Sunday, June 18, 2017

အတွေးအမြင်

လူ တစ်ဦး တစ်ယောက် ဘဝမှာ....

အခက်အခဲတစ်ခုခုကို ကြုံရတဲ့အခါမှာ
ကိုယ့်အသိဥာဏ်နဲ့ ကိုယ် စဉ်းစားပြီးတော့
"ငါဘာလုပ်ရမယ်" ဆိုတာ စဉ်းစားပြီး ဆုံးဖြတ်နိုင်တဲ့သူဟာ
သူ့စိတ်ထဲမှာ ရပ်တည်ရာတစ်ခုခု ရှိနေတယ်....

အခုခေတ်မှာ အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်နေတာ anxiety ဖြစ်ဖို့ရာအတွက် အခြေခံအကြောင်းတစ်ခု ဖြစ်တယ်။ အဓိကက ဘာလဲဆိုတော့ အပြောင်းအလဲတွေ ဖြစ်နေတာဟာ များလွန်းအားကြီးတယ်၊ ကြီးကျယ်လွန်း အားကြီးတယ်။ အဲဒီအပြောင်းအလဲကို လက်ခံပြီး အပြောင်းအလဲအပေါ်မှာ အခြေခံပြီးတော့ ကိုယ့်ဘ၀ကိုကိုယ် အဆင်ပြေအောင် ပြန်ပြီးတော့ ပုံအသစ်ဖမ်းဖို့ မတတ်နိုင်တော့ဘူး။ အပြောင်းအလဲကို ခံနိုင်ရည် မရှိဘူးဆိုပါတော့...

ရှေးခေတ်ကလည်း အပြောင်းအလဲတွေ ဖြစ်ခဲ့တာပါပဲ။ ရှေးတုန်းကလည်း အပြောင်းအလဲဆိုတာ ရှိတာပဲ။ ဒါပေမယ့် ဟိုတုန်းက အပြောင်းအလဲက ဖြည်းဖြည်း ဖြည်းဖြည်းချင်း ပြောင်းလဲတာ။  အပြောင်းအလဲကို နားလည်အောင် ကြိုးစားပြီးတော့ အလိုက်သင့်လေး ပြင်လို့ရသေးတယ်။ ကိုယ့်ရဲ့ အတွေးအခေါ် အယူအဆ၊ လုပ်ပုံကိုင်ပုံ၊ လုပ်ရည်ကိုင်ရည်နဲ့ ကိုယ့်သဘောထားတွေကို တဖြည်းဖြည်းချင်း ညှိယူသွားလို့ရတယ်၊ ပြင်သွားလို့ရတယ်။ အခုခေတ်မှာ အပြောင်းအလဲက တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတော့ ဒီအပြောင်းအလဲတစ်ခုကို ညှိယူဖို့ ကြိုးစားနေတုန်းမှာ နောက်အပြောင်းအလဲတစ်ခုက ဖြစ်နေပြီ။ အဲဒီတော့ ငါတတ်နိုင်မှာ မဟုတ်ဘူးထင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းသွားတဲ့စိတ် ဖြစ်နေတယ်။ "နောက်ထပ် ဘာတွေဖြစ်လာအုံးမလဲ မသိဘူး၊ ဘာတတ်နိုင်တော့မလဲ၊ ဘာမှ မတတ်နိုင်တော့ဘူး"လို့ တွေးတတ်တယ်။

အပြောင်းအလဲတွေ ဖြစ်သွားတဲ့အခါမှာ နားလည်ပြီးတော့ ငါတတ်နိုင်ပါတယ်ဆိုတဲ့ ယုံကြည်မှု ရှိနေတယ်၊ တကယ်လည်း တတ်နိုင်တယ်ဆိုရင် ဒီလောက်ကြီးမားတဲ့သောက မဖြစ်ဘူး...

အဲသလို အပြောင်းအလဲတွေကို ဆက်တိုက်ကြုံတွေ့နေရတဲ့ အခါမှာ ကိုယ်က ခံနိုင်ရည်မရှိတော့ဘူးဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ရော စိတ်ရောဟာ အဲဒီသောကကြောင့် ရောဂါတစ်ခုခုဖြစ်မယ်။ အခုခေတ်မှာ ရောဂါဖြစ်နေကြတာ တော်တော်များများက ဘာကြောင့်မှန်းမသိပဲ စိတ်မအေးတာကြောင့်ပဲ။ (ခန္ဓာကိုယ်ရောဂါ လည်းပါသလို စိတ်ရောဂါလည်းပါတယ်)။

နောက်တစ်ချက်ကလည်း-

ကိုယ်က ဘယ်လို role မျိုးကို ယူရမလဲဆိုတာ မသိတော့တာကြောင့်လည်းပါတယ်။ လူ့လောက လူ့အသိုင်းအ၀ိုင်းမှာ ငါဘယ်လိုနေရာ၊ ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုအလုပ်မျိုး ဘယ်လိုတာဝန်မျိုးကို ယူမလဲ၊ ရပ်တည်ရမလဲဆိုတာ ပြတ်ပြတ်သားသားမသိဘူး။ role ပျောက်သလို ဖြစ်နေတယ်။ သူ့နေရာ ပျောက်သလိုဖြစ်နေတယ်။

တစ်ခုခုကို လုပ်တဲ့အခါမှာ ဘယ်လိုသဘောထား။ ဘယ်လိုခံယူချက်၊ ဘယ်လိုယုံကြည်ချက်မျိုးအပေါ်မှာ ရပ်တည်ပြီး လုပ်ရမလဲဆိုတာ မသိဘူး။ ကိုယ့်ခံယူချက် မရေရာတာ၊ ယုံကြည်ချက် မရေရာတာ၊ ကိုယ့်ရဲ့ရပ်တည်ရာ မရေရာတာဟာ ကြီးမားတဲ့ ပြဿနာပဲ...

သောကဟာ ဘယ်ပေါ်မှာ အခြေခံသလဲဆိုတော့ စိတ်ရှုပ်ထွေးနေတာ၊ မဆုံးဖြတ်နိုင်တာ၊ မကြံတတ် မစည်တတ် ဖြစ်နေတာမှာ အခြေခံတယ်။ ငါတို့ ဘယ်ကိုသွားနေတာလဲ။ သွားတော့ သွားနေတယ်၊ ဘယ်ကိုသွားနေမှန်းမသိဘူး။ ဘယ်ကို ရောက်နေတယ်ဆိုတာ မသိဘူး။ ဒါပေမယ့် သွားတော့သွားနေတယ်။ လမ်းဆိုတာထက် လမ်းပျောက်နေတာက ပိုဆိုးတယ်..

အခက်အခဲတစ်ခုခု ရှိတဲ့အခါမှာ ဘာကြောင့်ဆိုတာ သိရရင်၊ ဘာကိုလုပ်ရမယ်ဆိုတာ မှန်မှန်ကန်ကန် တိတိကျကျ သိပြီးတော့ လုပ်နေရင် စိတ်ထဲမှာ နည်းနည်းသောကရှိနေပေမယ့် မရေရာတဲ့ ကြောက်နေတဲ့စိတ် မဖြစ်ဘူး။ တိတိကျကျ သိပြီးတော့ ဘာကြောင့် ဘယ်လိုဖြစ်တာ-- အဲဒါကြောင့် ဘာလုပ်သင့်တယ်လို့ သိပြီးတော့ လုပ်နေတဲ့လူဟာ စိတ်ကိုရော၊ ခန္ဓာကိုယ်ကိုရော ထိခိုက်သွားလောက်အောင် anxiety မဖြစ်ဘူး။ 

ဘာကို ပူပန်နေမှန်းမသိတဲ့ သောက၊ မရေရာတဲ့ သောက,က စိတ်ကိုရော ခန္ဓာကိုယ်ကိုပါ အများဆုံးထိခိုက်စေတဲ့ သောကမျိုးဖြစ်တယ်။ အမှတ်တမဲ့ တွေးမယ်ဆိုရင်တော့ မရေရာတဲ့သောက,က အရေးမကြီးဘူးလို့ ထင်မယ်။ တကယ်တော့ ဘာကြောင့်ပူမှန်းမသိ၊ ဘာကိုပူမှန်းမသိ၊ ဘာကိုကြောက်မှန်းမသိပဲ ကြောက်နေတာ၊ ဘာကိုစိုးရိမ်မှန်းမသိပဲနဲ့ စိုးရိမ်နေတာ၊ အဲဒါကို ပိုဆိုးတယ်။ ဒုက္ခပိုပြီးတော့ ပေးနိုင်တယ်။..

အခက်အခဲတစ်ခုခုကို ကြုံရတဲ့အခါမှာ ကိုယ့်အသိဥာဏ်နဲ့ ကိုယ် စဉ်းစားပြီးတော့ "ငါဘာလုပ်ရမယ်" ဆိုတာ စဉ်းစာပြီး ဆုံးဖြတ်နိင်တဲ့သူဟာ သူ့စိတ်ထဲမှာ ရပ်တည်ရာတစ်ခုခု ရှိနေတယ်။ ဘာလုပ်၇မယ်ဆို လုံးဝမသိတော့တဲ့အခါမျိုးမှာ သူ့မှာ ငါဆိုတာတောင် ပျောက်သွားပြီ။ ဘာကိုမှ မဆုံးဖြတ်နိုင်တဲ့သူဟာ'I am'လို့ မပြောနိုင်ဘူး။ သူ့ရဲ့ရပ်တည်ရာက မရှိတော့ဘူး။ သူ့မှာ ဘာသတ္တိမှ မရှိတော့ဘူး။ ဒီအဓိပ္ပာယ်ကိုတော့ ဖြည်းဖြည်း ဖြည်းဖြည်းစဉ်းစားပြီး ပြောမယ်။

အကြောက်လွန်နေတဲ့သူဟာ သူ့စိတ်ထဲမှာ အားကိုးရာမဲ့တဲ့ အတွက်ကြောင့်၊ သောကဟာ အပြင်းထန်ဆုံး အခြေအနေကိုရောက်သွားမယ်ဆိုရင် အဲဒါ လူတွေမှာ ကြုံတွေ့ရတဲ့ ဒုက္ခထဲမှာအဆိုးဆုံး အကြီးမားဆုံး ဒုက္ခလို့ ပြောလို့ရတယ်။ အကြောက်လွန်နေတာဟာ အကြီးမားဆုံး ဒုက္ခဖြစ်တယ်။

ရိုးရိုးအခက်အခဲရှိလို့ ပင်ပင်ပန်းပန်း လုပ်ရကိုင်ရတဲ့ ဒုက္ခက အဲဒီလောက် မကြီးဘူး။ ဘာမှ မလုပ်တတ်တော့ပဲ စိုးရိမ်နေရတဲ့ ဒုက္ခက ပိုကြီးပါတယ်..

လေးစားလျက်...Dar Li