Sunday, June 18, 2017
ဆယ်လ်မွန်ငါးတို့ အပြန်
ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်... မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်..
ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။
ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ.....
အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။
တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်...ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေဥပ်ါချလိုက်တယ်.. အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ၎င်းရဲ့ ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်..အထီးဖြစ်သူကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်..။
အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ (၃)လမှာ ဥမှထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီးရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ် အနီးနားမှာပြန့်ကြဲနေပါပြီ။ ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ တွားသွားပြီး အစာအဖြစ် မိခင်ရုပ်ကြွင်းအသားမျှင်လေးများကို စားကြရပါတယ်။
အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေအောက်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာသေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက်အပြင် တခြားသောဆယ်လ်မွန်ငါးတွေအတွက် အစာအဖြစ်ပေးဆပ်ပါတယ်။
ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ။
ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက်ပေးဆပ်ဖို့ ပညာပေးကြပါတယ်။
.
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်...ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ်တဲ့...
ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ...ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ...
တကယ်ဆိုဆယ်လ်မွန်ငါး တွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ...
ဘယ်နေရာပဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို မေ့မသွားဘူးလေ...ရောက်အောင်ပြန်ကြတယ်...
ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ...
မြစ်ချောင်းတွေဟာ အမြင့်မှာ...ပင်လယ်က ဟိုးအနိမ့်ဆုံးမှာ...
အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံးနေရာဆီကို ဆန်တက်ကူးခတ်ပြီး
 ပြန်ကြရတာလေ...
သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက 
အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်...ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ အများအပြား...
ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်...ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်...အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ...
ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်...ဆည်တွေဖို့လိုက်တာမျိုး...မြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့...အဲ့လိုနေရာတွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး...
ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့...ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...
အိမ်ပြန်ရတာ အဲ့သလောက်ပဲ ခက်ခဲသလား...
အိမ်အပြန်လမ်းဟာ အဲ့သလောက်ပဲ ကြမ်းတမ်းသလား...
အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား...
အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တစ်ပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား...
အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့...။
ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး မိမိတို့မျိုးဆက်
အတွက် ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။
Credit to>>>;Ko Pyi Soe
မရပ်နဲ့ ... ဆက်လျှောက် !
.....ကမ္ဘာမှာ Nokia ကျရှုံးသွားတာ 
လူတိုင်းသိပြီးသား ဖြစ်မှာပါ။
....သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့ 
စကားလေးက သိပ်ကောင်းတယ် ။
....တွေးစရာ ကောင်းတယ် ။
We did't do anything wrong ,
but somehow we fall. 
"ငါတို့ အမှားမလုပ်ခဲ့ဘူး
 ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်" ။
#Rajeev Suri (CEO Nokia) 
....တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့
ဘာအမှားမှ မလုပ်ဘူး ....။
....ကိုယ့် Skill တွေလည်း မလျော့သွားဘူး ။
....ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ 
ယနေ့ခေတ်ကြီးမှာ ....,
" အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို
Nokia  က သက်သေပြလိုက်တာပဲ 
အသစ်အဆန်းတွေ့ ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့ 
ကိုယ့် Skill ကို ဒိထက်တိုးအောင် လုပ်ဖို့
လိုလာပါပြီ ။
....ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ အောင်မြင်မှု
မှတ်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင်
ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပြီး နင်းနေရမှာပဲ ။
 ....မနင်းပဲ ဆက်မလေ့လာတော့ဘဲ ကိုယ့် Skill 
တိုးလာအောင် ဆက်မလုပ်တော့ရင်တော့ စက်ဘီး
မှောက်သွားမှာပေါ့ ။
.....ဒါကြောင့်ဘဝမှာ အပြောင်းအလဲတွေက ရှိနေ
ကြုံနေရမှာပါပဲ ။
.....ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့
ကိုယ့်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။
That's why , want to be apro in one realm,
 we need to try to improve our skill
as well as not to stop our Learning .
....နယ်ပယ်တစ်ခုမှာ Pro တစ်ယောက်
ဆရာတစ်ဆူလိုဖြစ်ချင်ရင်တော့ သင်ယူခြင်းကို 
မရပ်ပစ်ဖို့ လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်း
တိုးအောင် ကြိုးစားဖို့ လိုပါတယ်။
#Credit
မန္တလေးစာကြည့်တိုက် ဇော်ဇော် Page
အဖေ
အဖေ
****
အဖေဆိုတာ
ပုခတ်လွဲတဲ့ လက်မဟုတ်ခဲ့ပါဘူး
ဒါပေမယ့် လွှဲဖို့ ပုခတ်ဆင်ပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို့  အနားမှာနေ အချိန်ပြည့်ဂရုမစိုက်ပေး
 နိုင်ခဲ့ပေမယ့် အမေ့ရဲ့ဂရုစိုက်မှုကို အချိန်ပြည့်ရအောင်
ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို သားသ္မီးအပေါ် ကြင်နာမှုကို အပြင်ထုတ်ပြီးမချစ်ပြခဲ့ပေမယ့် အမေတစ်ယောက်ထက် မလျော့တဲ့အကြင်နာမေတ္တာတာတွေ ရင်ထဲမှာ အပြည့်ရှိနေခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို ဖိုးလမင်းဆီက ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ တောင်းမကျွေးခဲ့ပေမယ့် သားသ္မီးကိုကျောအပေါ်တင် ဆင်ကြီးတစ်ကောင် မြင်းတစ်ကောင် ဖြစ်ပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို ဝတ်ချင်တာကို ကိုယ်တိုင်မဆင်ပေးခဲ့ပေမယ့်ဝတ်ချင်တာကိုဆင်ပေးနိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို စားချင်တာကိုချက်ပြုတ်မကျွေးခဲ့ပေမယ့်
စားချင်တာကိုချက်ပြုတ်ကျွေးနိုင်အောင် ရှာဖွေပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို ဝမ်းနဲ့ လွယ်မမွေးခဲ့ပေမယ့် ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ အမေနဲ့  သားသ္မီးတွေအတွက် ပူပင်သောကမရှိရအောင်စောင့်ရှောက်ကာကွယ်ပေးနေခဲ့တဲ့သူ၊ မိသားစုတစ်ခုရဲ့ သူရဲကောင်း အဖြည့်ခံမေတ္တာသမားကြီးတစ်ယောက်ဟာ ( အဖေ )ပါပဲ...။
Credit; အညတြ
_______________________________________________
ဖေဖေ့ကိုလည်း  ချစ်ကြပါ
================
ဝမ်းနဲ့မလွယ်ခဲ့ရပေမယ့်  ဝမ်းရေးအတွက်
နေပူကျဲကျဲမှာ ရုန်းကန်ခဲ့ရသူပါ …
နို့ချိုမတိုက်ခဲ့ရပေမယ့်  ထမင်းစေ့လေးတွေ
ဖန်တီးပေးခဲ့သူပါ …
မေမေ့ပါးကို နမ်းတဲ့အချိန်
ဖေဖေ့ပါးကြမ်းကြမ်းမှာ အနမ်းဝေးနေဆဲပါ …
မေမေ့လို  ပုံပြင်မဟြေပြပေမယ့်
ဘဝပုံပြင်တွေကို  လက်တွေ့ချပြသူပါ …
မေမေ  သီချင်းသံတွေကြားမှာ
ဖေဖေ့အတွက် သီချင်းတစ်ပုဒ်စပ်ပေးသူမရှိ …
ရေချိုးပေးတဲ့ မေမေ့ကိုချစ်သလို
ရေခပ်ပေးတဲ့ ဖေဖေ့ကိုမမေ့ပါနဲ့ …
မေမေ့မေတ္တာ  ကြီးမားသလို
ဖေဖေ့မေတ္တာလည်း နက်ရှိုင်းလှပါတယ် …
မေမေ့ကို  ချစ်သလိုမျိုး
ဖေဖေ့ကိုလည်း ချစ်ပေးပါကွယ် …
သားနဲ့သမီးအတွက်ဆို  မေမေက
မိုးကောင်းကင်ကြီးဖြစ်သလို …
ဖေဖေကလည်း  သားနဲ့သမီးရဲ့ဘဝအတွက်
ကမ္ဘာမြေကြီးတစ်ခုပါကွယ် …
မေမေ့နို့ဖိုးဟာ  ဆပ်မကုန်သလို
ဖေဖေ့ချွှေးဖိုးဟာလည်း ဆပ်မကုန်ပါဘူး
ဖေဖေ့ကိုလည်း  ချစ်ပေးကြပါ …
မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည် ×××
  Credit                           အမှောင် ထဲက လူသား
____________________________________________________
အဖေ ဆိုတာ
မချစ်သလိုလိုနဲ့ သားသမီးအိပ်နေရင်
ထွေးပွေ့ရင်း ရှိုက်နမ်းတတ်တာ ' အဖေ' 
မကြင်သလိုလိုနဲ့ နေမကောင်းဖြစ်တဲ့အခါ၊
မိုးလင်းပေါက် ပြု စုတတ်တာ' အဖေ' 
တွန့်တိုတတ်သလိုနဲ့ သားသမီးစားဖို့
ကောင်းနိုးရာရာ ကျွေးမွေးခဲ့တာ ' အဖေ '
မခင်တွယ်သလိုနဲ့ သားသမီးခွဲထွက်သွားတော့
တမ်းတရင်း လွမ်းတတ်တာ 'အဖေ'
ခံစားချက်မဲ့သလိုနဲ့ သားသမီးဒုက္ခဖြစ်တော့
ခိုးခိုးပြီး မျက်ရည်ကျတာ  'အဖေ' ....။
အမေအတွက် အမေ့နို့ဖိုးရှိသလို
အဖေမှာလဲ အဖေ့ချွေးဖိုးဆိုတာရှိတယ်။
ဦးအော်မီ
_______________________________________________
အဖေ့မေတ္တာ
==========
* အဖေကဆူ အမေကချော့
အဲဒီတော့ အမေကိုချစ်တာပေါ့…
( အဖေဆူတဲ့ဒေါသသံဟာ ငါ့သားလေးတစ်နေ့ရင့်ကျက်ဖို့ပါ )
* အဖေကရိုက် အမေကအလိုလိုက်
အဲဒီတော့ အဖေ့စရိုက်ကကြမ်းတယ်ပေါ့…
( အဖေရိုက်တဲ့လက်ဖဝါးတွေမှာ နာကျင်စေမှုတွေမပါဘူး)
( မေတ္တာတွေ ဂရုဏာတွေပါသားရယ် )
* အဖေမပေးနိုင်တဲ့ မေတ္တာ
အဖေမပေးနိုင်တဲ့ နွေးထွေးမှု
အဖေမပေးနိုင်တဲ့ ဖြည့်ဆည်းမှုတွေ
`အမေ´ပေးတယ်လေ။
( အဲဒီမှာတင် အဖေ့မေတ္တာကရှုံးနေပါပြီ )
( ပြုံးနေတဲ့သားမျက်နှာကို အဖေတဝကြီးခိုးကြည့်ဖူးတယ် )
( ဒါကို သားလေးမသိလိုက်ဘူး )
* သားစီးနေတဲ့ ကား ဆိုင်ကယ်
သားဝတ်နေတဲ့ အဝတ်အထည်
သားရေးနေတဲ့ ဘောပင်ထဲက မှင်ရည်တွေဟာ
အဖေ့ချွေးစက်တွေဆိုတာ သားမြင်တတဲ့တစ်နေ့
တကယ်လို့များ သားရဲ့ရှေ့မှာအဖေမရှိတော့ရင်တောင်…
( ခွင့်လွှတ်ပါ အဖေ လို့မတောင်းပန်နဲ့ငါ့သား )
( အဖေဆိုတဲ့နာမည်ရခဲ့တဲ့နေ့ကနေ ဒီနေ့ထိခွင့်လွှတ်ပြီးသား )
( အဲဒါ အဖေတိုင်းရဲ့ ချစ်ခြင်းမေတ္တာတရားပဲ )
( သားမမြင်ခဲ့တဲ့ အဖေ့မေတ္တာတရားပေါ့ )
{{{{ ကဗျာမကျ ကာရံမလှပေမယ့် အဖေ့မေတ္တာဘွဲ့လေးရင်ထဲကသီကုံးဖွဲ့ခြင်းပါ}}}
ဖတ်ပေးတဲ့ fri အားလုံးကိုကျေးဇူးတင်လျှက်…
====================================
❆ အဖေဆိုတာ❆
========== 
- အဖေဆိုတာ နုတ်က ခပ်ကြမ်းကြမ်း ပြောချင် ပြောလိမ့်မယ် 
ဒါပေမယ့် ရင်ထဲက သားသမီး အပေါ် ချစ်တဲ့စိတ်က 
နူးညံ့ သိမ်မွေ့လှပါတယ်။
- အဖေဆိုတာ ငွေကြေး အများကြီး ရှာနိုင်ချင်မှ ရှာနိုင်လိမ့်မယ် 
ဒါပေမယ့် သူရှာကြွေးတဲ့ ငွေကြေးနဲ့ မိသားစု ကို
ထမင်း နပ်မှန်အောင် ကျွေးမယ့်လူမျိုးပါ။
- အဖေဆိုတာ ပညာတတ်ချင်မှ တတ်လိမ့်မယ် 
ဒါပေမယ့် မွေးလာတဲ့ သားသမီးတွေကိုတော့ 
ပညာတတ်ကြီး ဖြစ်စေချင်တယ်။
- အဖေဆိုတာ အသောက်အစား ရှိချင် ရှိလိမ့်မယ် 
ဒါပေမယ့် သားသမီးတွေကိုတော့ လိမ္မာစေချင်တယ်။
အဖေတွေဟာ တစ်ခါတစ်ရံမှာ ရင်ထဲမှာ 
ရှိတာတွေကို ထုတ်ပြီး ဟန်လုပ်ကာ မပြောတတ်ဘူး။ 
နာကျင်စရာ ရှိရင်လည်း မျိုသိပ်ပြီးတော့ နာကျင်လိုက်တယ်၊ 
ပျော်စရာရှိရင် ရင်ထဲကပဲ ပျော်နေလိုက်တယ်။ 
သားသမီးတွေကို အမြဲတမ်း ဝမ်းမနည်းစေချင်ဘူး မပူဆွေးစေချင်ဘူး။ 
အစစ အရာရာ အဖေတို့ အနစ်နာ ခံခဲ့ပါတယ်။
မိဘကိုလုပ်ကျွေးရန် အခွင့်အရေး (၅) ပါး
၁။ မိဘကို ကျွေးမွေး ပြုစုရန် မိမိမှာ ဖြူစင်သော စေတနာရှိခြင်း။
၂။ မိမိမှာကျွေးမွေးနိုင်သော အင်အားရှိခြင်း။
၃။ ကိုယ့်ကို မိဘက အားကိုးခြင်း။
၎။ မိဘများ အသက်ရှင်လျှက်ရှိခြင်း။
၅။ မိဘများ ကျန်းမာသာယာစွာရှိခြင်း။
`အမိအဖကို လုပ်ကျွေးပြုစုခြင်း၏ ယခုဘဝနှင့် နောင်ဘဝအကျိုး`
 ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော် အပ်ကုန်၏၊ ထို အမျိုးတို့သည် ”ဗြဟ္မာ”နှင့်တကွ နေသည် မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် ”လက်ဦး ဆရာ” နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိ့အဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ” နှင့်တကွ နေသည်မည်ကုန်၏။
ရဟန်းတို့ ဗြဟ္မာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ လက်ဦးဆရာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူထိုက်သူဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ မည်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။ ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များစွာ ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ညွှန်ပြတတ်ကုန်၏ဟု (မိန့်တော်မူ၏)။
အမိအဖတို့ကို သားသမီးတို့၏ ”ဗြဟ္မာ”ဟူ၍လည်းကောင်း၊ ”လက်ဦးဆရာ”ဟူ၍လည်းကောင်း၊ သားသမီးတို့၏ ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ”ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏၊ (အမိ အဖတို့သည်) သားသမီးတို့အား အစဉ်သနားတတ်ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသော သားသမီးတို့သည် ထို အမိအဖတို့ကို ကိုင်းညွတ် ရှိခိုးရာ၏၊ ထမင်း ဟင်းဖြင့်လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့်လည်းကောင်း အဝတ်အရုံဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ အမွှေးနံ့သာ လိမ်း ကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေတို့ကို ဆေးကြောပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုစုလုပ်ကျွေးရာ၏၊
အမိအဖတို့၌ ထိုသို့ လုပ်ကျွေးခြင်းကြောင့် ထို သားသမီးကို မျက်မှောက်ဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝသို့ ရောက်သော် နတ်ပြည်၌ မွေ့လျော်ရ၏။
ပဌမသုတ်။
အတွေးအမြင်
လူ တစ်ဦး တစ်ယောက် ဘဝမှာ....
အခက်အခဲတစ်ခုခုကို ကြုံရတဲ့အခါမှာ
ကိုယ့်အသိဥာဏ်နဲ့ ကိုယ် စဉ်းစားပြီးတော့
"ငါဘာလုပ်ရမယ်" ဆိုတာ စဉ်းစားပြီး ဆုံးဖြတ်နိုင်တဲ့သူဟာ
သူ့စိတ်ထဲမှာ ရပ်တည်ရာတစ်ခုခု ရှိနေတယ်....
အခုခေတ်မှာ အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်နေတာ anxiety ဖြစ်ဖို့ရာအတွက် အခြေခံအကြောင်းတစ်ခု ဖြစ်တယ်။ အဓိကက ဘာလဲဆိုတော့ အပြောင်းအလဲတွေ ဖြစ်နေတာဟာ များလွန်းအားကြီးတယ်၊ ကြီးကျယ်လွန်း အားကြီးတယ်။ အဲဒီအပြောင်းအလဲကို လက်ခံပြီး အပြောင်းအလဲအပေါ်မှာ အခြေခံပြီးတော့ ကိုယ့်ဘ၀ကိုကိုယ် အဆင်ပြေအောင် ပြန်ပြီးတော့ ပုံအသစ်ဖမ်းဖို့ မတတ်နိုင်တော့ဘူး။ အပြောင်းအလဲကို ခံနိုင်ရည် မရှိဘူးဆိုပါတော့...
ရှေးခေတ်ကလည်း အပြောင်းအလဲတွေ ဖြစ်ခဲ့တာပါပဲ။ ရှေးတုန်းကလည်း အပြောင်းအလဲဆိုတာ ရှိတာပဲ။ ဒါပေမယ့် ဟိုတုန်းက အပြောင်းအလဲက ဖြည်းဖြည်း ဖြည်းဖြည်းချင်း ပြောင်းလဲတာ။  အပြောင်းအလဲကို နားလည်အောင် ကြိုးစားပြီးတော့ အလိုက်သင့်လေး ပြင်လို့ရသေးတယ်။ ကိုယ့်ရဲ့ အတွေးအခေါ် အယူအဆ၊ လုပ်ပုံကိုင်ပုံ၊ လုပ်ရည်ကိုင်ရည်နဲ့ ကိုယ့်သဘောထားတွေကို တဖြည်းဖြည်းချင်း ညှိယူသွားလို့ရတယ်၊ ပြင်သွားလို့ရတယ်။ အခုခေတ်မှာ အပြောင်းအလဲက တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတော့ ဒီအပြောင်းအလဲတစ်ခုကို ညှိယူဖို့ ကြိုးစားနေတုန်းမှာ နောက်အပြောင်းအလဲတစ်ခုက ဖြစ်နေပြီ။ အဲဒီတော့ ငါတတ်နိုင်မှာ မဟုတ်ဘူးထင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းသွားတဲ့စိတ် ဖြစ်နေတယ်။ "နောက်ထပ် ဘာတွေဖြစ်လာအုံးမလဲ မသိဘူး၊ ဘာတတ်နိုင်တော့မလဲ၊ ဘာမှ မတတ်နိုင်တော့ဘူး"လို့ တွေးတတ်တယ်။
အပြောင်းအလဲတွေ ဖြစ်သွားတဲ့အခါမှာ နားလည်ပြီးတော့ ငါတတ်နိုင်ပါတယ်ဆိုတဲ့ ယုံကြည်မှု ရှိနေတယ်၊ တကယ်လည်း တတ်နိုင်တယ်ဆိုရင် ဒီလောက်ကြီးမားတဲ့သောက မဖြစ်ဘူး...
အဲသလို အပြောင်းအလဲတွေကို ဆက်တိုက်ကြုံတွေ့နေရတဲ့ အခါမှာ ကိုယ်က ခံနိုင်ရည်မရှိတော့ဘူးဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ရော စိတ်ရောဟာ အဲဒီသောကကြောင့် ရောဂါတစ်ခုခုဖြစ်မယ်။ အခုခေတ်မှာ ရောဂါဖြစ်နေကြတာ တော်တော်များများက ဘာကြောင့်မှန်းမသိပဲ စိတ်မအေးတာကြောင့်ပဲ။ (ခန္ဓာကိုယ်ရောဂါ လည်းပါသလို စိတ်ရောဂါလည်းပါတယ်)။
နောက်တစ်ချက်ကလည်း-
ကိုယ်က ဘယ်လို role မျိုးကို ယူရမလဲဆိုတာ မသိတော့တာကြောင့်လည်းပါတယ်။ လူ့လောက လူ့အသိုင်းအ၀ိုင်းမှာ ငါဘယ်လိုနေရာ၊ ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုအလုပ်မျိုး ဘယ်လိုတာဝန်မျိုးကို ယူမလဲ၊ ရပ်တည်ရမလဲဆိုတာ ပြတ်ပြတ်သားသားမသိဘူး။ role ပျောက်သလို ဖြစ်နေတယ်။ သူ့နေရာ ပျောက်သလိုဖြစ်နေတယ်။
တစ်ခုခုကို လုပ်တဲ့အခါမှာ ဘယ်လိုသဘောထား။ ဘယ်လိုခံယူချက်၊ ဘယ်လိုယုံကြည်ချက်မျိုးအပေါ်မှာ ရပ်တည်ပြီး လုပ်ရမလဲဆိုတာ မသိဘူး။ ကိုယ့်ခံယူချက် မရေရာတာ၊ ယုံကြည်ချက် မရေရာတာ၊ ကိုယ့်ရဲ့ရပ်တည်ရာ မရေရာတာဟာ ကြီးမားတဲ့ ပြဿနာပဲ...
သောကဟာ ဘယ်ပေါ်မှာ အခြေခံသလဲဆိုတော့ စိတ်ရှုပ်ထွေးနေတာ၊ မဆုံးဖြတ်နိုင်တာ၊ မကြံတတ် မစည်တတ် ဖြစ်နေတာမှာ အခြေခံတယ်။ ငါတို့ ဘယ်ကိုသွားနေတာလဲ။ သွားတော့ သွားနေတယ်၊ ဘယ်ကိုသွားနေမှန်းမသိဘူး။ ဘယ်ကို ရောက်နေတယ်ဆိုတာ မသိဘူး။ ဒါပေမယ့် သွားတော့သွားနေတယ်။ လမ်းဆိုတာထက် လမ်းပျောက်နေတာက ပိုဆိုးတယ်..
အခက်အခဲတစ်ခုခု ရှိတဲ့အခါမှာ ဘာကြောင့်ဆိုတာ သိရရင်၊ ဘာကိုလုပ်ရမယ်ဆိုတာ မှန်မှန်ကန်ကန် တိတိကျကျ သိပြီးတော့ လုပ်နေရင် စိတ်ထဲမှာ နည်းနည်းသောကရှိနေပေမယ့် မရေရာတဲ့ ကြောက်နေတဲ့စိတ် မဖြစ်ဘူး။ တိတိကျကျ သိပြီးတော့ ဘာကြောင့် ဘယ်လိုဖြစ်တာ-- အဲဒါကြောင့် ဘာလုပ်သင့်တယ်လို့ သိပြီးတော့ လုပ်နေတဲ့လူဟာ စိတ်ကိုရော၊ ခန္ဓာကိုယ်ကိုရော ထိခိုက်သွားလောက်အောင် anxiety မဖြစ်ဘူး။ 
ဘာကို ပူပန်နေမှန်းမသိတဲ့ သောက၊ မရေရာတဲ့ သောက,က စိတ်ကိုရော ခန္ဓာကိုယ်ကိုပါ အများဆုံးထိခိုက်စေတဲ့ သောကမျိုးဖြစ်တယ်။ အမှတ်တမဲ့ တွေးမယ်ဆိုရင်တော့ မရေရာတဲ့သောက,က အရေးမကြီးဘူးလို့ ထင်မယ်။ တကယ်တော့ ဘာကြောင့်ပူမှန်းမသိ၊ ဘာကိုပူမှန်းမသိ၊ ဘာကိုကြောက်မှန်းမသိပဲ ကြောက်နေတာ၊ ဘာကိုစိုးရိမ်မှန်းမသိပဲနဲ့ စိုးရိမ်နေတာ၊ အဲဒါကို ပိုဆိုးတယ်။ ဒုက္ခပိုပြီးတော့ ပေးနိုင်တယ်။..
အခက်အခဲတစ်ခုခုကို ကြုံရတဲ့အခါမှာ ကိုယ့်အသိဥာဏ်နဲ့ ကိုယ် စဉ်းစားပြီးတော့ "ငါဘာလုပ်ရမယ်" ဆိုတာ စဉ်းစာပြီး ဆုံးဖြတ်နိင်တဲ့သူဟာ သူ့စိတ်ထဲမှာ ရပ်တည်ရာတစ်ခုခု ရှိနေတယ်။ ဘာလုပ်၇မယ်ဆို လုံးဝမသိတော့တဲ့အခါမျိုးမှာ သူ့မှာ ငါဆိုတာတောင် ပျောက်သွားပြီ။ ဘာကိုမှ မဆုံးဖြတ်နိုင်တဲ့သူဟာ'I am'လို့ မပြောနိုင်ဘူး။ သူ့ရဲ့ရပ်တည်ရာက မရှိတော့ဘူး။ သူ့မှာ ဘာသတ္တိမှ မရှိတော့ဘူး။ ဒီအဓိပ္ပာယ်ကိုတော့ ဖြည်းဖြည်း ဖြည်းဖြည်းစဉ်းစားပြီး ပြောမယ်။
အကြောက်လွန်နေတဲ့သူဟာ သူ့စိတ်ထဲမှာ အားကိုးရာမဲ့တဲ့ အတွက်ကြောင့်၊ သောကဟာ အပြင်းထန်ဆုံး အခြေအနေကိုရောက်သွားမယ်ဆိုရင် အဲဒါ လူတွေမှာ ကြုံတွေ့ရတဲ့ ဒုက္ခထဲမှာအဆိုးဆုံး အကြီးမားဆုံး ဒုက္ခလို့ ပြောလို့ရတယ်။ အကြောက်လွန်နေတာဟာ အကြီးမားဆုံး ဒုက္ခဖြစ်တယ်။
ရိုးရိုးအခက်အခဲရှိလို့ ပင်ပင်ပန်းပန်း လုပ်ရကိုင်ရတဲ့ ဒုက္ခက အဲဒီလောက် မကြီးဘူး။ ဘာမှ မလုပ်တတ်တော့ပဲ စိုးရိမ်နေရတဲ့ ဒုက္ခက ပိုကြီးပါတယ်..
လေးစားလျက်...Dar Li
စာမဖတ်ကြသော မြန်မာများ
အနောက်နိုင်ငံတွေက
Facebook ကို တီထွင်ပေးလိုက်တယ်
ဖုန်းဆိုတာကို တီထွင်ပေးလိုက်တယ်…
ဒါပေမဲ့ သူတို့ဆီမှာ ဒီနေ့အထိ
စာအုပ်ဆိုင်တွေ ရောင်းကောင်းတုန်းပဲ
စာအုပ်စာပေကို ဖတ်ကောင်းတုန်းပဲ
စာအုပ်တိုက်တွေ အလုပ်ဖြစ်တုန်းပဲ
စာရေးဆရာတွေ အောင်မြင်တုန်းပဲ…
မြန်မာနိုင်ငံမှာတော့
စာအုပ်ဆိုင်ဆိုတာ…
အငြိမ်းစားနဲ့ နိုင်ငံခြားသားတွေပဲ လာကြတယ်၊
စာကြည့်တိုက်ဆိုတာ…
သရဲခြောက်မှာတောင် ကြောက်ရတယ်၊
ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးတွေ
ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တယ်။
အလုပ်မဖြစ်တော့
အလုပ်ဖြစ်တဲ့ စီးပွားပြောင်းရတယ်။
အခု အများဆုံး ဆိုင်တွေဟာ
ဟန်းဆက်နဲ့ ဟန်းဆက်ပြုပြင်ရေးဆိုင်တွေပဲ။
စာပေထုတ်ဝေရေးတွေ တွက်ခြေမကိုက်လို့
ပိတ်သိမ်းကုန်ကြတယ်။
စာရေးဆရာတွေမှာ နာမည်သာရှိတယ်၊
ချမ်းသာဖို့ဝေးစွ ချောင်လည်ဖို့တောင် အနိုင်နိုင်…
စကားမစပ် ဟိုတနေ့က မိမိထုတ်ဝေထားသော စာအုပ်
မည်မျှ ရောင်းထွက်သလဲ သွားမေးကြည့်ရာ
“သုံးနှစ်ပြည့်တော့မယ် အုပ်ရေ ငါးရာ
ခန့်ပင် ကောင်းကောင်း ရောင်းမထွက်ဘူး”
မိမိကတော့ facebook မှာ နာမည်ရတာနဲ့
ထုတ်ဝေကြည့်တာပါ။
တချို့သော လူငယ်ဆိုသူတွေကို ကြည့်လိုက်ပါ၊
တစ်နေ့တစ်နေ့ ဖုန်းကို လက်ညှိုးနဲ့ ပွတ်လိုက်
လက်မနဲ့ ဖိလိုက်၊ ပွတ်ဆွဲလိုက်၊ နှိပ်ထည့်လိုက်။
ဒါက ဘယ်အထိ မှတ်လဲ?
အလုပ်ထဲမှာလည်း ဒါပဲ…
စာသင်ခန်းထဲလည်း ဒါပဲ…
ဘတ်စ်ကားပေါ်လည်း ဒါပဲ…
အိပ်ယာပေါ်လည်း ဒါပဲ…
အိမ်သာထဲမှာလည်း ဒါပဲ…
မိုးလင်းလည်း ဒါပဲ… မိုးချုပ်လည်း ဒါပဲ…
လမ်းသွားရင်းလည်းဒါပဲ---
ရထားပေါ်မှာလည်း ဒါပဲ
အဆိုးဆုံးက
မိတ်ဆွေတွေ ဆွေမျိုးတွေ
လုပ်ဖော်ကိုင်ဖက်တွေ ဝေးကွာနေရာကနေ
ခေတ္တပြန်ဆုံခွင့်ရချိန်မှာတောင်
စကားဖောင်ဖွဲ့ မပြောအားဘူး၊
မပြောဖြစ်ဘူး၊ ပွတ်နေတာပဲ။
အတိုင်းအဆ မရှိ
သတ်မှတ်ချက် မရှိ
ကန့်သတ်ချက် မရှိ
ဒါပဲ လုပ်နေကြတော့တာ...
ဒါကြီးကြည့်ပြီး ပြုံးလိုက်
ဒါကြီးကြည့်ပြီး ရယ်လိုက်
မဲ့လိုက်၊ ဆဲလိုက်…
ဟင်ကနဲ ဖြစ်သွားလိုက်
ဟာကနဲ ဖြစ်သွားလိုက်
ဘုရားတလိုက် နဖူးရိုက်လိုက်နဲ့...
online သုံးပြီး စာဖတ်တယ်၊
အကျိုးရှိတာ လေ့လာတယ်ဆိုသူတွေက
တော်တော့ကို ရှားလာပါတယ်...
မနက်က ကြည့်ရတဲ့ ဗီဒီယိုလေးအကြောင်းကို
သွားသတိရမိတယ်။ အင်တာဗျူးခံရတာတဲ့။
အူကြောင်ကြောင်နဲ့ ဘာမှ မသိကြဘူး။
ဘယ်သိမလဲ စာမှ မဖတ်ကြတော့တာ။
မြန်မာသက္ကရာဇ် မသိ
မြန်မာ ဒုသမ္မတ မသိ
မြန်မာ့လူဦးရေ မသိ
ဒီလောက် အခြေခံတောင် မသိမှတော့
သေချာတယ်…
သိပ္ပံမောင်ဝ မသိ
မင်းသုဝဏ် မသိ
ရွှေဥဒေါင်း မသိ
တက္ကသိုလ်ဘုန်းနိုင် မသိ
မြသန်းတင့် မသိ
ဇော်ဂျီ မသိ
ချစ်ဦးညို မသိ
အောင်သင်း မသိ
ဦးရွှေအောင် မသိ
မင်းလူ မသိ
နီကိုရဲ မသိ
အီကြာကွေး မသိ
ဆင်ဖြူကျွန်း အောင်သိန်း မသိ...
အမေရိကန်ပြည်တွင်းစစ် မသိ
စစ်အေးတိုက်ပွဲ မသိ
အာရပ်နွေဦး မသိ
ပင်လယ်ကွေ့စစ်ပွဲ မသိ
ကိုရီးယားကျွန်းဆွယ်စစ်ပွဲ မသိ
အာရပ်-အစ္စရေး စစ်ပွဲ မသိ…
အရှေ့အလယ်ပိုင်း ပဋိပက္ခ မသိ
ဂျေရုဆလင် မသိ…
ငါးရာ့ငါးဆယ် မသိ
သုံးဆယ့်ရှစ်ဖြာ မသိ
မဟာဗုဒ္ဓဝင် မသိ
ဇာတ်ကြီးဆယ်ဘွဲ့ မသိ…
ကထိန်အကြောင်း မသိ
ASEAN မသိ
UNDP မသိ
UNICEF မသိ
NATO မသိ
OPEC မသိ
G 20 မသိ
UNDP မသိ...
ဘယ်သိမလဲ… စာမှမဖတ်ကြတော့တာ…
ပြောပြန်ရင်လည်း ပြောတဲ့သူ အလွန်
ဉာဏ်ပညာနဲ့ နှလုံးသားစွမ်းရည်ဆိုတာ
တက္ကသိုလ်တက်ရုံ ဘွဲ့ရရုံ
တစ်နှစ် တစ်တန်းအောင်ရုံနဲ့ မရဘူးကွ၊
စာအုပ်စာပေပါ ဖတ်မှရတာ...
ဒါကို ထထကြွားချင်သေးတယ်။
ကျတော်က ဘာနဲ့ ဘွဲ့ရထားတာတွေ
ကျမက ဘာနဲ့ဘွဲ့ယူထားတာတွေပေါ့လေ…
ဘွဲ့ရထားတဲ့ သူတစ်ယောက်က
ရှေ့ကလည်း မဖြစ်
နောက်ကလည်း မဖြစ်
လက်တွဲခေါ်လည်း အဆင်မပြေ။
မှတ်ထား…
မနေ့က ဘွဲ့ရတယ်
ဒီနေ့ စာဆက်ပြီး မလေ့လာရင်
စာပေဗဟုသုတ မရှာဖွေ မဖတ်ရှုရင်
မနက်ဖြန်ကစပြီး သင်ဟာ…
စာမတတ်သူပဲ ဆိုတာကိုလေ…
ဟိုဟာ မေးလည်း မသိ
ဒီဟာ မေးလည်း မသိဆိုမှတော့
သေချာတယ်…သူတို့ဟာ
မှန်သလား မှားသလား မသိ
တရားသလား မတရားသလား မသိ
သာသလား နာသလား မသိ
ထူသလား ပါးသလား မသိ
ချိုသလား ခါးသလား မသိ
သင့်သလား မသင့်သလား မသိ
တော်သလား ညံ့သလား မသိ
အဓိကလား သာမညလား မသိ
လုပ်သင့်သလား မလုပ်သင့်ဘူးလား မသိ
ကျေးဇူးရှင်လား ဘာလားလဲ မသိ
လေးစားသင့်သူလား ဘာလားလဲ မသိ
ဘာဆိုဘာမှ မသိ…
အင်းးး…
ဒီလောက်တောင် မသိမှတော့
ဒီမိုး ဒီလေ ဒီလူတွေနဲ့
ဒီခရီးကို ဘယ်လိုလုပ်ပြီး ဆက်ကြမလဲဆိုတာ
ကိုယ်တွေလည်း မသိတော့ဘူး။
…………………………
(အတွေးလှဆရာတော်)
ဘယ်အချိန်စပြီး တရားအားထုတ်ရင် အကောင်းဆုံးလဲ
            "တရားအားထုတ်တဲ့ အချိန်ဟာ ဘယ်အချိန် အကောင်းဆုံးလဲ" ဆိုတာ ကို ဟိုးအရင်တုန်းက "တရားစပြီးအားထုတ်သင့်တဲ့အချိန်ကောင်း" ဆိုတဲ့ ခေါင်းစဉ် နဲ့  ရေးသားခဲ့ဘူးပါတယ်။
             ဓမ္မမိတ်ဆွေတို့ အနေနဲ့ ပြန်ဖတ်ချင်လို့ ရှာဖွေတဲ့အခါမှာ အင်တာနက်လိုင်းမကောင်းရင် ရှာဖွေရတာ ခက်ခဲစေတဲ့အတွက် ပြန်လည်ဖေါ်ပြရင်း ၊ ခုမှ စပြီးတရားအားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေတို့ နားလည်ဖို့ ခက်ခဲနိုင်မဲ့ ပါဋ္ဌိ စကားလုံးတွေကိုပါ နည်းနိုင်သမျှ ထုတ်နှုတ်ပြီး ပြန်လည် ရေးသားတင်ပြလိုက်ပါတယ်။
           အထက်ကစကားကို ပြန်ကောက်ရရင်...
            "တရားအားထုတ်တဲ့ အချိန်ဟာ ဘယ်အချိန် အကောင်းဆုံးလဲ" ဆိုတာ မရှင်းပြခင် ရှေး ဦးစွာ သိသင့်သိထိုက်တာ လေးတွေ တင်ပြပါရစေ။
           " မနုဿတ္တဘာဝေါ ဒုလ္လဘော" ဆိုတဲ့ ပါဠိတော် စကားရပ်ရှိပါတယ်။ ဓမ္မမိတ်ဆွေ တို့ လည်းကြားဖူးကြမှာပါ။
            " လူ့ ဘဝ ဆိုတာ.. ရခဲတယ်၊ လူ့ ဘဝ ဆိုတာ ရဖို့ မလွယ်ဘူး" စသည်အားဖြင့် မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်ကို သာဓက ပြုပြီးတော့ ဆရာတော်၊ ရဟန်း၊ သံဃာတော်တို့ ဟာ "ရခဲလှတဲ့ လူ့ ဘဝ" အကြောင်း ကို ရှုထောင့်အမျိုးမျိုး ကနေပြီး တော့၊ ဟောပြောကြတာကို ဓမ္မမိတ်ဆွေတို့  ကြားနာဘူး ကြမှာပါဘဲ။
               လူ့ ဘဝ ဘယ်လို ရဖို့ခက် တာလဲ၊ ရဖို့ ဘယ်လို မလွယ်တာလဲ ဆိုတော့...
( ပါဋ္ဌိ လိုတွေက တော့ မှတ်စရာမလိုသေးပါဘူး )
                (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား အဖြစ်ကို ရခဲခြင်း၊
                (၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူ့ အဖြစ်ကို ရခဲခြင်း၊
                 (၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရား နဲ့ ပြည့်စုံတဲ့ အဖြစ်ကို ရခဲခြင်း၊
                 (၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ =ရဟန်း အဖြစ်ကို ရခဲခြင်း၊
                 (၅) သဒ္ဓမ္မသဝန အတိ ဒုလ္လဘ = သူတော်ကောင်းတရား နာကြားခွင့် ကို အလွန်ရခဲခြင်း ဆိုပြီး ရှိပါတယ်။
               " ဧရကပတ္တနာဂရာဇဝတ္ထု  ဓမ္မပဒ"ဆိုပြီးတော့ ရေးသားထားတဲ့ စာအုပ်က ဒုတိယစာအုပ်မှာ အထက်က ဖေါ်ပြခဲ့တဲ့ အဲဒီ ရခဲခြင်း( ၅ )မျိုးကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ နေ့ စဉ်နေ့တိုင်း တပည့် သံဃာ၊ ရဟန်းတော် တို့ ဆွမ်းခံပြန်ရောက်ချိန် ဂန္ဓကုဋိ တိုက်အဝင် မှာ ဆုံးမတော်မူတဲ့ တရားဖြစ်တယ် ဆိုပြီး ရေးသားထားပါတယ်။
            " လူအဖြစ်ကို ရခဲတယ်" ဆိုတဲ့ နေရာမှာ  လူသေပြီး လို့  နောက်ထပ် လူပြန်ဖြစ်ဖို့ အတွက် နဲ့ တစ်ခြားသော ဘုံဘဝ က နေပြီး လူ့ဘဝ ကို ရဖို့အတွက် ခဲယင်းတယ်လို့  ဆိုလိုခြင်းဖြစ်ပါတယ်။လူ ပြန်ဖြစ်လာဖို့  လုံးဝမလွယ်ကူပါဘူး။
           ဒီလောက မှာ လူဦးရေ အရေအတွက် များနေတယ် လို ထင်နေတာက လူတစ်မျိုးတည်းကို ကြည့်ပြီး များနေတာ လို့ ထင်မှတ်နေတာဘဲဖြစ်ပါတယ်။
           လူ နဲ့  တစ်ခြားသတ္တဝါတွေ ထဲက တိရိစ္ဆာန်တစ်မျိုးတည်းကိုဘဲ  ကြည့်ကြပါစို့....
       လူများလာသလောက် အဲဒီပိုးမွားကလေးများလည်း များလာမှာဘဲ ဖြစ်ပါတယ်။
             ဗုဒ္ဓစာပေ အရ ဘုရား၊ ရဟန္တာ မဖြစ်သ၍ လူတစ်ယောက်သေဆုံးယင် တမလွန် ဘဝမှာ ရောက်နိုင်သော ဂတိ ငါးမျိုးရှိပါတယ်။
( ၁ ) ဒေဝ(နတ်)၊ 
( ၂ )မနုဿ(လူ)၊
( ၃ )နိရယ(ငရဲ)၊
( ၄ )ပေတ(ပြိတ္တာ)၊
( ၅ )တိရိစ္ဆာန်၊ .. ဆိုပြီး သွားရောက်နိုင်သော ဘုံး ငါးမျိုးရှိပါတယ်။
             အဲဒီဘုံတွေမှာ ဘယ်ဘုံက အရေအတွက် အများဆုံးဖြစ်သလဲ ဆိုတာကို စဉ်းစားကြည့်လိုက် မှသာ လူ့ ဘဝကို ရဖို့ခဲယင်းတယ် ဆိုတာ ကို သဘောပေါက်သွားမှာပါ။
       လူဖြစ်တာလာတာတောင်မှ...
" ပါပသိံ္မ ရမတိ မနော" လို့ ဆိုပါတယ်။ အဲဒီလို မကောင်းမှု၊ အကုသိုလ်ဒုစရိုက်တို့ နဲ့ ပျော်မွေ့ လေ့ ရှိတဲ့အတွက်ကြောင့် ပုထုဇဉ်ဟာ ဘဝကူးတာနဲ့ မကောင်းမှုတွေကျက်စားရာဖြစ်တဲ့ အပါယ်လေးဘုံ တို့ တွင်သာ အဖြစ်များပါတယ်။
             "မဟာကာလဥပသကဝတ္ထု" မှ ဖေါ်ပြထားတာရှိပါတယ်။
            အဲဒီ အတိုင်းပါဘဲ..
             တစ်ကယ်တော့..
            "အကုသိုလ်" စရိုက်ဆိုး တွေဆိုတာ ပြုလုပ်ဖို့ "ခက်ခဲ" ပေမဲ့၊ လက်တွေ့ မှာတော့ "အကုသိုလ်"မှန်သမျှကို .. ပြုလွယ်၊ ဖြစ်လွယ် ကျူးလွန်ရန် အလွန်လွယ်ကူကြပါတယ်။
         ဒါ့ကြောင့်...မိမိကိုယ်ကို မိမိကိုယ်တိုင်ကလည်း ဖျက်ဆီးဖို့ အတွက် လည်း လွယ်ကူနေတာပဲ ဖြစ်ပါတယ်။အထက်မှာ ပြောခဲ့သလို..
“ပါပသ္မိံရမတိ မနော” ဟုဆိုတဲ့ အတိုင်း...
           ကျောက်က နေ ဖြစ်တဲ့ ဝရဇိန်လက်နက် ဟာ မှီရာကျောက်ကို ထွင်းဖောက် ဖျက်ဆီးနိုင်သလိုမျိုး၊ မိမိပြုတဲ့ မကောင်းမှုဟာ မိမိကိုယ်ပင် ပြန်လည်ဖျက်ဆီးစေပါတယ်။
         ခုန ပြောတဲ့ "အကုသိုလ်"စရိုက်ဆိုးတွေကို ပြုလုပ်ရတာ "ခက်ခဲတယ်"ဆိုတဲ့စကားရပ် နဲ့ ပတ်သက်ပြီးတော့..အမှတ်ရလို့  "ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ သံဝရ " ဟောကြားတဲ့ "ကုသိုလ် နဲ့ အကုသိုလ်"အကြောင်း ဖေါ်ပြရရင်..
          "ကုသိုလ်အလုပ် နဲ့ အကုသိုလ်"အလုပ်ဟာ ဘယ်က ခဲယဉ်းသလဲ ဆိုတော့ "အကုသိုလ်" အလုပ်လုပ်ရတာ ခဲယဉ်းပါတယ်။ မကောင်းတာလုပ်ဖို့ ခက်တယ်.. ပေါ့။ ခဲယဉ်းပါတယ်၊ ခက်ပါတယ် ဆိုတဲ့ အလုပ်ကို မှဘဲ ပုထုဇဉ်တွေဟာ အလွယ်တကူ ကျူးလွန်မိကြပါတယ်။
          ဥပမာ..
ဆင်ကောင်ကြီး တစ်ကောင်ကို သတ်မယ်။ ဆင်ကောင်ကြီး သတ်မယ်ဆိုတော့...
         အနည်းဆုံး လူ လေးယောက် ငါးယောက်ဟာ တစ်ယောက်ကို အနည်းဆုံး ငါးချက် ခြောက်ချက်တော့ အားစိုက် ရိုက်ရပါတယ်။အဲသလို ရိုက်တာ ပင်ပန်းပါတယ်။ ဒီတော့  အကုသိုလ်ရဖို့ ပင်ပန်းတာပေါ့။
            ငါ မသတ်ဘူးဆိုရင်... ပင်ပန်း သေးသလား။ "ကုသိုလ်" က အဲဒီလို ချမ်းသာတာ ပါ။ မသတ်ဘူးဆိုတော့ ကုသိုလ်ဖြစ်နေတော့တာပေါ့နော်။ သတ်မယ် ဆိုတော့ အားစိုက်ရတာ အတော့်ကို ပင်ပန်းတာ။ ဒါကြောင့် အကုသိုလ်က ဆင်းရဲတယ်လို့ ဘုရား ဟောတာပါ။
             အိမ်တစ်အိမ်မှာ ခိုးမယ်။ ခိုးမယ်လို့ စိတ်ကူး ထည့်တယ်။ စဉ်းစားတယ်။ ငါဘယ်လို ခိုးရမလဲလို့။ ဟိုနေရာသွား လူမြင်ဦးမှာ။   ဟိုဘက်က သွားလည်း မြင်ဦးမှာ။ အဲတော့ကာ ညည်နက်တဲ့ အခါ အမှောင်ကျလာပြီ။ ဟော သစ်ပင်ရိပ်မှာ ဝင်မှ။ အိမ်ရှင်တွေ အိပ်ပြီလား နားထောင်မယ်။  ခွေးက ဟောင်နေတယ်။ ဒီတော့..တထိတ်ထိတ်နဲ့ ချမ်းသာသလား ဆင်းရဲသလား။ ငါ့ကိုများ မြင်မှာလား ဟေ့။ ခွေးက တကယ် တယ်ဟောင်တယ်။ စိတ်ချမ်းသာမလား ဆင်းရဲမလား။ မဖြစ်ဘူး ကြာရင် မိသွားမှာဘဲ ဆိုပြီး အသာ ထွက်သွားတော့တာ။ ကဲ အကုသိုလ်က မဆင်းရဲဘူးလား။
              အစကတည်းက မခိုးပါဘူးလို့ နေလိုက်ရင် မချမ်းသာဘူးလား။ ဒါ့ကြောင့် အကုသိုလ်က ဆင်းရဲတယ်လို့ ပြောတာပါ။
        "ပါဏာတိပါတာ" ကစ ပြီး "သုရာမေရယ" အဆုံးကို ရှောင်ကြဉ်ရင် လူလည်း မပင်ပန်းပါဘူး။ ပိုက်ဆံလည်း မကုန်ပါဘူး။ ဓမ္မမိတ်ဆွေတို့ စဉ်စားကြည့်ရင် ပေါ်ပါတယ်။
           ဒါတွေဟာ အားမစိုက်ရဘဲနဲ့ ရတဲ့ "သီလကုသိုလ်"တရားတွေပါ။ ဒါနကုသိုလ် ဆိုတာက မှ အားစိုက်ရပါသေးတယ်။
          စားဖို့သောက်ဖို့ အတွက် ရှာရတယ်။ အဝယ်အခြမ်း သွားရတယ်။ ချက်ရ ပြုတ်ရတယ်။ဘုရားတည်မယ်ဆိုရင် အုတ်ထမ်းရတာ နဲ့ ၊ဝယ်ရတာနဲ့ ငှားရတာနဲ့ ၊သွားရတာ လာရတာနဲ့ ၊ဒါနကုသိုလ်ရဖို့ အတွက်နဲ့ ၊ ဒါနတရားနဲ့ သီလတရားဟာ ဘယ်ဟာက အကျိုးများမလဲ ဆိုတာ ဓမ္မမိတ်ဆွေတို့ ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။
            "သီလ" က ပိုက်ဆံ မကုန်ဘဲနဲ့ အကျိုးများတာပါ။အဲဒီ သီလ ထက် "သမထ " က သာလို့ အကျိုးများ ပြန်ရော။ သူက မြေလျှိုးနိုင်တယ် မိုးပျံနိုင်ပါတယ်။ အောင်မြင်ရင်ပေါ့လေ။
           အဲဒီလို "ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်"  တွေ ထက် ပိုပြီး အကျိုးများတာကတော့..
          "ဝိပဿနာဥာဏ်"မဂ်ဥာဏ် ကမှသာ ချမ်းသာအစစ်ကြီးပါ။ဒါ ဘုရားဟောထားတာဖြစ်ပါတယ်။
          အဲဒီလို အကျိုးများဆုံးဖြစ်တဲ့ "ဝိပဿနာ" အလုပ်ကို ကျင့်ကြံအားထုတ်ဖို့ ဆိုတဲ့နေရာမှာ..
           လူဖြစ်ဖို့ ခက်ခဲလှတယ်ဆိုပေမဲ့၊ လူဖြစ်တိုင်းလည်း ကျင့်ကြံအားထုတ်လို့ မရပါဘူး။ကျင့်ကြံအားထုတ်လို့ ရနိုင်တဲ့ အကြောင်းအရာတွေနဲ့ ကလည်း ပြည့်စုံဖို့ က လိုအပ်ပါတယ်။ဓမ္မမိတ်ဆွေတို့  ရှိခိုးနေကျ ဖြစ်တဲ့ သြကာသဘုရားရှိခိုးမှာ ပါပါတယ်။ ရပ်ပြစ်ရှစ်ပါးဆိုတာ....
            နားမလည်သေးတဲ့သူအတွက် ဖေါ်ပြပေးပါ့မယ်။
ရပ်ပြစ်ရှစ်ပါး ကျခံနေရသူများ..ပေါ့။
        အဲဒီ ရပ်ပြစ်ရှစ်ပါးထဲမှာ ကျရောက်နေခံရတဲ့ သူဆိုရင်တော့ သံသရာ လွတ်ကြောင်းအတွက် ဝိပဿနာ အားထုတ်ဖို့ အခွင့်ရေးဟာ "နတ္တိ" ဖြစ်ရပါတယ်။ လောကမှာ   လူလာဖြစ်ပေမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်၊ လောကမှာ ဘဝအခြေအနေ အကျိုးပေး မလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်ကို ဆိုလိုပါတယ်။
( ၁ ) ငရဲကျနေသူ
              ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့   ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောကြားတဲ့  တရားတော်တွေ ကို နာယူပြီး မြတ်သောအကျင့်ကျင့်ပြီး   နိဗ္ဗာန်ရဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာ လုံးဝမရှိပါဘူး။ အဲဒီ ငရဲကျနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်ပါတယ်။
( ၂ ) တိရိစ္ဆာန် ဖြစ်နေသူ
             ဘုရားပွင့်ပြီးတော့ တရားဟောနေတဲ့အချိန် တိရိစ္ဆာန်ဘုံ ကို ရောက်နေတယ်၊ ဥပမာ..
       နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေတယ်၊ ဝက်ဖြစ်နေတယ်ဆို
ရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါဘူး။
         ကောင်းတဲ့ကုသိုလ်  ဖြစ်ဖို့ဆိုတာ အခွင့်အရေး မရှိပါဘူး။ ဒါကြောင့်မို့လို့  တိရိစ္ဆာန်ဘဝ ရောက်နေတဲ့  အချိန်မှာ  ဘုရားပွင့် တရားဟောနေပေမယ့် တိရိစ္ဆာန် ဖြစ်နေသူဟာ အခွင့်အရေး  ဆုံးရှုံးနေပါတယ်။
( ၃ ) ပြိတ္တာဖြစ်နေသူ
             ပြိတ္တာဘဝဆိုတာ စားစရာမရှိလို့ မစားရတာများပါတယ်။ အမြဲတမ်း ဆာလောင်နေတာပဲ၊ ဘယ်တော့မှ ဗိုက်ပြည့်အောင် မစားရပါဘူး၊ အဲဒီလို ပြိတ္တာဘဝရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီးတော့ တရားနာဖို့ တရားကျင့်ဖို့ အခွင့်အလမ်း မရှိနိုင်ပါဘူး။ ဒါ့ကြောင့်မို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပါတယ်။
( ၄ ) အရူပ နှင့် အသညသတ်
              မြတ်စွာဘုရားရှင် က လောကကြီးမှာ ပွင့်နေတဲ့ အချိန်၊ တရားဓမ္မတွေဟောနေပြီ၊ ဒါပေမယ့်..
           တရားနာဖို့အတွက် ကိုယ်အင်္ဂါမပြည့်မစုံဘဲ သက်တမ်းရှည်ကြာပြီး ရုပ်သာရှိ
နေတဲ့ "ဗြဟ္မာ"၊ နာမ်သာရှိတဲ့ "ဗြဟ္မာ" ဖြစ်နေလို့ရှိရင်လည်း တရားနာဖို့ အခွင့်အရေး ဆုံးရှုံးပါတယ်။
( ၅ )  ပစ္စန္တရစ် လူဖြစ်သူ
         မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့အရပ်၊ သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်ဆိုရင်လည်း တရားထူးရရှိဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေကြတာပဲ ဖြစ်ပါတယ်။
( ၆ ) မိစ္ဆာဒိဋ္ဌိ ဖြစ်သူ
          ဘုရားပွင့်တယ်၊ ဘုရားပွင့်တဲ့ ဒေသမှာပဲ လူလာဖြစ်နေတယ်။
ဘုရားက တရားဟောနေတယ်၊ ဆိုပါစို့-- မြတ်စွာဘုရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်။ အဲဒီ ပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်။
( ၇ ) အသိဉာဏ်မရှိသူ
( ၈ )ဘုရားမပွင့်တဲ့အခါ ဉာဏ်ရှိသူ
            လူ့ဘဝမှာ လူဖြစ်တယ်၊ အသိဉာဏ်လည်းရှိပါတယ်။
ဒါပေမယ့်...
            ဘုရားမပွင့်တဲ့အခါ နဲ့ ကြုံနေတယ်၊ ဒါ့ကြောင့် ဘုရားတရား မနာရတဲ့အတွက် တရားထူး တရားမြတ်ရနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ အဲဒီပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးပါတယ်။
         ဒါကြောင့် ဓမ္မမိတ်ဆွေ တို့ဟာ ဒီ ရပ်ပြစ်ရှစ်ပါး က ကင်းလွတ်နေတဲ့ သူ ဖြစ်သလားဆိုတာ ဆင်ခြင်ကြည့်တဲ့ အခါ၊နောက်တစ်ခါ လူလာဖြစ်ရင် ဒီလို အခွင့်အရေးမျိုးရရှိဖို့ ဆိုတာ အင်မတန်ခက်ပါတယ် ဆိုတဲ့ အသိကို သဘောပေါက်အောင် ဆင်ခြင်ဖို့ လိုပါတယ်။
        မဟာဗောဓိမြိုင်ဆရာတော်ကြီး ဟောသလို ပေါ့...
       ဒီခေတ်ဟာ..ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ့ ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ့ ..တဲ့။
         ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊ တလိမ့်လိမ့် တဲ့ ဆုတ်နေတာ။ များများမဟုတ်ပါဘူး၊နောက်ထပ် နှစ် နှစ်ဆယ်လောက် ဆက်နေကြည့်၊ အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ့်မယ်..တဲ့။
         တစ်ဘဝနဲ့ တင်ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော့ ကျင့်တဲ့ နည်းကလည်း သာသနာနဲ့ ကြုံမှ ၊ အထက်က ပြောသလို ပေါ့ သာသနာရှိနေတုန်း ၊ တစ်ခြားရောက်နေရင် သာသနာ နဲ့  ကိုယ် နဲ့ မဆိုင်ဖြစ်သွားပါမယ်။
သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊
နောက်တစ်ခါလူလာဖြစ်ရင် ဒီ သာသနာရှိမှာလား။နောက်တစ်ခါလူလာဖြစ် သာသနာကြုံဖို့ တော်တော်ခက်မယ်။ကြုံတယ်ပဲထား ၊ဒီသာသနာကို မိမိက ကြိုက်ဦးမှ... လို့ ဆိုပါတယ်။
           စာထဲမှာ ဘယ်လို ဆိုထားပြန်သလဲ ဆိုရင်..
         မြေဆီကအနှစ်တစ်ရာမှာတစ်လက်မတစ်လက်မလျော့တာကိုး၊ မြေဆီမှီပြီး အစာဖြစ်ရတာ၊ဘာလို့ လျော့ တုန်း၊ ဥတု ကလည်း အအေးပိုင်းက နေ အပူဘက်ကူးနေတာ၊
နောက်တစ်ခါလူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေနေရမယ့် အမေအဖေ ကလည်း ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ်သေးသေးနေမှာ။ အဲဒီထဲကို "လူ"လာဖြစ်ရတော့ မိမိတို့ ရုပ်ဓါတ် စိတ်ဓါတ်ကလည်း ခုလောက်ကို ရှိမှာမဟုတ်တော့ပါဘူး။
           ဥတု ပူရင် အာဟာရပူမှာပေါ့၊ အာဟာရ ပူရင် စားရတဲ့ ရုပ်ကလည်းကျုံလှီလာမယ်၊ စိတ်ကလည်းသေးလာမယ်။ အဲဒီတော့ ကောင်းတာလည်း ခံနိုင်စိတ်မရှိတော့ဘူး၊ ဆိုးတာလည်း ခံနိုင်စိတ်မရှိတော့ဘူး။
           တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာက ကောင်းကောင်းဆိုးဆိုး သိချင်တာ ကို တစိုက်မတ်မတ်ကြည့်ရတာလေ။ အဲဒီအချိန်ကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။
        ဒီတော့ ဥတုပူရင် အဆီဆုတ်မှာပေါ့၊
အဆီဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ့ အစာကြမ်းရင် အကြောအချဉ်တွေမာကြောလာတယ်၊ အကျိတ်အဖုတွေကြီးထွားလာတယ်၊ ဒါကြောင့်မို့  စိတ်တွေက ထန်လာတယ်။
ရုပ်ဓါတ်လည်းမခံနိုင်တော့ စိတ်ဓါတ်လည်းမခံနိုင်တော့ဘူး....ဒီလောကဓံကို။
      အဲဒီတော့ ဘယ်လို ဖြစ်ကြမလည်း ဆိုတော့..
         အကြိုက်တွေ့ လည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ၊ အမုန်းတွေလည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ။"အဘိဇ္ဈာ"ဆိုတဲ့ အလိုကြီးမှု အားကြီးလာပြီ။"ဗျာပါဒ "အားမလို အားမရစိတ် ကလည်း အားကြီးလာပြီ။
          ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။ အဲဒီတော့ ဥတုပူလို့  အစာပူတယ် ၊ အစာပူလို့ ရုပ်ပူတယ်၊ ရုပ်ပူလို့စိတ်ပူတယ်၊ စိတ်ပူတော့ ကံပူတွေ လုပ်မှာပေါ့။
ကံ နဲ့ စိတ်နဲ့ ခပ်ပူပူလုပ်တော့ ဥတုကလည်း ပိုပူမှာပေါ့။ တိုးတက်ဖို့ မြင်သေးသလား။ လူ့ ဘုံပြန်လာချင်သေးသလား။
            ဒီအတိုင်းဆက်သွားနေရင်တော့...
       နောက်တစ်ခါ လူလာဖြစ်ရင် အခုရထားတဲ့အခွင့်အရေး မျိုး ဘာမှမရှိတော့ပါဘူး။
       ဒီပတ်ဝန်းကျင်မျိုး လည်း ဘာမှမရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲဒီတော့ ဓမ္မမိတ်ဆွေတို့ ဘာလုပ်ရမလဲ.. ဆိုတာ သိမှာပါ။
         ကျင့်ပုံကျင့်နည်း နဲ့ ဘုရားဟော တရားတွေကလည်း အဆင်သင့်၊ နည်းပေးလမ်းပြ လုပ်မယ့် သံဃာတော်တွေ ကလည်း အဆင့်သင့်၊ ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။တရားအားထုတ်ဖို့ ဆိုတာ "အခုနေအချိန်ကောင်း"ဘဲ။ အရင်က တရားအားမထုတ်မိခဲ့ရင်တောင်မှ ဒီစာဖတ်ပြီး "သံဝေဂ" ရလို့ အားထုတ်မယ်ဆိုရင် အသက်ကြီးပေမယ့်.. အချိန်မီ ပါသေးတယ်။
         အားမထုတ်တာနဲ့ စာရင်..အားထုတ်တဲ့အတွက် အချိန်မီပါသေးတယ်။
           ဓမ္မမိတ်ဆွေတို့ ဘယ်တော့ ကျင့်ကြံမှာတုန်း ဆိုတာ.. ကိုယ့်ဖာသာကိုယ် ဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။
       လူ့ဘဝ ရောက်တုန်း၊သာသနာလည်း ပွင့်တုန်း၊တရားပြပေးမယ့်သူကလည်း ရှိတုန်း၊ကျန်းမာရေးကလည်း ကောင်းတုန်း၊အခွင့်အရေးကောင်း၊ ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်နေခိုက်မှာ ဝိပဿနာ အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး  မြတ်နိဗ္ဗာန်ကို ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်များ ဖြစ်ကြပါစေ လို့  ဆုတောင်းရင်း ဓမ္မဒါနပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )