Sunday, June 18, 2017
ဘယ်အချိန်စပြီး တရားအားထုတ်ရင် အကောင်းဆုံးလဲ
            "တရားအားထုတ်တဲ့ အချိန်ဟာ ဘယ်အချိန် အကောင်းဆုံးလဲ" ဆိုတာ ကို ဟိုးအရင်တုန်းက "တရားစပြီးအားထုတ်သင့်တဲ့အချိန်ကောင်း" ဆိုတဲ့ ခေါင်းစဉ် နဲ့  ရေးသားခဲ့ဘူးပါတယ်။
             ဓမ္မမိတ်ဆွေတို့ အနေနဲ့ ပြန်ဖတ်ချင်လို့ ရှာဖွေတဲ့အခါမှာ အင်တာနက်လိုင်းမကောင်းရင် ရှာဖွေရတာ ခက်ခဲစေတဲ့အတွက် ပြန်လည်ဖေါ်ပြရင်း ၊ ခုမှ စပြီးတရားအားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေတို့ နားလည်ဖို့ ခက်ခဲနိုင်မဲ့ ပါဋ္ဌိ စကားလုံးတွေကိုပါ နည်းနိုင်သမျှ ထုတ်နှုတ်ပြီး ပြန်လည် ရေးသားတင်ပြလိုက်ပါတယ်။
           အထက်ကစကားကို ပြန်ကောက်ရရင်...
            "တရားအားထုတ်တဲ့ အချိန်ဟာ ဘယ်အချိန် အကောင်းဆုံးလဲ" ဆိုတာ မရှင်းပြခင် ရှေး ဦးစွာ သိသင့်သိထိုက်တာ လေးတွေ တင်ပြပါရစေ။
           " မနုဿတ္တဘာဝေါ ဒုလ္လဘော" ဆိုတဲ့ ပါဠိတော် စကားရပ်ရှိပါတယ်။ ဓမ္မမိတ်ဆွေ တို့ လည်းကြားဖူးကြမှာပါ။
            " လူ့ ဘဝ ဆိုတာ.. ရခဲတယ်၊ လူ့ ဘဝ ဆိုတာ ရဖို့ မလွယ်ဘူး" စသည်အားဖြင့် မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်ကို သာဓက ပြုပြီးတော့ ဆရာတော်၊ ရဟန်း၊ သံဃာတော်တို့ ဟာ "ရခဲလှတဲ့ လူ့ ဘဝ" အကြောင်း ကို ရှုထောင့်အမျိုးမျိုး ကနေပြီး တော့၊ ဟောပြောကြတာကို ဓမ္မမိတ်ဆွေတို့  ကြားနာဘူး ကြမှာပါဘဲ။
               လူ့ ဘဝ ဘယ်လို ရဖို့ခက် တာလဲ၊ ရဖို့ ဘယ်လို မလွယ်တာလဲ ဆိုတော့...
( ပါဋ္ဌိ လိုတွေက တော့ မှတ်စရာမလိုသေးပါဘူး )
                (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား အဖြစ်ကို ရခဲခြင်း၊
                (၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူ့ အဖြစ်ကို ရခဲခြင်း၊
                 (၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရား နဲ့ ပြည့်စုံတဲ့ အဖြစ်ကို ရခဲခြင်း၊
                 (၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ =ရဟန်း အဖြစ်ကို ရခဲခြင်း၊
                 (၅) သဒ္ဓမ္မသဝန အတိ ဒုလ္လဘ = သူတော်ကောင်းတရား နာကြားခွင့် ကို အလွန်ရခဲခြင်း ဆိုပြီး ရှိပါတယ်။
               " ဧရကပတ္တနာဂရာဇဝတ္ထု  ဓမ္မပဒ"ဆိုပြီးတော့ ရေးသားထားတဲ့ စာအုပ်က ဒုတိယစာအုပ်မှာ အထက်က ဖေါ်ပြခဲ့တဲ့ အဲဒီ ရခဲခြင်း( ၅ )မျိုးကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ နေ့ စဉ်နေ့တိုင်း တပည့် သံဃာ၊ ရဟန်းတော် တို့ ဆွမ်းခံပြန်ရောက်ချိန် ဂန္ဓကုဋိ တိုက်အဝင် မှာ ဆုံးမတော်မူတဲ့ တရားဖြစ်တယ် ဆိုပြီး ရေးသားထားပါတယ်။
            " လူအဖြစ်ကို ရခဲတယ်" ဆိုတဲ့ နေရာမှာ  လူသေပြီး လို့  နောက်ထပ် လူပြန်ဖြစ်ဖို့ အတွက် နဲ့ တစ်ခြားသော ဘုံဘဝ က နေပြီး လူ့ဘဝ ကို ရဖို့အတွက် ခဲယင်းတယ်လို့  ဆိုလိုခြင်းဖြစ်ပါတယ်။လူ ပြန်ဖြစ်လာဖို့  လုံးဝမလွယ်ကူပါဘူး။
           ဒီလောက မှာ လူဦးရေ အရေအတွက် များနေတယ် လို ထင်နေတာက လူတစ်မျိုးတည်းကို ကြည့်ပြီး များနေတာ လို့ ထင်မှတ်နေတာဘဲဖြစ်ပါတယ်။
           လူ နဲ့  တစ်ခြားသတ္တဝါတွေ ထဲက တိရိစ္ဆာန်တစ်မျိုးတည်းကိုဘဲ  ကြည့်ကြပါစို့....
       လူများလာသလောက် အဲဒီပိုးမွားကလေးများလည်း များလာမှာဘဲ ဖြစ်ပါတယ်။
             ဗုဒ္ဓစာပေ အရ ဘုရား၊ ရဟန္တာ မဖြစ်သ၍ လူတစ်ယောက်သေဆုံးယင် တမလွန် ဘဝမှာ ရောက်နိုင်သော ဂတိ ငါးမျိုးရှိပါတယ်။
( ၁ ) ဒေဝ(နတ်)၊ 
( ၂ )မနုဿ(လူ)၊
( ၃ )နိရယ(ငရဲ)၊
( ၄ )ပေတ(ပြိတ္တာ)၊
( ၅ )တိရိစ္ဆာန်၊ .. ဆိုပြီး သွားရောက်နိုင်သော ဘုံး ငါးမျိုးရှိပါတယ်။
             အဲဒီဘုံတွေမှာ ဘယ်ဘုံက အရေအတွက် အများဆုံးဖြစ်သလဲ ဆိုတာကို စဉ်းစားကြည့်လိုက် မှသာ လူ့ ဘဝကို ရဖို့ခဲယင်းတယ် ဆိုတာ ကို သဘောပေါက်သွားမှာပါ။
       လူဖြစ်တာလာတာတောင်မှ...
" ပါပသိံ္မ ရမတိ မနော" လို့ ဆိုပါတယ်။ အဲဒီလို မကောင်းမှု၊ အကုသိုလ်ဒုစရိုက်တို့ နဲ့ ပျော်မွေ့ လေ့ ရှိတဲ့အတွက်ကြောင့် ပုထုဇဉ်ဟာ ဘဝကူးတာနဲ့ မကောင်းမှုတွေကျက်စားရာဖြစ်တဲ့ အပါယ်လေးဘုံ တို့ တွင်သာ အဖြစ်များပါတယ်။
             "မဟာကာလဥပသကဝတ္ထု" မှ ဖေါ်ပြထားတာရှိပါတယ်။
            အဲဒီ အတိုင်းပါဘဲ..
             တစ်ကယ်တော့..
            "အကုသိုလ်" စရိုက်ဆိုး တွေဆိုတာ ပြုလုပ်ဖို့ "ခက်ခဲ" ပေမဲ့၊ လက်တွေ့ မှာတော့ "အကုသိုလ်"မှန်သမျှကို .. ပြုလွယ်၊ ဖြစ်လွယ် ကျူးလွန်ရန် အလွန်လွယ်ကူကြပါတယ်။
         ဒါ့ကြောင့်...မိမိကိုယ်ကို မိမိကိုယ်တိုင်ကလည်း ဖျက်ဆီးဖို့ အတွက် လည်း လွယ်ကူနေတာပဲ ဖြစ်ပါတယ်။အထက်မှာ ပြောခဲ့သလို..
“ပါပသ္မိံရမတိ မနော” ဟုဆိုတဲ့ အတိုင်း...
           ကျောက်က နေ ဖြစ်တဲ့ ဝရဇိန်လက်နက် ဟာ မှီရာကျောက်ကို ထွင်းဖောက် ဖျက်ဆီးနိုင်သလိုမျိုး၊ မိမိပြုတဲ့ မကောင်းမှုဟာ မိမိကိုယ်ပင် ပြန်လည်ဖျက်ဆီးစေပါတယ်။
         ခုန ပြောတဲ့ "အကုသိုလ်"စရိုက်ဆိုးတွေကို ပြုလုပ်ရတာ "ခက်ခဲတယ်"ဆိုတဲ့စကားရပ် နဲ့ ပတ်သက်ပြီးတော့..အမှတ်ရလို့  "ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ သံဝရ " ဟောကြားတဲ့ "ကုသိုလ် နဲ့ အကုသိုလ်"အကြောင်း ဖေါ်ပြရရင်..
          "ကုသိုလ်အလုပ် နဲ့ အကုသိုလ်"အလုပ်ဟာ ဘယ်က ခဲယဉ်းသလဲ ဆိုတော့ "အကုသိုလ်" အလုပ်လုပ်ရတာ ခဲယဉ်းပါတယ်။ မကောင်းတာလုပ်ဖို့ ခက်တယ်.. ပေါ့။ ခဲယဉ်းပါတယ်၊ ခက်ပါတယ် ဆိုတဲ့ အလုပ်ကို မှဘဲ ပုထုဇဉ်တွေဟာ အလွယ်တကူ ကျူးလွန်မိကြပါတယ်။
          ဥပမာ..
ဆင်ကောင်ကြီး တစ်ကောင်ကို သတ်မယ်။ ဆင်ကောင်ကြီး သတ်မယ်ဆိုတော့...
         အနည်းဆုံး လူ လေးယောက် ငါးယောက်ဟာ တစ်ယောက်ကို အနည်းဆုံး ငါးချက် ခြောက်ချက်တော့ အားစိုက် ရိုက်ရပါတယ်။အဲသလို ရိုက်တာ ပင်ပန်းပါတယ်။ ဒီတော့  အကုသိုလ်ရဖို့ ပင်ပန်းတာပေါ့။
            ငါ မသတ်ဘူးဆိုရင်... ပင်ပန်း သေးသလား။ "ကုသိုလ်" က အဲဒီလို ချမ်းသာတာ ပါ။ မသတ်ဘူးဆိုတော့ ကုသိုလ်ဖြစ်နေတော့တာပေါ့နော်။ သတ်မယ် ဆိုတော့ အားစိုက်ရတာ အတော့်ကို ပင်ပန်းတာ။ ဒါကြောင့် အကုသိုလ်က ဆင်းရဲတယ်လို့ ဘုရား ဟောတာပါ။
             အိမ်တစ်အိမ်မှာ ခိုးမယ်။ ခိုးမယ်လို့ စိတ်ကူး ထည့်တယ်။ စဉ်းစားတယ်။ ငါဘယ်လို ခိုးရမလဲလို့။ ဟိုနေရာသွား လူမြင်ဦးမှာ။   ဟိုဘက်က သွားလည်း မြင်ဦးမှာ။ အဲတော့ကာ ညည်နက်တဲ့ အခါ အမှောင်ကျလာပြီ။ ဟော သစ်ပင်ရိပ်မှာ ဝင်မှ။ အိမ်ရှင်တွေ အိပ်ပြီလား နားထောင်မယ်။  ခွေးက ဟောင်နေတယ်။ ဒီတော့..တထိတ်ထိတ်နဲ့ ချမ်းသာသလား ဆင်းရဲသလား။ ငါ့ကိုများ မြင်မှာလား ဟေ့။ ခွေးက တကယ် တယ်ဟောင်တယ်။ စိတ်ချမ်းသာမလား ဆင်းရဲမလား။ မဖြစ်ဘူး ကြာရင် မိသွားမှာဘဲ ဆိုပြီး အသာ ထွက်သွားတော့တာ။ ကဲ အကုသိုလ်က မဆင်းရဲဘူးလား။
              အစကတည်းက မခိုးပါဘူးလို့ နေလိုက်ရင် မချမ်းသာဘူးလား။ ဒါ့ကြောင့် အကုသိုလ်က ဆင်းရဲတယ်လို့ ပြောတာပါ။
        "ပါဏာတိပါတာ" ကစ ပြီး "သုရာမေရယ" အဆုံးကို ရှောင်ကြဉ်ရင် လူလည်း မပင်ပန်းပါဘူး။ ပိုက်ဆံလည်း မကုန်ပါဘူး။ ဓမ္မမိတ်ဆွေတို့ စဉ်စားကြည့်ရင် ပေါ်ပါတယ်။
           ဒါတွေဟာ အားမစိုက်ရဘဲနဲ့ ရတဲ့ "သီလကုသိုလ်"တရားတွေပါ။ ဒါနကုသိုလ် ဆိုတာက မှ အားစိုက်ရပါသေးတယ်။
          စားဖို့သောက်ဖို့ အတွက် ရှာရတယ်။ အဝယ်အခြမ်း သွားရတယ်။ ချက်ရ ပြုတ်ရတယ်။ဘုရားတည်မယ်ဆိုရင် အုတ်ထမ်းရတာ နဲ့ ၊ဝယ်ရတာနဲ့ ငှားရတာနဲ့ ၊သွားရတာ လာရတာနဲ့ ၊ဒါနကုသိုလ်ရဖို့ အတွက်နဲ့ ၊ ဒါနတရားနဲ့ သီလတရားဟာ ဘယ်ဟာက အကျိုးများမလဲ ဆိုတာ ဓမ္မမိတ်ဆွေတို့ ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။
            "သီလ" က ပိုက်ဆံ မကုန်ဘဲနဲ့ အကျိုးများတာပါ။အဲဒီ သီလ ထက် "သမထ " က သာလို့ အကျိုးများ ပြန်ရော။ သူက မြေလျှိုးနိုင်တယ် မိုးပျံနိုင်ပါတယ်။ အောင်မြင်ရင်ပေါ့လေ။
           အဲဒီလို "ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်"  တွေ ထက် ပိုပြီး အကျိုးများတာကတော့..
          "ဝိပဿနာဥာဏ်"မဂ်ဥာဏ် ကမှသာ ချမ်းသာအစစ်ကြီးပါ။ဒါ ဘုရားဟောထားတာဖြစ်ပါတယ်။
          အဲဒီလို အကျိုးများဆုံးဖြစ်တဲ့ "ဝိပဿနာ" အလုပ်ကို ကျင့်ကြံအားထုတ်ဖို့ ဆိုတဲ့နေရာမှာ..
           လူဖြစ်ဖို့ ခက်ခဲလှတယ်ဆိုပေမဲ့၊ လူဖြစ်တိုင်းလည်း ကျင့်ကြံအားထုတ်လို့ မရပါဘူး။ကျင့်ကြံအားထုတ်လို့ ရနိုင်တဲ့ အကြောင်းအရာတွေနဲ့ ကလည်း ပြည့်စုံဖို့ က လိုအပ်ပါတယ်။ဓမ္မမိတ်ဆွေတို့  ရှိခိုးနေကျ ဖြစ်တဲ့ သြကာသဘုရားရှိခိုးမှာ ပါပါတယ်။ ရပ်ပြစ်ရှစ်ပါးဆိုတာ....
            နားမလည်သေးတဲ့သူအတွက် ဖေါ်ပြပေးပါ့မယ်။
ရပ်ပြစ်ရှစ်ပါး ကျခံနေရသူများ..ပေါ့။
        အဲဒီ ရပ်ပြစ်ရှစ်ပါးထဲမှာ ကျရောက်နေခံရတဲ့ သူဆိုရင်တော့ သံသရာ လွတ်ကြောင်းအတွက် ဝိပဿနာ အားထုတ်ဖို့ အခွင့်ရေးဟာ "နတ္တိ" ဖြစ်ရပါတယ်။ လောကမှာ   လူလာဖြစ်ပေမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်၊ လောကမှာ ဘဝအခြေအနေ အကျိုးပေး မလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်ကို ဆိုလိုပါတယ်။
( ၁ ) ငရဲကျနေသူ
              ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့   ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောကြားတဲ့  တရားတော်တွေ ကို နာယူပြီး မြတ်သောအကျင့်ကျင့်ပြီး   နိဗ္ဗာန်ရဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာ လုံးဝမရှိပါဘူး။ အဲဒီ ငရဲကျနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်ပါတယ်။
( ၂ ) တိရိစ္ဆာန် ဖြစ်နေသူ
             ဘုရားပွင့်ပြီးတော့ တရားဟောနေတဲ့အချိန် တိရိစ္ဆာန်ဘုံ ကို ရောက်နေတယ်၊ ဥပမာ..
       နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေတယ်၊ ဝက်ဖြစ်နေတယ်ဆို
ရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါဘူး။
         ကောင်းတဲ့ကုသိုလ်  ဖြစ်ဖို့ဆိုတာ အခွင့်အရေး မရှိပါဘူး။ ဒါကြောင့်မို့လို့  တိရိစ္ဆာန်ဘဝ ရောက်နေတဲ့  အချိန်မှာ  ဘုရားပွင့် တရားဟောနေပေမယ့် တိရိစ္ဆာန် ဖြစ်နေသူဟာ အခွင့်အရေး  ဆုံးရှုံးနေပါတယ်။
( ၃ ) ပြိတ္တာဖြစ်နေသူ
             ပြိတ္တာဘဝဆိုတာ စားစရာမရှိလို့ မစားရတာများပါတယ်။ အမြဲတမ်း ဆာလောင်နေတာပဲ၊ ဘယ်တော့မှ ဗိုက်ပြည့်အောင် မစားရပါဘူး၊ အဲဒီလို ပြိတ္တာဘဝရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီးတော့ တရားနာဖို့ တရားကျင့်ဖို့ အခွင့်အလမ်း မရှိနိုင်ပါဘူး။ ဒါ့ကြောင့်မို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပါတယ်။
( ၄ ) အရူပ နှင့် အသညသတ်
              မြတ်စွာဘုရားရှင် က လောကကြီးမှာ ပွင့်နေတဲ့ အချိန်၊ တရားဓမ္မတွေဟောနေပြီ၊ ဒါပေမယ့်..
           တရားနာဖို့အတွက် ကိုယ်အင်္ဂါမပြည့်မစုံဘဲ သက်တမ်းရှည်ကြာပြီး ရုပ်သာရှိ
နေတဲ့ "ဗြဟ္မာ"၊ နာမ်သာရှိတဲ့ "ဗြဟ္မာ" ဖြစ်နေလို့ရှိရင်လည်း တရားနာဖို့ အခွင့်အရေး ဆုံးရှုံးပါတယ်။
( ၅ )  ပစ္စန္တရစ် လူဖြစ်သူ
         မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့အရပ်၊ သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်ဆိုရင်လည်း တရားထူးရရှိဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေကြတာပဲ ဖြစ်ပါတယ်။
( ၆ ) မိစ္ဆာဒိဋ္ဌိ ဖြစ်သူ
          ဘုရားပွင့်တယ်၊ ဘုရားပွင့်တဲ့ ဒေသမှာပဲ လူလာဖြစ်နေတယ်။
ဘုရားက တရားဟောနေတယ်၊ ဆိုပါစို့-- မြတ်စွာဘုရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်။ အဲဒီ ပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်။
( ၇ ) အသိဉာဏ်မရှိသူ
( ၈ )ဘုရားမပွင့်တဲ့အခါ ဉာဏ်ရှိသူ
            လူ့ဘဝမှာ လူဖြစ်တယ်၊ အသိဉာဏ်လည်းရှိပါတယ်။
ဒါပေမယ့်...
            ဘုရားမပွင့်တဲ့အခါ နဲ့ ကြုံနေတယ်၊ ဒါ့ကြောင့် ဘုရားတရား မနာရတဲ့အတွက် တရားထူး တရားမြတ်ရနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ အဲဒီပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးပါတယ်။
         ဒါကြောင့် ဓမ္မမိတ်ဆွေ တို့ဟာ ဒီ ရပ်ပြစ်ရှစ်ပါး က ကင်းလွတ်နေတဲ့ သူ ဖြစ်သလားဆိုတာ ဆင်ခြင်ကြည့်တဲ့ အခါ၊နောက်တစ်ခါ လူလာဖြစ်ရင် ဒီလို အခွင့်အရေးမျိုးရရှိဖို့ ဆိုတာ အင်မတန်ခက်ပါတယ် ဆိုတဲ့ အသိကို သဘောပေါက်အောင် ဆင်ခြင်ဖို့ လိုပါတယ်။
        မဟာဗောဓိမြိုင်ဆရာတော်ကြီး ဟောသလို ပေါ့...
       ဒီခေတ်ဟာ..ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ့ ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ့ ..တဲ့။
         ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊ တလိမ့်လိမ့် တဲ့ ဆုတ်နေတာ။ များများမဟုတ်ပါဘူး၊နောက်ထပ် နှစ် နှစ်ဆယ်လောက် ဆက်နေကြည့်၊ အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ့်မယ်..တဲ့။
         တစ်ဘဝနဲ့ တင်ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော့ ကျင့်တဲ့ နည်းကလည်း သာသနာနဲ့ ကြုံမှ ၊ အထက်က ပြောသလို ပေါ့ သာသနာရှိနေတုန်း ၊ တစ်ခြားရောက်နေရင် သာသနာ နဲ့  ကိုယ် နဲ့ မဆိုင်ဖြစ်သွားပါမယ်။
သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊
နောက်တစ်ခါလူလာဖြစ်ရင် ဒီ သာသနာရှိမှာလား။နောက်တစ်ခါလူလာဖြစ် သာသနာကြုံဖို့ တော်တော်ခက်မယ်။ကြုံတယ်ပဲထား ၊ဒီသာသနာကို မိမိက ကြိုက်ဦးမှ... လို့ ဆိုပါတယ်။
           စာထဲမှာ ဘယ်လို ဆိုထားပြန်သလဲ ဆိုရင်..
         မြေဆီကအနှစ်တစ်ရာမှာတစ်လက်မတစ်လက်မလျော့တာကိုး၊ မြေဆီမှီပြီး အစာဖြစ်ရတာ၊ဘာလို့ လျော့ တုန်း၊ ဥတု ကလည်း အအေးပိုင်းက နေ အပူဘက်ကူးနေတာ၊
နောက်တစ်ခါလူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေနေရမယ့် အမေအဖေ ကလည်း ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ်သေးသေးနေမှာ။ အဲဒီထဲကို "လူ"လာဖြစ်ရတော့ မိမိတို့ ရုပ်ဓါတ် စိတ်ဓါတ်ကလည်း ခုလောက်ကို ရှိမှာမဟုတ်တော့ပါဘူး။
           ဥတု ပူရင် အာဟာရပူမှာပေါ့၊ အာဟာရ ပူရင် စားရတဲ့ ရုပ်ကလည်းကျုံလှီလာမယ်၊ စိတ်ကလည်းသေးလာမယ်။ အဲဒီတော့ ကောင်းတာလည်း ခံနိုင်စိတ်မရှိတော့ဘူး၊ ဆိုးတာလည်း ခံနိုင်စိတ်မရှိတော့ဘူး။
           တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာက ကောင်းကောင်းဆိုးဆိုး သိချင်တာ ကို တစိုက်မတ်မတ်ကြည့်ရတာလေ။ အဲဒီအချိန်ကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။
        ဒီတော့ ဥတုပူရင် အဆီဆုတ်မှာပေါ့၊
အဆီဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ့ အစာကြမ်းရင် အကြောအချဉ်တွေမာကြောလာတယ်၊ အကျိတ်အဖုတွေကြီးထွားလာတယ်၊ ဒါကြောင့်မို့  စိတ်တွေက ထန်လာတယ်။
ရုပ်ဓါတ်လည်းမခံနိုင်တော့ စိတ်ဓါတ်လည်းမခံနိုင်တော့ဘူး....ဒီလောကဓံကို။
      အဲဒီတော့ ဘယ်လို ဖြစ်ကြမလည်း ဆိုတော့..
         အကြိုက်တွေ့ လည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ၊ အမုန်းတွေလည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ။"အဘိဇ္ဈာ"ဆိုတဲ့ အလိုကြီးမှု အားကြီးလာပြီ။"ဗျာပါဒ "အားမလို အားမရစိတ် ကလည်း အားကြီးလာပြီ။
          ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။ အဲဒီတော့ ဥတုပူလို့  အစာပူတယ် ၊ အစာပူလို့ ရုပ်ပူတယ်၊ ရုပ်ပူလို့စိတ်ပူတယ်၊ စိတ်ပူတော့ ကံပူတွေ လုပ်မှာပေါ့။
ကံ နဲ့ စိတ်နဲ့ ခပ်ပူပူလုပ်တော့ ဥတုကလည်း ပိုပူမှာပေါ့။ တိုးတက်ဖို့ မြင်သေးသလား။ လူ့ ဘုံပြန်လာချင်သေးသလား။
            ဒီအတိုင်းဆက်သွားနေရင်တော့...
       နောက်တစ်ခါ လူလာဖြစ်ရင် အခုရထားတဲ့အခွင့်အရေး မျိုး ဘာမှမရှိတော့ပါဘူး။
       ဒီပတ်ဝန်းကျင်မျိုး လည်း ဘာမှမရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲဒီတော့ ဓမ္မမိတ်ဆွေတို့ ဘာလုပ်ရမလဲ.. ဆိုတာ သိမှာပါ။
         ကျင့်ပုံကျင့်နည်း နဲ့ ဘုရားဟော တရားတွေကလည်း အဆင်သင့်၊ နည်းပေးလမ်းပြ လုပ်မယ့် သံဃာတော်တွေ ကလည်း အဆင့်သင့်၊ ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။တရားအားထုတ်ဖို့ ဆိုတာ "အခုနေအချိန်ကောင်း"ဘဲ။ အရင်က တရားအားမထုတ်မိခဲ့ရင်တောင်မှ ဒီစာဖတ်ပြီး "သံဝေဂ" ရလို့ အားထုတ်မယ်ဆိုရင် အသက်ကြီးပေမယ့်.. အချိန်မီ ပါသေးတယ်။
         အားမထုတ်တာနဲ့ စာရင်..အားထုတ်တဲ့အတွက် အချိန်မီပါသေးတယ်။
           ဓမ္မမိတ်ဆွေတို့ ဘယ်တော့ ကျင့်ကြံမှာတုန်း ဆိုတာ.. ကိုယ့်ဖာသာကိုယ် ဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။
       လူ့ဘဝ ရောက်တုန်း၊သာသနာလည်း ပွင့်တုန်း၊တရားပြပေးမယ့်သူကလည်း ရှိတုန်း၊ကျန်းမာရေးကလည်း ကောင်းတုန်း၊အခွင့်အရေးကောင်း၊ ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်နေခိုက်မှာ ဝိပဿနာ အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး  မြတ်နိဗ္ဗာန်ကို ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်များ ဖြစ်ကြပါစေ လို့  ဆုတောင်းရင်း ဓမ္မဒါနပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )