်ရာလျက် နှလုံးသွင်းမမှန်ပါလျှင် ဘ၀နေ၀င်ချိန်တိုင်းမှာ သံသရာ ၀ဋ်ဆင်းရဲဒုက္ခကို ခါးသီးစွာ ခံစားနေရအုံးမှာပါဗျာ။ အခါအခွင့်သင့်ချိန်မှာ တရားနှလုံးသွင်းနိုင်မှ ဘ၀သံသရာဆုံလည်နွား လည်ပတ်နိုင်မှု အား လျော့လာမယ်လို့ ယူဆထားတာပါ။ အနည်းဆုံးတော့ ကိုယ်တိုင် ထိထိမိမိ မကျင့်သုံးနိုင်သေးရင်တောင်မှ တရားအသိဖြန့်ဝေရင် မင်္ဂလာတရားတော်နဲ့အညီ နေထိုင်တာပဲလို့ စိတ်ဖြေပြီး အသိတရားဝင်စေမယ့် အမှန်တရားတွေကိုသာ မပြတ် မျှဝေခံစားလျက်ရှိပါတယ်။
လောကမှာ နေရသမျှဟာ သေရဖို့ပဲ ဦးတည်နေလေတော့ အသိအမြင် နိမ့်ပါးခဲ့ရင် သံသရာလမ်းကြောင်း တိမ်းစောင်းရချေလိမ့်မယ် ဆိုတာ နှလုံးမူနေခဲ့မိပါတယ်။ သို့သော် မနုဿတ္တဘာဝေါ ဒုလ္လဘော ကို မေ့လျော့ပေါ့ဆပြီး တစ်ဘ၀ သာရေးကို ကြိုးစားမိနေတဲ့အခါမှာ ဘ၀နာရေးဟာ ကျွန်တော့်ခေါင်းပေါ် တည့်တည့်မှာ ရှိနေတယ် ဆိုတာ ပြန်လည်ချင့်တွေးမိရင် ခေါင်းနပမ်းကြီးစရာကြီးပါ။ မကြောက်တတ်သူကို သတ္တိရှိသူလို့ ခေါ်နိုင်မလား။ .......... ခေါ်နိုင်မည်မဟုတ်ပါ။
ဓမ္မပဒမှာ ဤသို့ ဆိုပါတယ် . . .
သတ္တ၀ါတို့သည် ချမ်းသာကို အလိုရှိကုန်၏။
မိမိ၏ချမ်းသာကိုရှာလျက် သူတပါးတို့ကို တုတ် လှံတံဖြင့် ညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို မရလေ။

...ထိုတရားတော်ပါ တုတ် လှံတံဖြင့် ညဉ်းဆဲသည် ဆိုခြင်းကို အခွင့် အာဏာဖြင့် မတရား ညှဉ်းဆဲခြင်းလို့လည်း ကောက်ယူနိုင်မှာ ဖြစ်ပါတယ်။
ရှေးဘုန်း ရှေးကံ ယခုကံတို့ကြောင့် လက်ရှိပစ္စက္ခဘ၀မှာ အခွင့် အာဏာတည်ကြောင်း တရားသည် ဖြစ်ထွန်းပေါ်ပေါက်လာရသော်ငြား ထိုအခွင့် အာဏာသည် ရေပွက်ပမာ တစ်သက်လျာလည်းမဟုတ်ပါလေ။ လောကစည်းစိမ်ဟုလည်း ဆိုနိုင်မည် မဟုတ်ပါ။ ကမ်းနားမှ သစ်ပင်မို့ လောကဓံ ရေစီးကြမ်းကို အဘယ်မျှကြာအောင် တောင့်ခံနိုင်ပါမည်လဲ။ တောင့်ခံနိုင်ဖို့ တရား လိုအပ်နေပါပေတယ်။ အသိအမြင်ကြွယ်တဲ့ တရားရှင်တွေ လောကမှာ လိုအပ်နေပါတယ်။ ကျွန်တော်တို့ ကြိုးစားကြရပါမယ်။ မရရင် အရှုံး (အရင်း မဟုတ်) ရရင် အမြတ်ပါ။
မုဟုတ္တမပိ စေ ၀ိညူ၊
ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ၀ိဇာနာတိ၊
ဇိဝှါ သူပရသ ယထာ။ ။