☆“လူဟု ခေါ်ဝေါ်သုံးစွဲမှု အသုံးအနှုန်း”☆
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
¤ ဖားအောက်တောရဆရာတော် ¤
═══════════════════
#ဘုရားရှင်နှင့်ပေါတလိယသူကြွယ်
☆ ပေါတလယိ သူကြွယ်ကား အင်္ဂတိုင်း အာပဏနိဂုံး၌ နေထိုင်သီတင်း -
သုံးသူတစ်ဦး ဖြစ်၏။ လူမှုကိစ္စအ၀၀ကို ပယ်ထားပြီးသူလည်း ဖြစ်၏။ သူ့ကို
လူဟု ခေါ်ဝေါ်သုံးစွဲလျှင်, သူကြွယ်ဟု ခေါ်ဝ်ါသုံးစွဲလျှင် မနှစ်ခြိုက်သူတစ်ဦး-
လည်း ဖြစ်ပေသည်။ သို့သော် သူ၏ အယူအဆနှင့် ဘုရားရှင်၏ အဆုံးအမ
သာသနာတော်၏ အယူအဆတို့ကား ကွဲပြားလျက်ပင် ရှိကြ၏။
☆ ဘုရားရှင်၏အဆုံးအမသာသနာတော်၌ကား လူဟု ခေါ်ဝေါ်သုံးစွဲမှု အသုံး
အနှုန်းကို ဖြတ်ဖို့ရန် တရား (၈)မျိုး ရှိပေသည်။ ယင်းတရား (၈)မျိုးတို့၏ အတို
ချုပ်မှာ ဤသို့ဖြစ်၏ ---
၁။ အသက်မသတ်ခြင်းကို မှီ၍ အသက်သတ်ခြင်းကို ပယ်ရမည်။
၂။ ပေးသော ဥစ္စာကို ယူခြင်းကို မှီ၍ မပေးသော ဥစ္စာကို ယူခြင်းကို
ပယ်ရမည်။
၃။ မှန်ကန်သော စကားကို မှီ၍ မမှန်သော စကားကို ပယ်ရမည်။
၎။ ကုန်းမတိုက်သော စကားကို မှီ၍ ကုန်းတိုက်သော စကားကို ပယ်ရ-
မည်။
၅။ မတပ်မက် မလိုချင်မှုကို မှီ၍ တပ်မက်လိုချင်မှုကို ပယ်ရမည်။
၆။ မကဲ့ရဲ့ မချုပ်ချယ်ခြင်းကို မှီ၍ ကဲ့ရဲ့ ချုပ်ချယ်ခြင်းကို ပယ်ရမည်။
၇။ အမျက်မထွက်ခြင်း စိတ်မပင်ပန်းခြင်းကို မှီ၍ အမျက်ထွက်ခြင်း
စိတ်ပင်ပန်းခြင်းကို ပယ်ရမည်။
၈။ လွန်စွာ မာန်မမူခြင်း = လွန်စွာ မာန်မာနမကြီးခြင်းကို မှီ၍ လွန်စွာ
မာန်မူခြင်းကို = လွန်စွာ မာန်မာနကြီးခြင်းကို ပယ်ရမည်။
☆ ဤ (၈)မျိုးတို့ကို လိုက်နာပြုကျင့်နေသော သူကိုသာ ဘုရားရှင်၏ အဆုံး
အမ သာသနာတော်၌ လူဟု, သူကြွယ် (ဂဟပတိ = အိမ်ရှင်)ဟု အခေါ်
ခံရမှု လူ့အသုံးအနှုန်း ပြတ်ခြင်းငှာ ဖြစ်၏။ (အကျယ်ကို မဇ္ဈိမပဏ္ဏာသပါဠိ
တော် ပေါတလိယသုတ်တွင် ကြည့်ရှုပါ။)
၁။ သူ့အသက်ကို သတ်ခြင်း,
၂။ မပေးသော ဥစ္စာကို ယူခြင်း,
၃။ မမှန်သော စကားကို ပြောဆိုခြင်း,
၎။ ကုန်းတိုက်သော စကားကို ပြောဆိုခြင်း,
၅။ တပ်မက်လိုချင်မှုများခြင်း,
၆။ ကဲ့ရဲ့ ချုပ်ချယ်ခြင်း,
၇။ အမျက်ထွက်ခြင်း, စိတ်ပင်ပန်းခြင်း,
၈။ လွန်စွာ မာန်မာနကြီးခြင်း ---
☆ ဤတရား (၈)မျိုးတို့ကား သံသရာမှ မလွတ်အောင် နှောင်ဖွဲ့ထားတတ်
သည့် သံယောဇဉ် အနှောင်အဖွဲ့တို့လည်း ဖြစ်ကြ၏။ ဈာန်မဂ်ဖိုလ်ကို မရ-
အောင် တားမြစ်တတ်သည့် နီဝရဏ အပိတ်အပင်တို့လည်း ဖြစ်ကြ၏။ ယင်း
တရားတို့ကို ပြုကျင့်သူတို့ကို ပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ကြ၏။
ယင်းသို့ ပြုကျင့်လေ့ရှိသူတို့သည် သေသည်၏ အခြားမဲ့၌ အပါယ်လေးဘုံ
တည်းဟူသော မကောင်းသော လားရာဂတိရှိသည်သာ ဧကန် ဖြစ်ပေသည်။
ထိုကြောင့် ယင်းတရားတို့ကို ပယ်ရှားရန် ဘုရားရှင်က ဆိုဆုံးမတော်မူခြင်း
ဖြစ်ပေသည်။ သို့သော် ထိုတရား (၈)မျိုးမျှလောက်ကို လိုက်နာပြုကျင့်နေရရုံ
မျှဖြင့် အခါခပ်သိမ်း လုံးဝဥဿုံ လူဟု ခေါ်ဝေါ်သုံးစွဲခံရခြင်း လူ့အသုံးအနှုံး
ပြတ်သည်ကား မဟုတ်သေးသည်ဟု ဘုရားရှင်က မိန့်ကြားတော်မူလိုက်
ပေသည်။
☆ ထိုအခါ ပေါတလိယသူကြွယ်က --- “မြတ်စွာဘုရား ... အဘယ်သို့သော
အခြင်းအရာအားဖြင့် မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌
အခါခပ်သိမ်း လုံးဝဥဿုံ လူဟု, သူကြွယ်ဟု ခေါ်ဝေါ်သုံးနှုန်းသည့် အသုံး-
အနှုန်း၏ ပြတ်ခြင်းသည် ဖြစ်ပါသနည်း? မြတ်စွာဘုရား ... တောင်းပန်ပါ၏၊
မြတ်စွာဘုရားသည် မိမိ၏ အဆုံးအမသာသနာတော်၌ အခါခပ်သိမ်း
လုံးဝဥဿုံ လူဟု, သူကြွယ်ဟု ခေါ်ဝေါ်သုံးနှုန်းသည့် အသုံးအနှုန်း ပြတ်ခြင်း
ဖြစ်ပုံတရားတော်ကို တပည့်တော်အား ဟောကြားပေးတော်မူပါ”ဟု လျှောက်
ထား၏။
☆ ထိုအခါမှာ ဘုရားရှင်က ကာမဂုဏ်တို့၏ အပြစ်ကို ပြဆိုရာ တရား-
စကားတော်ကိုလည်းကောင်း, ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ကျင့်စဉ်
ကို လည်းကောင်း ဟောကြားပြသ ဆိုဆုံးမပေးတော်မူလေသည် ---
#ကာမဂုဏ်တို့၏အပြစ်များ .......................
၁။ အရိုးစုနှင့် ပမာတူ၏........................
၂။ သားတစ်နှင့် ပမာတူ၏ .......................
၃။ မြက်မီးရှူးနှင့် ပမာတူ၏ .......................
၎။ မီးကျီးတွင်းနှင့် ပမာတူ၏ ......................
၅။ အိပ်မက်နှင့် ပမာတူ၏ ......................
၆။ ငှားရမ်းဝတ်ဆင်ထားသော စည်းစိမ်ဥစ္စာနှင့် ပမာတူ၏ ....
၇။ အသီး,သီးသော သစ်ပင်နှင့် ပမာတူ၏..............
ဤကား မဇ္ဈမိပဏ္ဏာသပါဠိတော် ပေါတလိယသုတ္တန် (မ၊၂၊၂၇-၃၀။)တို့၌
လာရှိသော ကာမဂုဏ်တို့၏ အပြစ်များပင် ဖြစ်ကြပေသည်။
Sunday, February 28, 2016
လူဟု ခေါ်ဝေါ်သုံးစွဲမှု အသုံးအနှုန်း
ကာမဂုဏ်တို့၏ အပြစ်များ
☆“ကာမဂုဏ်တို့၏ အပြစ်များ”☆
▬▬▬▬▬▬▬▬▬▬▬▬▬▬
¤ ဖားအောက်တောရဆရာတော် ¤
═════════════════=
▬▬▬▬▬▬▬▬▬▬▬
၁။ #အရိုးစုနှင့်ပမာတူ၏
▬▬▬▬▬▬▬▬▬▬▬
☆ “ဒါယကာ သူကြွယ်... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်ခုကို
ငါဘုရား ပြောပြဦးမယ် --- မွတ်သိပ်ဆာလောင်သဖြင့် အားနည်းနေတဲ့
ခွေးဟာ နွားတွေကို သတ်ဖြတ်တဲ့နေရာမှာ ရှိနေတဲ့ စဉ်းတီတုံး အနီးမှာ
ရှေးရှူတည်နေတယ်ဆိုကြစို့ ... ကျွမ်းကျင်တဲ့ နွားသတ်သမားကဖြစ်စေç
နွားသတ်သမားရဲ့ တပည့်ကပဲဖြစ်စေ အရိုးမှာကပ်နေတဲ့ အသားတွေကို
ကောင်းစွာ ခြစ်ယူခြင်းဖြင့် ခြစ်ယူထားပြီးတဲ့ အသားမရှိတော့တဲ့, သွေးသာ
လိမ်းကျံနေတဲ့ (ရင်ရိုး, ကျောရိုး, သို့မဟုတ် ဦးခေါင်းခွံဆိုတဲ့) တစ်မျိုးမျိုးသော
အရိုးကို ထိုခွေးရဲ့ အနီးအပါးမှာပဲ ပစ်ချပေးလိုက်တယ်ဆိုကြစို့ ...။
☆ ဒါယကာ သူကြွယ် ... ထိုငါပြောမယ့်စကားကို သင် ဘယ်လိုထင်မြင်
ယူဆသလဲ? ထိုခွေးဟာ အရိုးမှာ ကပ်နေတဲ့, အသားမရှိအောင် ကောင်းစွာ
ခြစ်ယူခြင်းဖြင့် ခြစ်ယူထားပြီးတဲ့, အသားမရှိတော့တဲ့, သွေးသာ လိမ်းကျံနေ
တဲ့ ဤအရိုးကို လျက်သော် မွတ်သိပ်ဆာလောင်တဲ့အတွက် အားနည်းနေခြင်း
ကို ပယ်ဖျောက်နိုင်ပါ့မလား?”ဟု မေးတော်မူလိုက်၏။
☆ “မြတ်စွာဘုရား ... မပယ်ဖျောက်နိုင်ပါ။ အဘယ်ကြောင့်နည်းဆိုလျှင်
မြတ်စွာဘုရား ဤအရိုးဟာ အသားမရှိအောင် ကောင်းစွာ ခြစ်ယူခြင်းဖြင့်
ခြစ်ယူထားတဲ့အတွက် အသားမရှိ သွေးသာ လိမ်းကျံနေသောကြောင့် ဖြစ်ပါ
တယ် မြတ်စွာဘုရား ...။ အမှန်ကိုဆိုရမူ ထိုခွေးဟာ ပင်ပန်းရုံ နွမ်းနယ်ရုံ
မျှသာ ဖြစ်ရာပါတယ် မြတ်စွာဘုရား ...”ဟု လျှောက်ထားလေသည်။
☆ “ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏
တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ‘ဤကာမဂုဏ်တို့သည်
အသားမကပ်သည့်အရိုးနှင့် တူကုန်၏။ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲ
ခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏။ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း
ရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်ကား များပြားလှ၏}ဟု မြတ်စွာဘုရား-
သည် ဟောကြားထားတော်မူ၏။
☆ ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း
ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ (အဆင်း-အသံ-အနံ့
အရသာ-အတွေ့အထိတည်းဟူသော) အမျိုးမျိုးသော အာရုံသဘောကို
အာရုံပြုနေတဲ့, အမျိုးမျိုးသော အာရုံသဘောကို မှီနေတဲ့ အလယ်အလတ်
ခံစားမှု ဥပေက္ခာမျိုးကို ရှောင်ကြဉ်ကာ (ရူပါရုံစသည်ကို သိတတ်တဲ့ မြင်တတ်
တဲ့ စက္ခုဝိညာဏ်စသည့် ပဉ္စ၀ိညာဏ်တို့က ဥပေက္ခာဝေဒနာနှင့် အမြဲ
ယှဉ်နေသည့်အတွက်ကြောင့် ထိုကဲ့သို့သော ဥပေက္ခာဝေဒနာမျိုးကို ရှောင်-
ကြဉ်မှုကို ဟောတော်မူခြင်း ဖြစ်ပေသည်။) (အာနာပါနပဋိဘာဂနိမိတ်
သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ်ကဲ့သို့သော) တစ်ခုတည်းသော အာရုံ
သဘောရှိတဲ့, တစ်ခုတည်းသော အာရုံသဘောကို မှီတဲ့, အခါခပ်သိမ်း
လောကသားတို့ တပ်မက်စရာဖြစ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို
စွဲလမ်းခြင်း လိုလား တပ်မက်ခြင်း = ဆန္ဒရာဂ၏ အကြွင်းမဲ့ ချုပ်ရာဖြစ်တဲ့
စတုတ္ထဈာနုပေက္ခာဆိုတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကိုသာလျှင်
ပွားများပြီး နေထိုင်တယ်။”
▬▬▬▬▬▬▬▬▬▬▬▬
၂။ #သားတစ်နှင့်ပမာတူ၏
▬▬▬▬▬▬▬▬▬▬▬▬
☆ “ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို
ငါဘုရား ပြောပြဦးမယ်၊ လင်းတတစ်ကောင်ကဖြစ်စေ, ဘုံမတီးငှက်တစ်
ကောင်ကဖြစ်စေ, စွန်ရဲတစ်ကောင်ကဖြစ်စေ သားတစ်ကို ချီကိုက်ပြီးတော့
ပျံသွားတယ်ဆိုကြစို့။ ထိုသားတစ်ကို ချီကိုက်ပြီး ပျံသန်းနေတဲ့ ငှက်နောက်သို့
တခြားတခြားသော လင်းတတွေ ဘုံမတီးငှက်တွေ စွန်ရဲတွေဟာ အစဉ်တ
စိုက် လိုက်လိုက်ပြီးတော့ ထိုးဆိတ်ကြကုန်ရာတယ်။ သားတစ်ကို လွှတ်ချ
သည့် တိုင်အောင် ထိုးဆိတ်ကြကုန်ရာတယ်။
☆ ဒါယကာ သူကြွယ် ... ယခု ငါပြောမယ့်စကားကို သင် ဘယ်လို ထင်မြင်
ယူဆသလဲ? အကယ်၍ အသားကို ကိုက်ချီထားတဲ့ လင်းတ, သို့မဟုတ် ဘုံမ
တီးငှက်, သို့မဟုတ် စွန်ရဲဟာ ထိုအခါ သားတစ်ကိုခပ်မြန်မြန် မစွန့်လွှတ်ဘူး
ဆိုလျှင် ထိုသားတစ်ကို ကိုက်ချီထားတဲ့ ငှက်ဟာ တခြားငှက် အပေါင်းတို့က
ထိုးဆိတ်ကြခြင်းဆိုတဲ့ အကြောင်းကြောင့် သေခြင်းသို့ဖြစ်စေ, သို့မဟုတ်
သေလောက်တဲ့ ဆင်းရဲဒုက္ခသို့ဖြစ်စေ ရောက်ရာသည် မဟုတ်ပါလား”ဟု
မေးတော်မူ၏။
☆ “မှန်ပါသည် မြတ်စွာဘုရား ...”ဟု ပြန်လည် လျှောက်ထားလေသည်။
☆ “ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏
တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ‘ကာမဂုဏ်တို့သည်
သားတစ်နှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့်
များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။
ဤကာမဂုဏ်တို့၌ အပြစ်ကား များလှကုန်၏’ဟု မြတ်စွာဘုရားသည် ဟော-
ကြားထားတော်မူ၏။
☆ ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း
ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ (အဆင်း-အသံ-အနံ့အရ
သာ-အတွေ့အထိတည်းဟူသော) အမျိုးမျိုးသော အာရုံသဘောကို
အာရုံပြုနေတဲ့, အမျိုးမျိုးသော အာရုံသဘောကို မှီနေတဲ့ အလယ်အလတ်
ခံစားမှု ဥပေက္ခာမျိုးကို ရှောင်ကြဉ်ကာ (အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ်
ကသိုဏ်းပဋိဘာဂနိမိတ်ကဲ့သို့သော) တစ်ခုတည်းသော အာရုံသဘောရှိတဲ့,
တစ်ခုတည်းသော အာရုံသဘောကို မှီတဲ့, အခါခပ်သိမ်း လောကသားတို့
တပ်မက်စရာဖြစ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွဲလမ်းခြင်း လိုလား
တပ်မက်ခြင်း = ဆန္ဒရာဂ၏ အကြွင်းမဲ့ ချုပ်ရာဖြစ်တဲ့ စတုတ္ထဈာနုပေက္ခာ
ကဲ့သို့သော အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး နေ
ထိုင်တယ်။” (ဤဟတ္ထိပါလဇာတ်တော်ဝယ် လာရှိသည့်အတိုင်း အာနာပါန
စတုတ္ထဈာန် သို့မဟုတ် ကသိုဏ်းစတုတ္ထဈာန်ကဲ့သို့သော စတုတ္ထဈာန်
များကို ၀င်စားလျက် ယင်းစတုတ္ထဈာန်နှင့် ယှဉ်သော ဥပေက္ခာဝေဒနာဖြင့်
နေထိုင်နေသည်ဟု ဆိုလိုပေသည်။)
▬▬▬▬▬▬▬▬▬▬▬▬
၃။ #မြက်မီးရှူးနှင့်ပမာတူ၏
▬▬▬▬▬▬▬▬▬▬▬▬
☆ “ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို
ငါဘုရား ပြောဦးမယ် --- ယောက်ျားတစ်ယောက်ဟာ တောက်လောင်နေတဲ့
မြက်မီးရှူးကို ကိုင်ဆောင်ကာ လေညာသို့ သွားတယ်ဆိုကြစို့ ...
☆ ဒါယကာ သူကြွယ် ... ယခု ငါဘုရားပြောမယ့်စကားကို သင် ဘယ်လို
ထင်မြင်ယူဆသလဲ? အကယ်၍ ထိုယောက်ျားဟာ တောက်လောင်နေတဲ့
ထိုမြက်မီးရှူးကို လျင်မြန်စွာ မစွန့်လွှတ်ငြားအံ့၊ ထိုတောက်လောင်နေတဲ့
မြက်မီးရှူးဟာ ထိုယောက်ျား၏ လက်ကိုသော်လည်း လောင်ချင်လောင်မယ်၊
လက်မောင်းကိုသော်လည်း လောင်ချင်လောင်မယ်၊ ကိုယ်အင်္ဂါကြီးငယ်
တစ်ခုခုကိုသော်လည်း လောင်ချင်လောင်မယ်။ ထိုယောက်ျားဟာ ထိုမြက်မီး
ရှူး လောင်မြိုက်ခြင်းတည်းဟူသောအကြောင်းကြောင့် သေခြင်းသို့သော်
လည်းကောင်း, သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ
သည်မဟုတ်လော”ဟု မေးတော်မူ၏။
☆ “မှန်ပါသည် မြတ်စွာဘုရား ...”ဟု ပြန်လည် လျှောက်ထား၏။
☆ “ဒါယကာ သူကြွယ် ...ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏
တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ‘ကာမဂုဏ်တို့သည်
မြက်မီးရှူးနှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့်
များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။
ဤကာမဂုဏ်တို့၌ အပြစ်ကား များလှကုန်၏}ဟု မြတ်စွာဘုရား ဟောကြား-
ထားတော်မူ၏။
☆ ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း
ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ ။ ပ ။ ဥပေက္ခာမျိုးကို
သာလျှင် ပွားများပြီး နေထိုင်တယ်။”
▬▬▬▬▬▬▬▬▬▬▬▬▬
၎။ #မီးကျီးတွင်းနှင့်ပမာတူ၏
▬▬▬▬▬▬▬▬▬▬▬▬▬
☆ “ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို
ငါဘုရား ပြောပြဦးမယ် ... မီးတောက် မီးလျှံ မီးခိုး ကင်းမဲ့နေတဲ့,
ယောက်ျားတစ်ရပ် ပမာဏလောက်ရှိတဲ့, မီးကျီးခဲတို့ဖြင့် ပြည့်နှက်နေတဲ့
မီးကျီးတွင်းကြီးတစ်ခု ရှိတယ်ဆိုကြစို့ ...။ ထိုအခါမှာ အသက်ရှည်လိုတဲ့,
မသေလိုတဲ့, ချမ်းသာခြင်းကိုသာ အလိုရှိတဲ့, ဆင်းရဲကို ရွံရှာစက်ဆုပ်တဲ့
ယောက်ျားတစ်ယောက်ဟာ ရောက်ရှိလာတယ်ဆိုကြစို့ ...။ ထိုယောက်ျား-
ကို အားကောင်းမောင်းသန်ကြတဲ့ ယောက်ျားနှစ်ယောက်တို့က လက်ရုံးနှစ်
ဖက်တို့ကို အသီးအသီးကိုင်လျက် မီးကျီးတွင်းရှိရာသို့ ဆွဲငင်ခေါ်ဆောင်သွား-
ကြတယ်ဆိုကြစို့ ...။
☆ ဒါယကာ သူကြွယ် ... ခု ငါပြောမယ့်စကားကို သင် ဘယ်လိုထင်မြင်
ယူဆသလဲ? အမှန်အားဖြင့် ထိုယောက်ျားဟာ ဟိုဟိုဒီဒီ မိမိကိုယ်ကို ရုန်း
ကန်ရာသည် မဟုတ်လော”ဟု မေးမြန်းတော်မူလိုက်၏။
☆ “မှန်ပါသည် မြတ်စွာဘုရား ...။ အဘယ်ကြောင့်နည်းဆိုလျှင်
မြတ်စွာဘုရား ... ထိုယောက်ျားဟာ ‘ငါသည် မီးကျီးတွင်းထဲသို့ ကျရ-
ပေတော့အံ့၊ ထိုသို့ ကျရောက်ခြင်းကြောင့် သေခြင်းသို့သော်လည်းကောင်း,
သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်လေရာ၏’ဟု
သိနေသောကြောင့် ဖြစ်ပါသည် မြတ်စွာဘုရား ...”ဟု လျှောက်ထား၏။
☆ “ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏
တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ‘ဤကာမဂုဏ်တို့သည်
မီးကျီးတွင်းနှင့် တူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့်
များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။
ဤကာမဂုဏ်တို့၌ အပြစ်ကား များလှ၏’ဟု မြတ်စွာဘုရားသည် ဟောကြား-
ထားတော်မူ၏။
☆ ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း
ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ ။ ပ ။ ဥပေက္ခာမျိုးကိုသာ
လျှင် ပွားများပြီး နေထိုင်တယ်။”
▬▬▬▬▬▬▬▬▬▬▬▬▬
၅။ #အိပ်မက်နှင့်ပမာတူ၏
▬▬▬▬▬▬▬▬▬▬▬▬▬
☆ ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို
ငါဘုရား ပြောဦးမယ်--- ယောက်ျားတစ်ယောက်ဟာ မွေ့လျော်ဖွယ် ကောင်း
တဲ့ အရံç မွေ့လျော်ဖွယ်ကောင်းတဲ့ တောအုပ်, မွေ့လျော်ဖွယ်ကောင်းတဲ့
မြေအပြင်, မွေ့လျော်ဖွယ်ကောင်းတဲ့ ရေကန်ကို အိပ်မက် မြင်မက်တယ်
ဆိုကြစို့ ...။ ထိုယောက်ျားဟာ နိုးလာတဲ့အခါ တစ်စုံတစ်ခုကိုမျှ မတွေ့မမြင်
ရာသကဲ့သို့ ---
☆ ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်
သား သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ‘ကာမဂုဏ်တို့သည်
အိပ်မက်နှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့်
များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်းç ပင်ပန်းခြင်း ရှိကုန်၏။ ဤ
ကာမဂုဏ်တို့၌ အပြစ်ကား များလှ၏’ဟု မြတ်စွာဘုရားသည် ဟောကြား-
ထားတော်မူ၏။
☆ ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း
ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ ။ ပ ။ ဥပေက္ခာမျိုးကိုသာ
လျှင် ပွားများပြီး နေထိုင်တယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၆။ #ငှားရမ်းဝတ်ဆင်ထားသောစည်းစိမ်ဥစ္စာနှင့်ပမာတူ၏
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
☆ “ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား
ပြောပြဦးမယ် --- ယောက်ျားတစ်ယောက်ဟာ ငှားရမ်းထားတဲ့ ဥစ္စာဖြစ်တဲ့
ယာဉ်, ယောက်ျားနှင့် ထိုက်တန်တဲ့ ပတ္တမြားနားဋောင်းကို ငှားရမ်းကာ
ထိုငှားရမ်းထားတဲ့ ဥစ္စာတို့ဖြင့် ၀တ်ဆင် ဗန်းပြလျက် ဈေးအတွင်းသို့
ဝင်ရောက်သွားတယ်ဆိုကြစို့ ...။
☆ ထိုယောက်ျားကို လူအများက မြင်တွေ့လိုက်တဲ့အခါ --- ‘အချင်းတို့
ဤယောက်ျားသည် ဥစ္စာရှိပေစွတကား ...၊ ဥစ္စာရှိသူတို့သည် ဥစ္စာတို့ကို
ဤသို့ပင် ခံစားကြကုန်၏’ဟု ပြောဆိုရာ၏။ သို့သော် ထိုယောက်ျားကို
ဥစ္စာရှင်တို့က တွေ့လေရာရာ အရပ်၌သာလျှင် ဥစ္စာတို့ကို ပြန်ယူကုန်တယ်
ဆိုကြစို့ ...။
☆ ဒါယကာ သူကြွယ် ... ခု ငါပြောမယ့်စကားကို သင် ဘယ်လိုထင်မြင်
ယူဆသလဲ? ထိုယောက်ျားအား တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ပါမည်လော”ဟု
မေးတော်မူ၏။
☆ “မြတ်စွာဘုရား ...ဖြစ်နိုင်ရာပါ၏။ အဘယ်ကြောင့်နည်းဆိုလျှင်
မြတ်စွာဘုရား ... ဥစ္စာရှင်တို့က မိမိတို့ပိုင်ဆိုင်တဲ့ ဥစ္စာတို့ကို ပြန်ယူကုန်
သောကြောင့် ဖြစ်ပါသည် မြတ်စွာဘုရား ...”ဟု လျှောက်ထား၏။
☆ “ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏
တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ‘ကာမဂုဏ်တို့သည်
ခေတ္တခဏမျှ ငှားရမ်းဝတ်ဆင်ထားသော စည်းစိမ်ဥစ္စာနှင့် ပမာတူကုန်၏၊
ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊
များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်ကား
များလှကုန်၏’ဟု မြတ်စွာဘုရား ဟောကြားထားတော်မူ၏။
☆ ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း
ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ ။ ပ ။ ဥပေက္ခာမျိုးကိုသာ-
လျှင် ပွားများပြီး နေထိုင်တယ်။”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၇။ #အသီးသီးသောသစ်ပင်နှင့်ပမာတူ၏
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
☆ “ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား
ပြောပြဦးမယ် --- ရွာ၏ မနီးမဝေးသော အရပ်၌ သို့မဟုတ် နိဂုံး၏ မနီးမဝေး
သော အရပ်၌ တစ်ခဲနက် ထူထပ်သော တောအုပ်ကြီးတစ်ခု ရှိတယ်ဆိုကြ
စို့ ...။ ထိုတောအုပ်ထဲမှာ သစ်ပင်တစ်ပင်ဟာ ချိုမြိန်ကောင်းမြတ်တဲ့ အသီး
လည်း ရှိတယ်၊ များပြားလှတဲ့ အသီးလည်း ရှိတယ်၊ မြေပေါ်မှာ ကြွေကျ
နေတဲ့ အသီးတစ်လုံးတလေမျှလည်း မရှိဆိုကြစို့ ...။
☆ ထိုအခါမှာ သစ်သီးကို အလိုရှိတဲ့အတွက် သစ်သီးရှာဖွေတဲ့ ယောက်ျား
တစ်ယောက်ဟာ သစ်သီးရှာ လှည့်လည်လာရာ ထိုတောအုပ်အတွင်းသို့
ဝင်ပြီးတော့ ချိုမြိန်ကောင်းမြတ်တဲ့ အသီးများများရှိတဲ့ ထိုသစ်ပင်ကို တွေ့
မြင်ပြီဆိုကြစို့ ...။
☆ ထိုယောက်ျား၏ သန္တာန်မှာ ဤသို့သော စိတ်အကြံအစည်တစ်ခု
ဖြစ်ပေါ်လာလေရာတယ် --- ‘ဤသစ်ပင်ဟာ ချိုမြိန်ကောင်းမြတ်တဲ့ အသီး-
လည်း ရှိတယ်၊ အသီးလည်း များတယ်၊ မြေပေါ်မှာ ကြွေကျနေတဲ့ အသီး-
လည်း တစ်လုံးမျှ မရှိဘူး၊ ငါဟာ သစ်ပင်တက်ရန် နားလည် ကျွမ်းကျင်တယ်၊
ဤသစ်ပင်ကို တက်ပြီးတော့ အလိုရှိသလောက် စားကာ ခါးပိုက်ကိုလည်း
ပြည့်အောင် သစ်သီးတွေကို ဆွတ်ခူးရမူ ကောင်းလေစွ}လို့ စိတ်အကြံအစည်
ဖြစ်တယ်ဆိုကြစို့ ...။
☆ ထိုယောက်ျားဟာ စိတ်ကူးထားတဲ့အတိုင်း ထိုသစ်ပင်ကို တက်ပြီးတော့
အလိုရှိတိုင်း စားပြီးတော့ ခါးပိုက်ကိုပြည့်အောင် သစ်သီးတွေကို ဆွတ်ခူးနေ
တယ်ဆိုကြစို့ ...။
☆ ဒုတိယ နောက်ယောက်ျားတစ်ယောက်ကလည်း သစ်သီးကိုပဲ အလိုရှိတဲ့
အတွက် ထက်လှစွာသော ဓားမကို ယူဆောင်ပြီးတော့ သစ်သီးရှာ လှည့်
လည်လာရာ ထိုတောအုပ်အတွင်းသို့ပင် သက်ဝင်ပြီးတော့ ချိုမြိန်တဲ့ အသီး
များများ ရှိတဲ့ ထိုသစ်ပင်ကို မြင်တွေ့ပြီဆိုကြစို့ ...။
☆ ထိုဒုတိယယောက်ျား၏ သန္တာန်မှာ စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်-
လာပြန်တယ် --- ‘ဤသစ်ပင်ဟာ ချိုမြိန်တဲ့ အသီးလည်း ရှိတယ်၊ အသီးလည်း
များတယ်၊ မြေပေါ်မှာ ကြွေကျနေတဲ့ အသီးလည်း တစ်လုံးမျှ မရှိဘူး။ ငါဟာ
သစ်ပင်ကို တက်ရန် နားမလည် မတက်တတ်၊ ငါဟာ ဤသစ်ပင်ကို အရင်းမှ
ဖြတ်ပြီးလျှင် အလိုရှိတိုင်း စားကာ ခါးပိုက်ပြည့်အောင် သစ်သီးတွေကို
ဆွတ်ခူးရမူ ကောင်းလေစွ’ဆိုတဲ့ စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်လာတဲ့
အတွက် ထိုဒုတိယယောက်ျားဟာ ထိုသစ်ပင်ကို အရင်းကနေပဲ ဓားဖြင့်
ခုတ်ဖြတ်လှဲပြီဆိုကြစို့ ...။
☆ ဒါယကာ သူကြွယ် ... ခု ငါပြောမယ့်စကားကို သင် ဘယ်လို ထင်မြင်
ယူဆသလဲ? ပထမဦးစွာ သစ်ပင်ထက်သို့ ရောက်ရှိနေတဲ့ ဤမည်သော
ယောက်ျားဟာ အကယ်၍ သစ်ပင်မှ လျင်မြန်စွာ မဆင်းသက်ငြားအံ့၊ ထို
သစ်ပင်လဲတဲ့အခါ ထိုယောက်ျား၏ လက်သည်မူလည်း ကျိုးပဲ့ပျက်စီးရာ၏၊
ခြေထောက်သည်မူလည်း ကျိုးပဲ့ပျက်စီးရာ၏၊ အင်္ဂါကြီးငယ် တစ်ခုခုသည်
လည်း ကျိုးပဲ့ပျက်စီးရာ၏၊ သစ်ပင်လဲခြင်းတည်းဟူသော အကြောင်းကြောင့်
သေဆုံးခြင်းသို့သော်လည်းကောင်း, သေလောက်သော ဆင်းရဲခြင်းသို့သော်
လည်းကောင်း ရောက်ရာသည် မဟုတ်လော”ဟု မေးတော်မူ၏။
☆ “မှန်ပါသည် မြတ်စွာဘုရား ...”ဟု လျှောက်ထား၏။
☆ “ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏
တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ‘ကာမဂုဏ်တို့သည်
ချိုမြိန် ကောင်းမြတ်သော အသီးရှိတဲ့ သစ်ပင်နှင့် တူကုန်၏၊ ပစ္စုပ္ပန်သံသရာ
နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာပူပန်
ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်ကား များလှကုန်၏’ဟု
မြတ်စွာဘုရား ဟောကြားထားတော်မူ၏။
☆ ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း
ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ (အဆင်း-အသံ-အနံ့
အရသာ-အတွေ့အထိတည်းဟူသော) အမျိုးမျိုးသော အာရုံသဘောကို
အာရုံပြုနေတဲ့, အမျိုးမျိုးသော အာရုံသဘောကို မှီနေတဲ့ အလယ်အလတ်
ခံစားမှု ဥပေက္ခာမျိုးကို ရှောင်ကြဉ်ကာ (အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ်
ကသိုဏ်းပဋိဘာဂနိမိတ်ကဲ့သို့သော) တစ်ခုတည်းသော အာရုံသဘောရှိတဲ့,
တစ်ခုတည်းသော အာရုံသဘောကို မှီတဲ့, အခါခပ်သိမ်း လောကသားတို့
တပ်မက်စရာဖြစ်ကြတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွဲလမ်းခြင်း
လိုလားတပ်မက်ခြင်း “ဆန္ဒရာဂ”၏ အကြွင်းမဲ့ ချုပ်ရာဖြစ်တဲ့ စတုတ္ထဈာနု
ပေက္ခာဆိုတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး
နေထိုင်တယ်။”
☆ ဤကားမဇ္ဈိမပဏ္ဏာသပါဠိတော် ပါတလိယသုတ္တန် (မ၊၂၊၂၇-၃၀။)တို့၌
လာရှိသော ကာမဂုဏ်တို့၏ အပြစ်များပင် ဖြစ်ကြပေသည်။ တစ်ဖန် ဘုရား-
ရှင်က ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ကျင့်စဉ်တို့ကိုလည်း ဆက်လက်
ဟောကြားတော်မူ၏။
☆ အကျဉ်းချုပ်မှာ ဤသို့ဖြစ်၏ --- ဘုရားရှင်၏ တပည့်သာဝက တစ်ဦး-
ကား ဤကဲ့သို့သော ကာမဂုဏ်တို့၏ အပြစ်တို့ကို ဘုရားရှင် ဆိုဆုံးမတော်မူ
သည့်အတိုင်း ရှုမြင်ပြီးနောက် ယင်းကဲ့သို့သော စတုတ္ထဈာန်နှင့် ယှဉ်နေသည့်
ဥပေက္ခာကိုသာလျှင် ပွားများပြီး နေထိုင်တယ်။ ဤမျှတွင်လားဆိုလျှင် မက
သေးဘူး။ ရူပါဝစရစတုတ္ထဈာန်ကို အခြေခံ၍ အရူပဈာန်တွေကိုလည်း ဆက်
လက်ကာ ကြိုးပမ်းပြန်တယ်။ တစ်ဖန် ပထ၀ီကသိုဏ်းစသည့် ကသိုဏ်း-
တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ယင်းဈာန်သမာပတ် (၈)ပါးတို့ကို
(၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ကြိတ်ခြေပြီးနောက် (၀ိသုဒ္ဓိ၊၂၊၂-၄။) ---
၁။ ပုဗ္ဗေနိဝါသာနုဿ တိအဘိညာဏ် = ရှေ့၌ နေခဲ့ဖူးသည့်ခန္ဓာအစဉ်ကို
အစဉ်လျှောက်ကာ အောက်မေ့နိုင်သည့် အဘိညာဏ်၊
၂။ ဒိဗ္ဗစက္ခုအဘိညာဏ် = နတ်မျက်စိကဲ့သို့သော အနီးအဝေး ရှိသမျှ
အလုံးစုံကို သိမြင်နိုင်သော အဘိညာဏ်၊
၃။ အာသ၀က္ခယဉာဏ် = ကိလေသာအာသဝေါတရားတို့ကို ကုန်ခန်းစေ
တတ်သည့် အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ် ---
☆ ဤ၀ိဇ္ဇာသုံးပါးတို့ကိုရှိအောင် ဆက်လက် ကြိုးပမ်းပြန်တယ်။ ယင်းကဲ့-
သို့သော ကိလေသာအာသဝေါတရားများ ကင်းစင်နေသည့် ရဟန္တာသခင်
အရှင်မြတ်ကိုသာလျှင် ‘လူ’ဟု, ‘သူကြွယ်’ဟု ခေါ်ဝေါ်သုံးစွဲမှု မပြုတော့ဘဲ
မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ ဤဆိုခဲ့ပြီးသည့် အရဟတ္တဖိုလ်
တိုင်အောင်သော ကျင့်စဉ်နည်းလမ်း အတိုင်းအရှည်ဖြင့်သာလျှင် အခါခပ်
သိမ်း လုံးဝဥဿုံ လူဟူသော ခေါ်ဝေါ်သုံးစွဲမှု အသုံးအနှုန်း ပြတ်ခြင်းသည်
ဖြစ်ပေတယ် ---ဟု ပေါတလိယသူကြွယ်အား ဘုရားရှင်က မိန့်ကြားတော်မူ
လိုက်ပေသည်။
☆ ဘုရားရှင်သည် ဤသာသနာတော်မြတ်ကြီးတည်းဟူသော စံအိမ်ကြီးကို
အရဟတ္တဖိုလ် နိဗ္ဗာန်ကို အထွတ်တပ်လျက် တည်ထောင်ထားတော်မူခဲ့၏။
ထိုအရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ရှေးဦးစွာ လိုအပ်
ချက်တစ်ခုသည်ကား ကာမဂုဏ်တို့ကို စွန့်လွှတ်နိုင်ခြင်းပင် ဖြစ်၏။ ကာမ
ဂုဏ် အနှောင်အဖွဲ့တို့ကို စွန့်လွှတ်ပြီးနောက်တွင်ကား သီလ, သမာဓိ, ပညာ
သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သည့် မဂ္ဂင် (၈)ပါး ကျင့်
စဉ် တရားတို့ကို စနစ်တကျ ပြည့်ပြည့်စုံစုံ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်
ရမည် ဖြစ်ပေသည်။
☆ Buddhavasa Tiloka ☆
အတူမရှိသော အရာ ( ၄ ) မျိုး
၁. ကိုယ်နှင့် တူသော ချစ်သူမရှိ။
၂. စပါးနှင့် တူသော ဥစ္စာမရှိ။
၃. ပညာနှင့် တူသော အရောင်မရှိ။
၎. မိုးရွာခြင်းနှင့် တူသော အိုင်မရှိ။
နတ္ထိအတ္တသမံပေမံ၊
နတ္ထိဓညသမံဓနံ
နတ္ထိပညာသမာအာဘာ
ဝုဋ္ဌိဝေပရမာသရာ။'
ဒီတကြိမ်ပဲရမယ်
အခုဘဝဆင်းရဲနေကြလို့  ဝမ်းမနည်း နဲ့  သံသရာကမကျွတ်ခဲ့သေးဘူးဆိုရင် နောင်လာမဲ့ဘဝတွေမှာ ဘုရင်တွေ စင်္ကြာဝတေးမင်းတွေ သူဋ္ဌေးကြီးတွေ ရဲ့ ဘဝတွေ မနေမတွတ်နိုင်အောင်ရ ရှိကြ လိမ့်ဦးမယ်။
ချမ်းသာနေတဲ့သူတွေ အဆင်ပြေနေကြတဲ့ သူတွေကလည်း ဝမ်းသာ ကျေနပ်မနေကြနဲ့  သံသရာကအရှည်ကြီးမို့  နောင်ဘဝတွေ မှာ ဆင်းရဲသားဖြစ်ဖို့  ကုန်းကောက်စရာ မရှိအောင် မွဲဖို့  အတိက်က ပြုလုပ်ခဲ့တဲ့ မကောင်းမှု့ ကံတွေက စောင့်နေလေရဲ့...
ဆင်းရဲသားပဲဖြစ်ဖြစ် သူဋ္ဌေးကြီးပဲဖြစ်ဖြစ်
့သံသရာက ကျွတ်ဖို့ အခွင့်အရေးကတော့ သာသနာနဲ့ ကြုံနေရတဲ့ ခုလိုအချိန်မျိုးမှာပဲ ပါရမီဖြည့်ဆည်းလို့ ရမယ်
လူတိုင်းမှာ လူ့ ခေါင်းနဲ့  လူ့ ခန္ဓာကိုယ် ရဖို့ က လူ့ ဘဝတစ်ဘဝပဲရှိတယ်။
ကျန်တဲ့အချိန်တွေက တိရစ္ဆာန်ခေါင်းနဲ့  တိရစ္ဆာန်ခန္ဓာကိုယ်ပဲ တပ်နေရတာ များတယ်။
သာသနာပကာလမှာ ကျင်လည်ရတာက မျာြး့ပီး သာသနာနဲ့ ကြုံတဲ့အချိန်က ခဏမှခဏလေး
ဒါ့ကြောင့် ဗုဒ္ဓက
""" ဒီခဏလေးကို လွန်သွားလို့ ရှိရင်တော့ သောက ပရိဒေဝ နဲ့ သာ နေဖို့ ပြင်ထား ကြပေတော့...""" လို့  ဆုံးမခဲ့တယ်။
လူ့ စည်းစိမ် နတ်စည်းစိမ်တွေကတော့ မလိုချင်လည်း ရနေဦးမှာဖြစ်ပေမဲ့
သံသရာကကျွတ်ဖို့  ပါရမီဖြည့်ဖို့ ကတော့
#ဒီတကြိမ်ပဲရမယ်
လူ့ တစ်ဘဝ မျက်တောင်တဆုံးထက်
သံသရာ မျက်စိတဆုံးကို မြင်အောင်ကြည့်ကြပါ။
**** ဓမ္မမိတ်ဆွေများကျမ္မာ ကြပါစေ
စေတနာများစွာဖြင့်
တရားထိုင်ခြင်း
တရားဘာဝနာအလုပ်အားထုတ်တယ်ဆိုတာ စိတ်အလုပ်ပါ။ ဘာဝနာက နှစ်မျိုးရှိပါတယ်။ စိတ်ကိုထိန်းရတဲ့ ဘာဝနာနဲ့ စိတ်ကို စောင့်ရှောက်ရတဲ့ ဘာဝနာ လို့ ခေါ်ပါတယ်။
စိတ်ကို ထိန်းတဲ့နည်းနဲ့ ဘာဝနာကို အားထုတ်ဖို့ ဆိုရင် လောက ဥပမာအရ ကဆုန် ပေါက် ပြေးလွှားဆော့ကစားနေတဲ့ အရွယ် နွားငယ်တစ်ကောင်ရှိတယ် ဆိုပါစို့။ ဒီနွားကို ငြိမ်သွားစေချင်တဲ့သူဟာ နွားဖားကြိုး ထိုး၊ ဒါမှမဟုတ် လည်ပင်းကို ကြိုးကွင်း လည်ပတ်ချည်၊ နောက်ပြီး တိုင်ငုပ်တစ်ခု ခိုင်ခိုင်စိုက်၊ အဲဒီနွားငယ်နဲ့ တိုင်ငယ်ကို ကြိးခိုင် ခိုင်နဲ့ ချည်ထားလိုက်ပါ။ ကြိုးကလည်းခိုင်၊ တိုင်ကလည်းမြဲ ဆိုတော့ ဒီနွားငယ်ဟာ အတင်းရုန်းပြေးနေပေမယ့် တဖြည်းဖြည်း မောလာပြီး ဒီတိုင်ခြေမှာပဲ ငြိမ်ဝပ်သွားပါတယ်။
အဲဒီလိုပဲ စိတ်က နွား၊ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုက တိုင်ငုတ်၊ သတိက ကြိုးပေါ့။ စိတ်က အလွန်ပြေးတယ်။ ဘယ်အာရုံမဆို လှစ်ခနဲလှစ်ခနဲ ရောက်သွားတတ်တယ်။ သတိကောင်းကောင်းနဲ့ ထင်ရှားတဲ့ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို အာရုံပြု သတိထားနိုင်ရင် ဒီစိတ်ဟာ မပြေးတော့ပါဘူး။ ငြိမ်သွားတယ်လို့ ခေါ်ပါတယ်။
ဒီစိတ်ကို ထိန်းတဲ့နည်းနဲ့ အားထုတ်တဲ့အခါ သာမန်မျက်စိနဲ့ မတွေ့မြင်နိုင်တဲ့ စိတ်ကို ထိန်းဖို့ ဆိုတာတော့ သတိ အားလည်း မကောင်း သေးတဲ့ သူတွေဟာ သတိအား ကောင်းအောင် မကြိုးစားဘဲ ကမ္မဋ္ဌာန်းအာရုံကို မထင်ရှား၊ ထင်ရှားအောင် လုပ်ယူတတ်ကြပါ တယ်။ အတင်းစိတ်ရော ကိုယ်ပါ တင်းကြပ်အောင် ချုပ်ထားနေကြပါတယ်။
အမှန်က မိမိစိတ်မှာ သတိအားကောင်းအောင် ကြိုးစားရမှာပါ။ သတိအားကောင်းရင် သမာဓိအားကောင်းလာပြီး စိတ်ကို ထိန်းနိုင်လာပါတယ်။ သတိနည်းရင်၊ သတိလွတ်ရင် တော့ စိတ်လည်း လွတ်ထွက်သွားပါပြီ။
ဒါက စိတ်ကို ထိန်းတဲ့နည်းပါ။ စိတ်ကို စောင့်ရှောက်တယ်ဆိုတာက စိတ်ရဲ့သဘောကို သိအောင် စောင့်ကြည့်ရပါတယ်။ စိတ်မှာ အန္တရာယ်ကင်းအောင် ကာကွယ်ပေးရပါတယ်။ စိတ်ကိုစောင့်ရှောက်တဲ့နည်း ပေါ် လွင်အောင် ထိန်းတဲ့နည်းနဲ့ ဥပမာတွဲပြီး ပြောပြပါမယ်။ ကလေးထိန်းတာနဲ့ ကလေးစောင့်ရှောက်တာပေါ့။
အိမ်မှာ ခိုင်းနေတဲ့ သူကို ဈေးဝယ် သွားစရာရှိလို့ ကလေးထိန်းထားပေးပါလို့ မှာခဲ့ရင် သူကလည်း ထိန်းဆိုတဲ့အတိုင်း ကလေးက ဟိုဟာ လိုချင် လည်းမယူနဲ့၊ ဒီဟာ စားချင်လည်း မစားနဲ့၊ ဟိုဟာ လုပ်ချင်လည်း မလုပ်နဲ့လို့တားမြစ် တာမျိုးလည်း ရှိပါတယ်။
ကလေးကို နိုင်တဲ့လူ၊ ကလေးက ကြောက်ရတဲ့သူဆိုတော့ ကြောက်ပြီး ငြိမ်ကုပ်နေပါတယ်။ ဒါက ထိန်းတာပါ။ တစ်ခါတလေ သားသမီးငယ် တွေ နေမကောင်းတဲ့ အခါ မိဘတွေက ပြုစုကြပါတယ်။ အဖျားရှိန်ရှိနေလို့ အိပ်ရာကုတင်ပေါ်မှာ လူးလွန့်ရင်း ယောင်ရမ်းပြီးအော် တတ်ပါတယ်။ နိုးသွားတာလည်း မဖြစ်အောင်၊ လိမ့်ကျမှာလည်း မဖြစ်အောင် ကုတင်ဘေး အသာပြေးရပ်ပြီးကာကြပါတယ်။
အန္တရာယ် မကျအောင် စောင့်ရှောက်ကြပါတယ်။ ယောင်ရမ်းပြီး ပြောချင်ရာပြော၊ အော်ချင်ရာတွေအော်နေရင်လည်း ရင်ဘတ် ပေါ် အ၀တ်ထူလေးတင်လို့၊ နဖူးပေါ် လက်ကလေးဖိလို့ လုပ်ပေးကြပါတယ်။ အဖျားရှိနေရင်လည်း ထိုက်သင့်တဲ့ ဆေးတိုက်လို့၊ ရေခဲပတ်တိုက်ပေးလို့၊ ကျွေးသင့်တဲ့ အစာကျွေးလို့ စောင့်ရှောက်ကြပါတယ်။
ကလေးရဲ့ အခြေအနေမှန်ကို သိအောင်လို့ပါ။ အန္တရာယ် မဖြစ်အောင်ပေါ့။ ဒီလိုပဲ။ စိတ်ရဲ့သဘောလက္ခဏာတွေကို အမှန်အတိုင်း သိအောင် စောင့်ရှောက်တဲ့နည်း စောင့် ကြည့်ရတဲ့နည်းလည်း ရှိပါတယ်။
စိတ်ကို ထိန်းတာက သမထ၊ စိတ်ကို သိအောင် ကြည့်တာက ၀ိပဿနာပါ။ စိတ်ကို ထိန်းတဲ့ နည်းနဲ့ အားထုတ်ရင် စိတ်ကို ထိုက်သင့်သလောက် ထိန်းနိုင်ပါတယ်။ အမြဲတော့ မရနိုင်ပါဘူး။ အတိုင်းအတာတစ်ခုထိပဲ ရနိုင်ပါ တယ်။
စိတ်ကို စောင့်ရှောက်တဲ့နည်းနဲ့ အားထုတ်ရင် စိတ် လည်း မပင်ပန်း၊ လူလည်း မပင်ပန်းဘဲ စိတ်ရဲ့ သဘောတွေကို အသေအချာ နားလည်သဘောပေါက်လာပါတယ်။ ကိုယ့်စိတ်ရဲ့သဘောကို ကိုယ်အသိဆုံးဆိုတာ အားကောင်းသူတွေကသာ သိနိုင်တာပါ။ စိတ်ဆိုတာ ထိန်းရာကနေ လွတ်သွားတတ်တယ်ဆိုတဲ့ သဘောမျိုး တွေလည်း အသိတိုးလာနိုင်ပါတယ်။
စိတ်လွင့် ရင်၊ လွင့်မှန်းမသိ၊ လွတ်ရင်လည်း လွတ်မှန်း သိပါ။ စိတ်မလွင့်ရင်၊ မလွတ်ရင်လည်း မလွင့်မှန်း၊ မလွတ်မှန်းသိပါ။ အဲဒီလို သတိ ထားရာကနေ စိတ်ရဲ့ သဘောတွေကို တစ်ဆင့်ပြီး တစ်ဆင့် သိလာပါလိမ့်မယ်။
ဒါကြောင့် စိတ်ထိန်းရာကနေ လွတ်သွားရင် စိတ်ထိန်းတဲ့ ဘာဝနာနည်းပျက်ပေမယ့် စိတ်ကို စောင့်ရှောက်တဲ့နည်း မပျက်နိုင်ပါဘူး။ စိတ်အကြောင်းကို သိအောင်ကြည့် နေရင် စိတ်ရဲ့လွင့်တတ်မှု သဘောတွေကို ပိုပြီး သိသာလာနိုင်ပါတယ်။ အသိတွေလည်း တိုးလာနိုင်ပါတယ်။
အသိတိုးလာရင် ၀ိပဿ နာတရားလည်း တိုးလာပါပြီ။ တရားမပျက်တော့ပါဘူး၊
စိတ်ကိုထိန်းတဲ့ နည်းထက် စိတ်ကိုစောင့် ရှောက်တဲ့ ၀ိပဿနာ နည်းကိုလည်းအားထုတ်တတ်ပါစေ။
မီးဘေးသင့်စေနိုင်သော လှူဒါန်းနည်း
လှူဒါန်းမှုသည် ကောင်းသောလုပ်ငန်းတစ်ခုဖြစ်သော်လည်း ခံစားမှုတစ်ခုကိုအခြေခံပြီး မှားယွင်းသောရည်ရွယ်ချက်ဖြင့် လှူဒါန်းမှုပြုပါက ကောင်းကျိုးနောက်မှာ ဆိုးကျိုးများ ကပ်လျှက် လိုက်ပါလာတတ်ကြပေသည်။
သပ္ပုရိသသုတ်မှာ သူတော်ကောင်းတို့လှူလေ့ရှိသော အလှူဒါန (၅) မျိုးရှိသည့်အနက် နောက်ဆုံးအချက်ဖြစ်သည့် အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ-ဆိုတဲ့ အချက်သည် အလှူ့ရှင်တိုင်း အလွန်သတိထားသင့်သော အချက်ဖြစ်ပေသည်။
ထိုအချက်သည် အလှူပြုသောအခါ မိမိကိုယ်ကိုယ်လည်းမထိခိုက်=သူတစ်ပါးကိုလည်း မထိခိုက်စေပဲ လှူရမည်ဟု ညွှန်ကြားထားလေသည်။ ဆိုလိုသည်က အလှူတစ်ခုပြုလုပ်သည့်အခါ မိမိကိုယ်ကိုယ် အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြသကဲ့သို့ ငါ ဒီလို ဒီလို လှူလိုက်လျှင် ငါ့ကို ပတ်ဝန်းကျင်က စေတနာကောင်းလိုက်တာ သဒ္ဓါတရားကောင်းလိုက်တာစသည်ဖြင့် ချီးမွမ်းကြလိမ့်မည်ဟု ချီးမွမ်းကြမည့်စကားကိုမျှော်လင့်သော (အတ္တုက္ကံသန) ဖြင့်လည်းကောင်း။ ဟိုလူတွေကို ကပ်စီးနှဲလိုက်ကြတာ စေတနာမွဲလိုက်ကြတာစသည်ဖြင့် အမြင်ရောက်သွားအောင် ထိုသူတို့ကို ကဲ့ရဲ့စေလိုသော ရည်ရွယ်ချက်မျိုး (ပရ၀မ္ဘန) ဖြင့်လည်းကောင်း မလှူအပ်ပေ။
ဥပမာ= ဟိုဘက်အိမ်က ငါးရာလှူတယ်လို့မိုက်ဖြင့်ကြေညာသံကြားလျှင် သူ့ထက်သာအောင် တစ်ထောင်လှူပြလိုက်မယ်။ ထိုအခါ ပတ်ဝန်းကျင်က ဟိုအိမ်ကလူတွေ ချမ်းသာကြလျှက် ငါးရာပဲလှူကြတယ် ငါ့ကိုတော့ ဆင်းရဲပါလျှက် တစ်ထောင်တောင်လှူတာ စေတနာကောင်းလှပါလား စသည်ဖြင့် ဟိုလူတွေကိုကဲ့ရဲ့စေပြီး မိမိကို ချီးမွမ်းစလိုသောဆန္ဒဖြင့် မလှူအပ်ပေ။
ထိုကဲ့သို့ အတ္တုက္ကံသန=ပရ၀မ္ဘန-စိတ်ထားမျိုးဖြင့်လှူဒါန်းပါက လှူခြင်းကြောင့် အိမ်ကြီး အိမ်ကောင်းနှင့်နေနိုင်ခြင်းစသော ချမ်းသာသောအကျိုးများရရှိစေနိုင်သော်လည်း သူတစ်ပါးကို လွှမ်းမိုးလို ကဲ့ရဲ့စေလိုသောစိတ်ထားရှိခဲ့သောကြောင့် အိမ်မီးလောင်ခြင်း ရေမြောခြင်း စသောဆိုးကျိုးများလိုက်ပါလာတတ်ကြပေသည်။
ထို့ကြောင့် .............. လှူဒါန်းသော ဆင်းတုတော်များ
ပူဇော်ထားနိုင်ရန် ................ဖောင်ဒေးရှင်းမှ ချင်းပြည်နယ်ရှိ
ရေဘေးသင့်ပြည်သူများအား နေအိမ်ဆောက်လုပ် လှူဒါန်း= စသော အသုံးအနှုန်းမျိုးများ ရှောင်ရှားကြလျက် မိမိတို့အလှူကို စေတနာသန့်သန့် စိတ်သန့်သန့်ဖြင့် လှူဒါန်းတတ်ကြစေရန် အကြံပြုရေးသားလိုက်ရပေသည်။
မြန်မာနိုင်ငံရှိ သံဃာဂိုဏ်းကြီး (၉)ဂိုဏ်း
သံဃာတော်များသည် မိမိတို့၏ ဆရာအစဉ်အဆက်အားဖြင့် ဂိုဏ်းများအဖြစ်တည်ရှိကာ ယနေ့မြန်မာနိုင်ငံတွင်
( ၉ ) ဂိုဏ်းရှိနေသည်ကို တွေ့ရှိရပါသည်။
( ၁ ) သုဓမ္မာဂိုဏ်း
တာဝတိံသာနတ်ပြည်တွင် သိကြားမင်းသည် သုဓမ္မာဇရပ်တော်၌ မှုခင်းများကို စီစဉ်ဆုံး
ဖြတ်လေ့ရှိသည်။ ဤအစဉ်အလာအရ မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာ
မှုခင်းများကို ဆရာတော်ကြီးများ စုဝေးဆုံးဖြတ်ရာ၌ ထိုနေရာဌာနကို "သုဓမ္မာ " ဟုခေါ်သည်။ ယင်း
အစည်းအဝေးသို့ တက်ရောက်ခွင့်ရသောဆရာတော်များကို သုဓမ္မာဝင်ဟုခေါ်သည်။ သံဃာ့ဂိုဏ်းများ မကွဲမပြား တစ်စည်းတစ်လုံးတည်းရှိစဉ်က မြန်မာနိုင်ငံတွင် သံဃာအားလုံးသည် သုဓမ္မာဝင်ဆရာ
တော်ကြီးများ၏ အုပ်ချူပ်မှုအောက်တွင် ရှိနေကြသည်။ ထိုသို့ရှိနေရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင်
' ရွှေကျင် ' ဂိုဏ်း ခွဲထွက်သွားသောအခါ ရွှေကျင်ဂိုဏ်းဝင်မဟုတ်သော သံဃာများကို သုဓမ္မာ
ဂိုဏ်းဝင်အဖြစ် ခေါ်ဆိုကြသည်။
( ၂ ) ရွှေကျင်ဂိုဏ်း
မင်းတုန်းမင်းကြီးသည် ၀ိနည်းသိက္ခာအလွန်လေးစား၍ အကျင့်ပဋိပတ်နှင့်ပြည့်စုံသော
ရွှေကျင်ဆရာတော်ဘုရားကြီး ဦးဇာဂရကို အလွန်တရာကြည်ညို၍ သာသနာပိုင်အဖြစ် တင်မြှောက်
လိုသော်လည်း တောင်နန်းမိဖုရားခေါင် စင်္ကြာဒေ၀ီ၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် မောင်းထောင်ဆရာတော် ကိုသာသနာပိုင် တင်မြှောက်ခဲ့ရသည်။ အခါတစ်ပါး ရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင်ဆရာတော်ထံ သွားရောက်ရာ စကားမပြောဆိုပဲနေခဲ့သဖြင့်
ဆရာတော်မှ မိမိအား မလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ ယင်းနောက် ၁၂၁၄ ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် သုဓမ္မာသို့ကြွရန် ဆင့်ဆိုရာ မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းအကြပ်ခေါ်ဆိုရန် စီမံရာတွင် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော် လွတ်လပ်စွာ သီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီး ဦးဇာဂရ၏ တပည့်သံဃာတော် အဆက်ဆက်တို့ကို
ရွှေကျင်ဂိုဏ်းဝင်ဟုခေါ်ဆိုကြသည်။
( ဒွါရဂိုဏ်း (၃) ဂိုဏ်း )
သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် ပဲခူးတိုင်း အုတ်ဖိုမြို့မှ ဆရာတော် အရှင်ဥက္ကံသမာလာသည်
ရေသိမ်၌ရဟန်းခံခြင်းကိုအကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင်ဆရာတော်
များနှင့် အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည် မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊ ၀စီဒွါရ၊ မနောဒွါရဟုဒွါရဖြင့် ရှိခိုးမှ မှန်ကန်သည်ဟု အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။ ( ယခုတော့ ထိုသို့ဘုရားရှိခိုးသည်ကို မတွေ့ရတော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊ ၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)
ဇိနတ္တပကာနီကျမ်းပြု ကျီးသဲလေးထပ်ဆရာတော် (သုဓမ္မာဂိုဏ်း) က ကံဖြင့်ရှိခိုးမှ မှန်ကန်
ကြောင်း ငြင်းခုံကြသည်။ ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်းဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင် ပြန်လည်ခေါ်ကြသည်။ ယင်းဒွါရဂိုဏ်းသည် (က) အနောက်ချောင်းဒွါရ၊ (ခ) မဟာဒွါရ၊ (ဂ) မူလဒွါရ ဟူ၍ (၃) မျိုးထပ်၍ကွဲသွားကြပြန်သည်။
၃။( က ) အနောက်ချောင်းဒွါရဂိုဏ်း
ဒွါရဂိုဏ်းချူပ် အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင် ငါးသိုင်းချောင်း ရေတံခွန်ကျောင်းတိုက်
ဆရာတော်ကြီးကို အခြားသောဒွါရဂိုဏ်းဝင် ကျောင်းတိုက်ကြီး (၆) တိုက်မှ သံဃာတော်များက ပထမ
ပါရာဇိက(မာတုဂါမဖြင့် ဖောက်ပြန်သည့်အမှု) ဖြင့် စွပ်စွဲကြသည်။ ဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီး
သည် အစွပ်စွဲခံရသည့် ဆရာတော်ကြီးဘက်မှ ရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှ သံဃာတော်
များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။ " င၀န်မြစ်" ကိုအနောက်ချောင်းဟု ထိုဒေသတွင်ခေါ်
ကြသည်။ ယင်းအနောက်ချောင်းကိုအစွဲပြု၍ ရေကြည်၊ ငါးသိုင်းချောင်းတစ်ဝိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို
အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။
၎။ (ခ) မဟာဒွါရဂိုဏ်း
ဒွါရဂိုဏ်းချူပ် အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။ ယခု
လက်ရှိ အများလက်ခံသတ်မှတ်ထားသော လပြည့် လကွယ် နေ့များသည် ဗေဒင်နည်းအရ တွက်ချက်
ရာ၌ အမှန်တကယ် လမပြည့်သေး၊ လမကွယ်သေး၊ လပြည့်ကျော်တစ်ရက်ရောက်မှ လပြည့်သည်။
လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟု ဆို၍ (၁၅) ရက်တစ်ကြိမ် လပြည့်၊ လကွယ် သိမ်ဝင်၍
သံဃဥပုသ်ပြုခြင်းကို ဆောင်ရွက်သည်။ အခြားသော သုဓမ္မာဂိုဏ်းဝင်နှင့် ရွှေကျင်ဂိုဏ်းဝင် သံဃာများသည် လပြည့်-လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြသော်လည်း ဒွါရဆရာတော်ကြီးနှင့် တပည့်များသည် လပြည့်ကျော် (၁) ရက်နေ့ နှင့် လဆန်း (၁) ရက်နေ့ရောက်မှသာ သိမ်ဝင် ဥပုသ်ပြုကြသည်။
အုတ်ဖိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် ၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင် သံဃာတော်များသည် (ရာဇာပဓာနံ)ဟူသော မြတ်စွာဘုရား၏ အမိန့်တော်အရ လပြည့် လကွယ်
ကိစ္စကို အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟူသော ဒေသနာအရ ဒွါရဂိုဏ်းဝင်
သံဃာတော်အများစုသည် အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြပါသည်။ ယင်းဒွါရဂိုဏ်းမှာ အခြားသောဒွါရဂိုဏ်းများထက် သံဃာအရေအတွက်များပြားသောကြောင့် မဟာဒွါရ ဂိုဏ်းဟုခေါ်ကြသည်။ ဤဂိုဏ်း၏အမည်အပြည့်အစုံမှာ ( ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း) ဖြစ်ပါသည်။
ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော
မဟာ = သံဃာများပြားသော
ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင့်ရှိခိုးသော)၊
နိကာယ = သံဃာ့အစုအဝေး ( ဖြစ်သည်။ )
၅။ (ဂ) မူလဒွါရဂိုဏ်း
အုတ်ဖိုဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့်
လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို့သောဒွါရ
ဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော် (၁)ရက်နှင့်
လဆန်း (၁) ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲပြုကြ၏။ ထိုသို့ မူလအတိုင်းရှိသည့် ဒွါရဂိုဏ်းကို မူလဒွါရဟုခေါ်ဆိုကြသည်။
မူလဒွါရဟူသောအမည်၏ရှေ့တွင် ' ဓမ္မ၀ိနယာနုလောမ ' ဟု ထပ်ဆင့်ဝိသေသနပြုထားသည်။
( ဓမ္မ + ၀ိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း
ဝိနည်းနှင့်လည်းကောင်း လျော်ညီသောဂိုဏ်းဟု ဆိုလို၍ အမည်အပြည့်အစုံမှာ ' ဓမ္မ၀ိနယာ
နုလောမူလဒွါရနိကာယ ' ဂိုဏ်းဟုခေါ်ဆိုကြသည်။
( ၆ ) ဝေဠုဝန်နိကာယဂိုဏ်း
ရန်ကုန်မြို့၊ ဗဟန်းရပ်ကွက်၊ သီလရှင်ကျောင်းအတွင်းရှိ ၀ါးကျောင်း၌နေထိုင်သောကြောင့် ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟု ခေါ်ဆိုကြသည်။ ယင်းဆရာတော်သည်
ဗဟန်းဝေဠုဝန်ကျောင်းတိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊
စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့်မြန်အောင်မြို့များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏တပည့်သံဃာများကို ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။
ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံသဖြင့် ' ဝေဠုဝန်ဒွါရဂိုဏ်း ' ဟုလည်းခေါ်ဆိုကြသည်။
( ၇ ) စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း
စစ်ကိုင်းမြို့၏အနောက်ဘက် မင်းဝန်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ တွင်းတူး
ရာမှ လိုဏ်ဂူဖြစ်လာပြီး ယင်းငှက်တွင်းများရှိသောနေရာ၌ တည်ရှိသောဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်-ဟု ခေါ်ဆိုကြသည်။ ယင်းငှက်တွင်းချောင်ဆရာတော် ဦးပဏ္ဍ၀-သည်
မင်းတုန်းမင်းလက်ထက်၌ မဟာသတိပဋ္ဌာန်သုတ်တော်လာ (၃၂) ကောဠာသ ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသသည်။
ထို့အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ ၃ ပါး ) ကိုဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့် ထည့်သွင်း၍ ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် စတုဘုမ္မိက
( စတု = လေး ၊ ဘုမ္မိက = နေရာ/ တည်ရာဌာန ဘုံရှိခြင်း ) ဟုအမည်တစ်ခု ထပ်ဆင့်တိုးခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း ဟုခေါ်ဆိုကြသည်။
( ၈ ) ဂဏ၀ိမုတ် ကူးတို့ဂိုဏ်း
ထားဝယ်မြို့နယ်၊ ကူးတို့ရွာဆရာတော် ဦးဣန္ဒ၀ံသ-သည် တောရဆောက်တည်၍ တရားကျင့်သုံးလျက်ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ်သဖြင့် ယင်းသို့ဆင့်ခေါ်ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး၊ သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာ တင်သွင်းခဲ့သည်။ သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈ ခု
နှစ်တွင် ယင်းတောရကျောင်းဆရာတော်ကြီးကို ဆင့်ခေါ်ခြင်းမပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှအလွတ်
' ဂဏ၀ိမုတ္တိ ' ( ဂဏ = ဂိုဏ်း ၊ ၀ိမုတ္တိ = လွတ်ခြင်း ) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။
ထို့ကြောင့် ယင်းဆရာတော်ကြီး၏ တပည့်အစဉ်အဆက်တို့ကို ' ဂဏ၀ိမုတ္တိ ကူးတို့ဂိုဏ်း-ဟု
ခေါ်ဆိုကြသည်။ သုဓမ္မာဂိုဏ်းမှအလွတ် ဖြစ်သော ကူးတို့ရွာမှ ဆရာတော်ကြီး၏ တပည့်သံဃာများဟုဆိုလိုသည်။
မူလဆရာတော်ကြီးကတော့ တောရဆောက်တည်လို့ ကင်းလွတ်ခွင့် ရတယ်။ အခုတပည့်တွေကရော ဆရာတော်ကြီးကဲ့သို့ အားလုံးပဲ တောရဆောက်တည်ကြသလား၊ မဆောက်တည်တဲ့ ရဟန်းတွေကို ကင်းလွတ်ခွင့် ပေးသင့်သလား၊
စဉ်းစားစရာပါပဲ..
( ၉ ) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း
မဟာရင်ဆရာတော်သည် ၁၂၀၃-ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်မည်မှာ " ဦးရင် " ဖြစ်သည်။ ယိုးဒယားနိုင်ငံ ' ဓမ္မယုတ္တိ နိကာယ ' ( တမယွတ် ) ဂိုဏ်း၌ ရဟန်းပြု၍ ပါဠိစာပေများကို မဟာအဆင့်အတန်း အောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ ထိုအခါ ဦးရင်အမည်ကို မဟာဘွဲ့နှင့် ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။
မဟာရင်အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို့နယ် ' ကတိုး ' ရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ ယင်း၏တပည့်သံဃာများကို ' မဟာရင်ဂိုဏ်း ' ဟုခေါ်ဆိုကြသည်။ ယိုးဒယားနိုင်ငံရှိ မူလပင်မဂိုဏ်း၏ အမည်ကို ပူးတွဲ၍ ' ဓမ္မယုတ္တိ နိကာယ မဟာရင် 'ဂိုဏ်း ဟုခေါ်ဆိုကြသည်။
ဓမ္မ = တရားတော်ကို ၊
ယုတ္တိ = အထောက်အထားပြုသော ၊
နိကာယ = သံဃာအစုအဝေး ။
ဟူ၍ဖြစ်ပါသည်။
အထက်ပါနိုင်ငံတော်အသိအမှတ်ပြုသံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည် ဘုရားဟောပိဋကတ် ( ၃ ) ပုံ အနက် သုတ်နှင့်အဘိဓမ္မာတို့တွင် အယူအဆ တူမျှကြသော်လည်း စောင့်ထိန်းလိုက်နာအပ်သည့် ၀ိနည်းပိုင်းဆိုင်ရာတို့တွင် အလေးအပေါ့အတိမ်အနက် စသည်ဖြင့် ကွဲလွဲမှုရှိကြသည်ကို အကြောင်းပြု၍ ကွဲပြားနေကြခြင်းသာဖြစ်ပါသည်။
မကောင်းမှုကို သိလျက်ပြုသူနှင့် မသိ၍ပြုသူတို့တွင် မည်သူက အပြစ်ကြီးသနည်း
"" အရှင်နာဂသေန ဘုရား.... မကောင်းမှုကို သိလျက် ပြုသူနှင့် မသိ၍ပြုသူတို့တွင် အဘယ်သူ၏ အကုသိုလ်ကံက ပို၍ အားကောင်းပါသနည်း။ "
••• မင်းမြတ်.. မသိ၍ပြုသောသူ၏ အကုသိုလ်ကံက ပို၍အားကောင်းပေ၏။ •••
"" အရှင်ဘုရား.. . ထိုသိုဖြစ်ပါလျှင် မသိ၍ အကုသိုလ်ပြုသော မင်းသားကိုဖြစ်စေ.. အမတ်ကိုဖြစ်စေ..အပြစ်ဒဏ်နှစ်ဆပေးရပါမည်လော..•••
. မင်းမြတ်.. ဤမေးခွန်းကို သင်မည်သို့ မှတ်ယူပါသနည်း။
လောလောပူနေသော သံတွေခဲကို သိလျက်ကိုင်သူနှင့် မသိ၍ကိုင်သူတွင် မည်သူသည် ပို၍ အပူလောင်ခံရပါမည်နည်း။ •••
"" အရှင်ဘုရား မသိ၍ကိုင်မိသူက ပို၍ အပူလောင်ခံရပါလိမ့်မည်။
••• မင်းမြတ်.. ဤအတူသာပင် မသိ၍ပြုသောသူ၏ အကုသိုလ်ကံက ပို၍အပြစ်ကြီးပေ၏။
"" သင့်လှော်ပါပေ၏ အရှင်ဘုရား"""
✏ မာဏဝ
မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန် အမေးအဖြေ... (( မိလိန္ဒပဥှာ ))
လင်မယားဖြစ်ရခြင်း အခြေခံအကြောင်းရင်း (၂) မျိုး
၁ - ပုဗ္ဗသန္နဝါသ - ရှေ့ဘဝ ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏ ။
၂ - ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်းကြောင့် လင်မယားဖြစ်ရ၏ ။
အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက
သမ္မသဒ္ဓါ - သဒ္ဒါတရားချင်းတူညီ
သမသီလာ - အကျင့်ချင်းလည်းတူညီ
သမစာဂါ - စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ
သမပညာ - အယူအဆ ၊ အတွေးအခေါ် ၊ ပညာချင်းလည်း တူညီ
မည်ဆိုပါက ဤ လင်မယား သည် ယခု ဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင် ယခုလက်ရှိဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင်
၁ - အကျိုးစီးပွား တိုးတက်ခြင်း
၂ - ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း
၃ - ရန်သူများ မနှိပ်စက်နိုင်ခြင်း
၎ - မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း
စသည့်အကျိုးတရားများကို ရရှိနိုင်ပေသည်ဟု ဘုရားရှင် က ဟောကြားတော်မှုခဲ့ပေသည်။
တိတ်တခိုးချစ်တာ အပြစ်လား
မေး။ ကျွန်တော်သည် အိမ်ထောင်ရှိ အမျိုးသမီး တစ်ဦးကို တိတ်တခိုး ရင်ထဲမှ ချစ်နေမိပါသည်။ သူ့အမျိုးသား နှင့်လည်း အလုပ်အတူတူ လုပ်ရ သဖြင့် ညီအကိုရင်းပမာ ရင်းနှီးပါသည်။
သူတို့အိမ်သွားလည်လျှင် စားသောက်ဖွယ်ရာ များနှင့် ဧည့်ခံကျွေးမွေးသည်ကို ကျွန်တော့် ရင်ထဲမှာ ကြည်နူးပီတိ ဖြစ်နေပါသည်။ ကိုယ်ထိ လက်ရောက်တော့ ပြစ်မှားခြင်း မရှိပါ။ မိမိဘာသာ ချစ်နေမိပါသည်။ ဘယ်လိုအပြစ်မျိုး ဖြစ်နိုင်ပါသလဲ။ မနောကံထိုက်ပါသလား။ ဒု သ န သော အပြစ်ကော ဖြစ်ပါသလားခင်ဗျာ။
ဖြေ။ မောင်ရင့်မေးခွန်းမှာ ပါတဲ့အတိုင်း ဖြေရရင် မောင်ရင်ဟာ ချောက်ထဲကျဖို့ လက်နှစ်လုံး လောက် သာ လိုတော့တယ် ဆိုတာမျိုးလို ဖြစ် နေတာပဲ။ ချောက်နှုတ်ခမ်းပေါ် လျှောက်နေတာ ပဲ။ နည်းနည်းလေး အနေအထား ပျက်တာနဲ့ နည်းနည်း လေး ရှေ့တိုးလိုက်တာနဲ့ ချောက်ထဲ ကျတော့မှာပဲ။
ကိုယ်ထိလက်ရောက် မပြစ်မှားသေးသော်လည်း
စိတ်နဲ့တော့ပြစ်မှားနေပြီပဲ။ မေထုန်ဆိုတာ ကာယကံ မြောက်ပြုကျင့်မှ မဟုတ်ဘူး။ စိတ်ထဲ ဖြစ်နေတဲ့ မနောကံမှုမျိုးကိုလည်း မေထုန်မှုလို့ ခေါ်တယ်။
မနောကံ မေထုန်မှု ခုနှစ်မျိုးရှိတယ်။ မေထုန်ငယ် ခုနှစ်ပါး လို့ခေါ်တယ်။ ၎င်းတို့မှာ-
၁။ မိန်းမတို့က နှိပ်နင်း,ဆုပ်နယ် ပွတ်တိုက်ပေး တာကို သာယာခြင်း။
၂။ မိန်းမတို့နှင့် ပြုံးကာရယ်ကာတို့ကာဆိတ်ကာ နေရသည်ကို သာယာခြင်း။
၃။ မိန်းမတို့နှင့် မျက်နှာခြင်းဆိုင်ထိုင်၍ ကြည့်ရှု နေရသည်ကို သာယာခြင်း။
၎။ မျက်ကွယ်ရာ အနီးအနားက မိန်းမတို့ ပြောဆိုသံ ရယ်မောသံကို ကြား၍ သာယာစွာ နားထောင်ခြင်း။
၅။ ရှေးအခါက မိန်းမတို့နှင့် ပျော်ပျော်ပါးပါး နေထိုင် ပြုကျင့်ခဲ့ဘူးသော အမူအရာများကို ပြန်ပြောင်းတွေးတော သာယာခြင်း။
၆။ သူတပါး ဇနီးမောင်နှံတို့ ပျော်မြူးရွှင်လန်းစွာ စံစား နေကြသည်ကို မြင်၍ သာယာခြင်း။
၇။ ယခုဘဝ၌ ပြုစုအားထုတ်ရသော သီလကုသိုလ် ကြောင့် လူမင်း နတ်မင်း စသည် ဖြစ်ရမှုကို သာယာခြင်း။
အဲဒီခုနှစ်မျိုးမှာ မောင်ရင်ဟာ ဘယ်နှစ်မျိုးကို ကျူးလွန်မိပြီလဲ ဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်ကြည့်ပါ။
မောင်ရင်ဟာ သည်အခြေအနေက နောက် မဆုတ်ရင် မကြာခင် ချောက်ထဲကျမှာ သေချာ သလောက်ဖြစ်နေပြီး ဒါမျိုးဆိုတာ သောက်လေ သောက်လေ ငတ်မပြေသည့် ဆားငန်ရေကျင်း နွားတသင်း" ဆိုတဲ့အတိုင်း နောက်ဆုတ်ရိုးမရှိ ရှေ့သို့သာတိုးလေ့ရှိတယ်။ ရှေ့တိုးလိုက်တာနဲ့ တပြိုင်ထဲ ချောက်ထဲကျပြီး မေထုန်ကြီးဖြစ်သွား ပြီ။ သစ္စာဖောက်ဖြစ်သွားပြီ။ လောကမှာလည်း မကောင်း သံသရာမှာလည်း မကောင်းပါဘူး။ ဒါကြောင့် ကင်းကင်းရှင်းရှင်းနေတာ ကောင်းပါတယ်။
မနောကံ ထိုက်-မထိုက်ဆိုတာ တိတ်တခိုး ချစ်နေမှု ရင်ထဲမှာ ကြည်နူးနေမှုဟာ ဘယ်အတိုင်း အတာထိ ရှိတယ်ဆိုတဲ့ပုံ မူတည် ပါတယ်။ ချစ်နေရုံ ကြည်နူးနေရုံဆိုရင် မနောကံ မထိုက်သေးပါဘူး။ ငါ့အဖော်မွန်ကလေးဖြစ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ ဆိုတဲ့အထိ ကြံစည်မိတဲ့ ကြည်နူးမှုမျိုး ဆိုရင်တော့ အဘိဇ္ဈာ မနောကံ ထိုက်ပြီလို့ ဆိုရပါမယ်။ ကျမ်းဂန်မှာ တိုက်ရိုက်အဆို မတွေ့ရတဲ့အတွက် ထစ်ထစ်ချ ဧကန်တော့ မပြောနိုင်ပါ။
ကံမထိုက်ဘူးဆိုတိုင်း အပြစ်မကြီးဘူးလည်း မထင်နဲ့။ တချို့အမှုမျိုးဟာ ကံမထိုက်ပေမယ့် ကံထိုက်တဲ့ အပြစ်ထက်တောင် အကျိုးပေးတာ ရှိတယ်။ ဒါကြောင့် ကံထိုက်မထိုက်ကို စီစစ်မနေဘဲ ကိုယ့်ရဲ့ချစ်ကြည်နူးမှုဟာ မိဘနဲ့ သားသမီး ညီအစ်ကို မောင်နှမ ဆိုတဲ့ " ဂေဟဿိတပေမ" လူသားတိုင်းမှာ ဖြစ်တဲ့ အချစ်မျိုးဆိုရင် ပြောပလောက်တဲ့ အပြစ်မျိုး မဟုတ်တဲ့အတွက် ဆက်လက်ဝင်ထွက်သွားလာ နေထိုင်ခြင်းဖြင့် အကျိုးယုတ်စရာ မရှိလောက်ပါ။ ဒီထက်ပိုလာမယ်ဆိုရင်တော့ စောစောကပြော သလို ဖိနပ်တန်းမရောက်ခင် ရပ်တန်းက ရပ်လိုက်တာ အကောင်းဆုံး ပဲလို့ ဖြေကြားလိုက် ပါတယ်။
မေး။ ..........................ပန်းတောင်းမြို့, ပဲခူးတိုင်း။
ဖြေ။ဟံသာသီရိ။
မိဘကျေးဇူးဆပ်နည်း
* ၁။ ။ သဒ္ဓါမရှိသော မိဘတို့ကို သဒ္ဓါရှိလာအောင် ဟောပြောရန်။
* ၂။ ။ သီလအကျင့်မရှိသော မိဘတို့ကို သီလအကျင့်၌ တည်စေရန်။
* ၃။ ။ လှူဒါန်းရန် တွန့်တိုသော မိဘတို့ကို လှူဒါန်းစွန့်ကြဲစေရန်။
* ၄။ ။ အသိဉာဏ်၊ ဗဟုသုတနည်းသော မိဘတို့ကို အသိဉာဏ်ရှိအောင် ပြုပေးရပါမည်။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
နတ်ကတော်
ဆရာတော်အရှင်သူမြတ်ဘုရား
တပည့်တော်၏ ဇနီးမှာ တပည့်တော်က စားဝတ်နေမှု ဖူလုံအောင် ရှာဖွေပေးနိုင်ပါ လျက် နတ်ကတော် အလုပ်ကို လုပ်ကိုင်လျက် ရှိပါသည်။ "ဘာကြောင့် ဒီအလုပ်ကို လုပ်နေရသလဲ"ဟု မေးမြန်းသည့် အခါတွင် "ဘ၀ကံအကြောင်းတရားပေါ့" ဟု ဖြေပါ သည်။
အတင်းအကြပ် မပြောလိုသဖြင့် "သူတစ်ပါး အပေါ်လိမ်လည် လှည့်ဖျား၍ မစားရန်နှင့် ဆင်းရဲသားများအပေါ် ညှာတာရန်သာ" ဆုံးမမှု ပေးနိုင်ပါသည်။ ၎င်းအလုပ်သည် အကုသိုလ် ဖြစ်စေ၍ အပါယ်ငရဲသို့ ကျနိုင်ပါသလားဘုရား။ မလုပ်အပ်သော အလုပ် ဖြစ်ပါသလားဘုရား။ ဖြေကြားပေးတော်မူပါရန် တောင်းပန်ပါသည်ဘုရား။
ဦးခင်မောင်စိုး ၊ တောင်ဥက္ကလာပ။
✒✒✒✒✒✒✒✒✒✒✒✒✒✒
နတ်ကတော် အလုပ်သည် မြတ်စွာဘုရား လက်ထက်ကပင် ရှိပါသည်။ နတ်ပူးဝင်လေ့ ရှိသော မိန်းမကို "၀ရုဏီ"ဟု ခေါ်သည်။ ဗြဟ္မဇာလသုတ်တွင် ကုမာရိပဉှာ ခေါ် မိန်း ကလေးတို့ ကိုယ်တွင်းသို့ နတ်ကို ပူးဝင်စေ၍ မေးမြန်းသော အတတ်တစ်မျိုးရှိကြောင်း ဆို ပါသည်။(ဒီ၊ ဋ္ဌ၊ ၁ ၉၁)။
သို့သော် နတ်ကောင်းနတ်မြတ်များ ၀င်လာလေ့မရှိ၊ နတ်ညံ့များသာ ၀င်လေ့ရှိကြောင်း ၊ နတ်ကတော် တို့ကလည်း နတ်မ၀င်သော်လည်း နတ်ဝင်ဟန် ပြုလေ့ရှိကြောင်း ဆိုပါ သည်။
သံယုတ္တနိကာယ် နိဒါန၀ဂ္ဂ အဋ္ဌကထာတွင် "ဤမည်သော ၊ ဤမည်သော ပူဇော်မှုကို ပြုလျှင် သင်တို့အား ဤသို့ ဤသို့ ကြီးပွား ချမ်းသာခြင်း ဖြစ်လတ္တံ့"ဟု လူအပေါင်းကို လှည့်ပတ်၍ ပန်းနံ့သာ စသည်ကို ယူကာ မဟုတ်မမှန်သည်ကို သိစေ၊ ကြားစေ၍ လိမ်လည်ခဲ့သဖြင့် အရုပ်ဆိုး၊ အနံ့မကောင်း၊ ကြောက်မက်ဖွယ်ရာ ပြိတ္တာဖြစ်တတ်ကြောင်း ဆိုပါသည်။ (သံ ၊ဋ္ဌ ၊၂ ၂၀၄)။
ထို့ကြောင့် နတ်ကတော် အလုပ်မှာ မှန်ကန်မှု နည်းပါး လည်ဆည်မှု များပြား၍ အပါယ်ငရဲနှင့် နီးစပ်နေသဖြင့် အထူးသတိထား၍ လုပ်သင့်သော အလုပ်ဖြစ်ကြောင်း သတိပေးလိုပါသည်။ ။
ရဝေထွန်း (ဆရာတော်ဦးတိလောကသာရ)
ဘာသာရေးပြဿနာများ 📙စာအုပ်မှ ကူးယူ၍ ဓမ္မဒါန ပြုပါသည်။
အရေးကြီး၏…သို့သော် အရေးမကြီး
“Money makes everything. ငွေဟာ အရာရာကို ဖန်တီးနိုင်တယ်” ဆိုတဲ့ စကားကို ကြားရတိုင်း ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်လေ့ရှိတတ်တဲ့ သူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူအတော်များများဟာ ငွေအတွက် ဦးစားပေးနေကြရတဲ့ အနေအထား ရှိပါတယ်။ ခေတ်ကာလ အခြေအနေကလည်း ငွေမရှိရင် ဘာမှလုပ်လို့မရဘဲ ဖြစ်နေတာဆိုတော့ ဟိုနာသွားလည်းငွေ၊ ဒီနားသွားလည်းငွေ၊ ဟိုလူတွေ့လည်းငွေ၊ ဒီလူတွေ့လည်းငွေ၊ ဟိုဟာလုပ်ချင်လည်းငွေ၊ ဒါလုပ်ချင်လည်းငွေ စသဖြင့် ငွေကိုရှေ့တန်းတင်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။
ဒါပေမယ့် ငွေဟာအဲဒီလောက် အရေးပါနေပေမယ့် ဒီငွေကြောင့်ပဲ ဆင်းရဲပေါင်းစုံကြုံ၊ ပြဿနာပေါင်းစုံတက်၊ အချင်းချင်း ခိုက်ရန်ဒေါသဖြစ်နဲ့ နောက်ဆုံး အကျင့်သိက္ခာတရားတွေပါ ပျက်ကုန်တဲ့အထိ ဖြစ်ကြပြန်ပါတယ်။ ဒီအခါမှာ အရာရာကို ဖန်တီးနိုင်စွမ်းရှိတဲ့ ငွေဟာလည်း ဘာမှလုပ်မပေးနိုင်ပြန်ပါဘူး။ စိတ်ဒုက္ခပေါင်းစုံကို ကုစားပေးဖို့ ငွေကအစွမ်း မရှိပြန်ပါဘူး။ ငွေတွေဘယ်လောက်ပဲ ရှိနေပေမယ့် ရုပ်တရားကို အမှီပြုဖြစ်ပေါ်တတ်တဲ့ တစ်ချို့ရောဂါတွေကျပြန်တော့ ငွေကကုသပေးနိုင်စွမ်း မရှိပြန်ပါဘူး။ ဒါကြောင့် ငွေဟာ “အရေးကြီး၏… သို့သော် အရေးမကြီး”ဟု ဆိုခြင်းဖြစ်ပါတယ်။
တစ်ခါက တရားပွဲတစ်ခုကပင့်လို့ ကြွရောက်ပြီး ဆုံးမသြ၀ါဒ ပေးဖြစ်ပါတယ်။ အဲဒီတရားပွဲမှာ မြန်မာရဟန်းတော်များရော မြန်မာပြည်သွားရောက်ကာ ထေရ၀ါဒ ရဟန်းတော်အဖြစ် ပြောင်းလဲခံယူ ကျင့်သုံးနေကြတဲ့ နိုင်ငံခြားသား ရဟန်းတော်များပါ အချိန်အကန့်အသတ်နဲ့ ဆုံးမသြ၀ါဒစကား ပြောကြားပေးရမယ့် အစီအစဉ် တစ်ခုလည်း ပါဝင်ပါတယ်။ မြန်မာများ ဦးစီးပြီး လုပ်တဲ့ပွဲဖြစ်တဲ့အတွက် မြန်မာလိုပဲ သြ၀ါဒပေးပြီး နိုင်ငံခြားသား ရဟန်းတော်များရဲ့ ဟောကြားချက်ကိုတော့ ဘုန်းဘုန်းက ဘာသာပြန်ပေး ဖြစ်ပါတယ်။ အဲဒီပွဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၇နှစ်လောက်တည်းက မြန်မာပြည်ကြွရောက်ပြီး ထေရ၀ါဒ အသွင်နဲ့ ၀ိပဿနာတရားတွေ အားထုတ်ကာ ခုတော့သူ့နိုင်ငံမှာ တရားပြန်ပြပေးနေတဲ့ ဆရာတော်တစ်ပါးရဲ့ ဆုံးမသြ၀ါဒ ပေးတာလေးကို သတိရမိ နေပါတယ်။
ဆရာတော်က တရားနာသူတွေကို “မြန်မာပြည်ကနေ ထွက်လာပြီး ခုလိုပင်ပင်ပန်းပန်း ဘ၀စားဝတ်နေရေးအတွက် ကြိုးစားနေတာတွေ တွေ့ရတော့ စိတ်မကောင်းပါဘူး၊ ဒီမှာလာပြီး အလုပ်လာလုပ်ကြတဲ့ ရည်ရွယ်ချက်က မိသားစု စားဝတ်နေရေးနဲ့ ကိုယ့်ဘ၀ ရှေ့ရေးတွေအတွက် ငွေလာရှာကြတာ ဖြစ်ပါတယ်၊ ငွေလာရှာကြတာ ဆိုတဲ့အတွက် ငွေတစ်ခုတည်းကို ရှေ့တန်းတင်ထား၊ ငွေတစ်ခုတည်းကိုပဲ ကိုးကွယ်ထား၊ ငွေရရင်ပြီးရောဆိုတဲ့ အတွေးတွေနဲ့ ငွေနောက်ကိုပဲ လိုက်နေတဲ့ အနေအထားမျိုးတွေပဲ ဖြစ်မနေဖို့တော့ သတိပြုကြဖို့ လိုပါတယ်၊
ဘုန်းကြီးတို့လည်း အရင်တုန်းကတော့ ငွေရှိရင် ဘာမဆို ပြီးတယ်ဆိုတဲ့ အတွေးနဲ့ ငွေကိုပဲ မရမက ရှာဖွေခဲ့ဖူးပါတယ်၊ နောက်ဆုံးတော့ ငွေကြောင့် အဆင်ပြေတာကနဲနဲရယ်၊ ဒီငွေကို အကြောင်းပြုပြီး ဖြစ်ရတဲ့ ဒုက္ခ၊ ခံစားရတဲ့ ဝေဒနာ၊ ဆုံးရှုံးရတဲ့ အကျင့်သိက္ခာ စတာတွေက ပိုများတော့ ဒီငွေတွေနဲ့ သံယောဇဉ်အားလုံးကို ဖြတ်ပြီး အခုလို ဒကာဒကာမတို့ နိုင်ငံကိုသွားပြီး အပြီးအပိုင် သာသနာ့ဘောင်ထဲကို ၀င်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းကြီးပြောချင်တာက ငွေနောက်ချည်းပဲ လိုက်မနေကြဖို့ပါ၊ ငွေလည်းရှာ၊ ကုသိုလ်လည်းရှာ၊ ကိုယ်ကျင့်တရားကိုလည်း ထိန်းကြဖို့ပါ၊ အဲဒီလို နေနိုင်အောင်လည်း ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်…” စသဖြင့် သြ၀ါဒ ပေးတာလေးကို ဘာသာပြန်ပေးရင် နာဖြစ်ခဲ့ပါသေးတယ်။
ဟုတ်ပါတယ်။ အဲဒီဆရာတော် အမိန့်ရှိသလိုပါပဲ။ အရာရာ ငွေကအရေးကြီးပေမယ့် ငွေနောက်ချည်းပဲ လိုက်နေလို့တော့ မဖြစ်ပြန်ပါဘူး။ ငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ဆိုနေကြသူတွေကိုယ်တိုင် ငွေရှိလာပြန်တော့ မဖြစ်တာတွေကို သဘောပေါက်ပြီး ဘ၀လွတ်မြောက်မှုကို ရှာတတ်ကြတာလည်း လက်တွေ့ တွေ့နေရပါတယ်။ ငွေမရှိလို့ မဖြစ်ဘူးဆိုတဲ့ အတွေးတွေနဲ့ ငွေရအောင် ကြိုးစားရင်း အပူမီး လောင်မြိုက်သူတွေလည်း ရှိပါတယ်။ နောက်ဆုံးတော့ ငွေရှိပေမယ့် ဘာမှမလုပ်နိုင်တဲ့ ဒုက္ခတွေကြုံလာတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အဆင့်အထိ ဖြစ်သွားတဲ့ သူတွေလည်း ရှိနေကြပြန်ပါတယ်။
သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် ငွေကလုပ်မပေးနိုင်တာတွေလည်း အများကြီးရှိတယ် ဆိုတာပါပဲ။ ဒါကြောင့် တစ်ခါတစ်လေ ဘုန်းဘုန်းက Money makes everything ဆိုတဲ့စကားလေးကို Money makes almost everything လို့တောင် ပြောင်းပြီး ပြောဖြစ်ပါသေးတယ်။ ငွေကလုပ်ပေးနိုင်တာတွေ များပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ အားလုံးနီးပါးပါ။ ဒါက လောကကြောင်းအရ ပြောတာပါ။ ဘ၀လွတ်မြောက်ကြောင်းနဲ့ ပြောရရင် ငွေက မလိုအပ်ပြန်ပါဘူး။ လက်တွေ့လိုက်နာ ကျင့်သုံးမှုပဲ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ဖို့ ငွေကအရေးကြီးပေမယ့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းဖို့အတွက်တော့ ငွေကလုပ်မပေးနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ ကျင့်ကြံအားထုတ်မှု၊ ကိုယ့်စိတ်ကိုယ် ငြိမ်းချမ်းအောင် နေနိုင်မှုကပဲ လုပ်ပေးနိုင်ပါတယ်။
ဘုန်းဘုန်းတို့လည်း ပြည်ပမှာ အနေကြာလာ၊ ပြည်ပမှာ ငွေလာရှာကြတဲ့ ဒကာဒကာမများနဲ့ ထိတွေ ဆက်ဆံလာတာတွေ များလာတော့ သူတို့ရဲ့ ဘ၀အခြေအနေကို ပိုပိုသိလာရပါတယ်။ တွေ့တဲ့နေရာ ရောက်တဲ့အရပ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ့်လူမျိုးအားလုံးဟာ ငွေတစ်ခုတည်းကြောင့် သူများတိုင်းပြည်မှာ လာအလုပ်လုပ် ငွေရှာနေကြရပြီး ဒီတစ်ခု ရဖို့အတွက် စွန့်လွတ်ထားရတာတွေက အများကြီးပဲဆိုတာ မကြာမကြာ သတိပြုမိနေပါတယ်။ ဒါကြောင့်လည်း အလုပ်လာလုပ်နေတဲ့ ကလေးတွေနဲ့တွေ့တိုင်း ကိုယ့်ဘ၀ အခြေအနေနဲ့ ကိုယ်လာနေရတဲ့ အနေအထား၊ ကိုယ့်ရဲ့ရည်ရွယ်ချက် ပြီးတော့ စွန့်လွှတ်ထားခဲ့ရ တာတွေကို မမေ့ကြဖို့နဲ့ ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေရှာရင်း ဘ၀မနစ်မွန်းကြဖို့၊ ငွေလည်းရှာ၊ ၀တ္တရားလည်းဖြည့်၊ ကုသိုလ်လည်း ဆည်းပူး၊ အကျင့်တရားလည်း ထိန်းသိမ်းကြဖို့ စသဖြင့် သတိပေး ဆုံးမဖြစ်နေပါတယ်။ ငွေဟာ အရေးကြီးပေမယ့် ငွေနဲ့မလုပ်နိုင်တဲ့ အရာတွေကိုလည်း မမေ့ကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် ဘ၀နစ်မွန်းရတာတွေအထိ မလုပ်မိကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် အကျင့်သီလ ပျက်စီးတဲ့အထိ မဖြစ်ကြဖို့ စသဖြင့် အသိပေး လမ်းညွှန်ဖြစ်နေပါတယ်။
သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ သေချာပါတယ်။ ငွေနောက်ကိုလိုက်ရင်း ဘ၀မှာ ဘာမှရမသွားတာတွေကို တွေ့ရပြန်တော့ ငွေကိုရှေ့တန်းတင်၊ ငွေမျက်နှာတစ်ခုတည်းကို အဟုတ်ထင်နေသူတွေအတွက် သတိပြုစရာ ဖြစ်နေပါတယ်။ တစ်နေ့ကပဲ ဒကာလေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက “တပည့်တော်က ဒီမှာ ကြာကြာနေမှာ မဟုတ်တော့ ရောက်တည်းက အလုပ်ပဲ ခေါင်းထဲမှာ ရှိနေတယ်ဘုရား၊ ငွေရရင် ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ လုပ်ရလုပ်ရ လုပ်မယ်ဆိုတဲ့ အတွေးပဲ ရှိနေခဲ့ပါတယ်၊ ဖြစ်ချင်တော့ တပည့်တော် အခုလုပ်နေတဲ့ အလုပ်က အော်ဒါတွေက အရမ်းကျပြီ့း အလုပ်က နေ့မနားညမနားကို လုပ်နေရတယ်၊ အစတော့ တပည့်တော် အကြိုက်ပေါ့ဘုရား၊
ဒါပေမယ့် ကြာလာတော့ နေ့ညမနားရဘဲ အလုပ်လုပ်ရ၊ ခန္ဓာကိုယ် အနားပေးမှုမရှိ၊ အစားအသောက် မမှန်ဖြစ်ပြီး တပည့်တော်ကိုယ်တိုင် စိတ်လွတ်ကိုယ်လွတ်တွေ ဖြစ်လာ၊ နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်လာလို့ မဖြစ်မနေ အနားယူပြီး ဆေးကုနေလိုက်ရတာ ဆင်းထားသမျှ အချိန်ပိုခနဲ့ ရထားသမျှ လုပ်ခကုန်ပါလေရောဘုရား၊ ပိုဆိုးတာက ကျန်းမာရေးက အရင်လို မကောင်းတော့ဘဲ ခဏခဏ ဖြစ်ဖြစ်နေတော့တာပဲ ဘုရား…” စသဖြင့် သူ့အတွေ့အကြုံကို ပြောပြလျှောက်ထားပါတယ်။
တကယ်ပါပဲ။ သူလိုဒကာလေးတွေ ဘုန်းဘုန်းတို့ အများကြီး တွေ့ဖူးပါတယ်။ ငွေရှာမှဖြစ်မယ်၊ ငွေစုမှ ဖြစ်မယ်ဆိုတဲ့ အတွေးတွေနဲ့ ငွေရရေး၊ အလုပ်ကောင်းရေးကို ရှေးတန်းတင်ထားတဲ့ ဒကာလေးတွေ အများကြီး ကြုံဖူးပါတယ်။ အဲဒီလို ကြုံတိုင်းလည်း ဘုန်းဘုန်းကတော့ “ငွေရှာဖို့လာတာ ဖြစ်တဲ့အတွက် ငွေရှာရမှာ ဖြစ်ပေမယ့် ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေလည်းရှာ၊ ကျန်းမာရေးအတွက်လည်း သတိပြုကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်ကြဖို့၊ တစ်ဘ၀တစ်နပ်စာ မကြည့်ဘဲ သံသရာအတွက်လည်းကြည့်ဖို့၊ ပင်ပင်ပန်းပန်း ရှာထားတာတွေထဲက ဘ၀သံသရာအတွက် အနှစ်ထုတ်ကြဖို့…” စသဖြင့် မေတ္တာ၊ စေတနာ အပြည့်နဲ့ ဆုံးမသြ၀ါဒ ပေးဖြစ်နေပါတယ်။ ဒါကလည်း သူတို့လေးတွေရဲ့ လက်တွေ့ဘ၀အခြေအနေတွေကို သိနေလို့ပဲ ဖြစ်ပါတယ်။
အမှန်အတိုင်းပြောရရင် နိုင်ငံခြားမှာ လာပြီးအလုပ်လုပ်နေရတဲ့ သူတို့ရဲ့ အခြေအနေကို မြန်မာပြည်မှာရှိတဲ့ သူတို့မိဘတွေထက် ဘုန်းဘုန်းက ပိုသိပါတယ်။ မိဘတွေ စိတ်ဆင်းရဲမှာစိုးလို့ မပြောဘဲထားတဲ့ အရာတွေဟာ ဘုန်းကြီးကျောင်းရောက်မှ ဘုန်းဘုန်းရဲ့ တရားစကားတွေနဲ့ ဖြေဖို့အတွက် အကုန်ရင်ဖွင့်ကြတာဆိုတော့ ဘုန်းဘုန်းက သူတို့မိဘတွေထက် ပိုသိတာပေါ့။ ပိုသိလေ၊ ပိုသနားလေ၊ ပိုပြီးမေတ္တာပို့ရလေ၊ ပိုငဲ့ရလေပါပဲ။ တစ်ခါတစ်လေ မြန်မာပြည်ပြန်ဖို့ စဉ်းစားမိပေမယ့် သူတို့လေးတွေအပေါ် ထားတဲ့စေတနာက “ဘုန်းကြီးမရှိရင် မေတ္တာငတ်ပြီး အဆုံးအမမဲ့ကာ ကုသိုလ်တွေပါ လျော့သွားမှဖြင့်…”လို့တွေ့ပြီး မပြန်ဖြစ်သေးတာလည်း အမှန်ပါပဲ။ ပြန်တာတော့ ပြန်ရမှာပါ။ လူတွေလည်း စွန့်လွတ်ထားရတာတွေရှိသလို နိုင်ငံခြားရောက် ဘုန်းကြီးတွေလည်း စွန့်ထားရတာတွေ ရှိပါတယ်။ အထူးသဖြင့် ၀ိနည်းသိက္ခာပုဒ်ပိုင်းတွေပေါ့။
ထားပါတော့။ ဒီနေရာ ဘုန်းဘုန်းအဓိက ပြောချင်တာက ငွေဟာ အရေးကြီးတယ်လို့ ထင်ရပေမယ့် တကယ်မရေးမကြီးဘူး ဆိုတာ သိစေချင်တာပါ။ အရာရာမှာ ငွေလိုအပ်ပေမယ့် ငွေနောက်ပဲ လိုက်နေလို့ မဖြစ်ဘူးဆိုတာ သဘောပေါက်စေချင်တာပါ။ ငွေနောက်ကိုလိုက်ရင်း ဆုံးရှုံးတတ်တာတွေကို နားလည်စေချင်တာပါ။ ငွေကလုပ်မပေးနိုင်တဲ့ အရာတွေကို သတိပြုစေချင်တာပါ။ ငွေရှားရင်း ငွေပိုကုန်မယ့် အနေအထားတွေကို ရှောင်စေချင်တာပါ။ ငွေကိုရှေ့တန်းတင်ရင်း ငွေကြောင့် ပျက်စီးတတ်တဲ့ အကျင့်သီလတွေကို မပျက်စီးစေချင်တာပါ။ ငွေရှားရင်း ဘ၀အနှစ်သာရတွေကို ရအောင်ယူစေချင်တာပါ။ အဓိကကတော့ ငွေတစ်ခုတည်း ရှေ့တန်းတင် ငွေနောက်ချည်းပဲ လိုက်နေတတ်တဲ့ အစွန်းရောက်သူတွေ မဖြစ်ကြဘဲ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ကျအောင် လုပ်ဆောင်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။
ဒါကြောင့် ဘ၀မှာ လိုအပ်တဲ့အရာတွေ ရှိသလို မလိုအပ်တဲ့ အရာတွေလည်း ရှိတတ်တဲ့အထဲမှာ ငွေဟာလည်း လိုအပ်တဲ့အရာထဲမှာ ပါပေမယ့် ငွေနောက်ပဲလိုက်ကာ ငွေကိုပဲ ဦးစားပေးနေတဲ့အထိ မဖြစ်ကြစေဖို့၊ ငွေဟာ အရေးကြီးပေမယ့် တကယ့်ဘ၀သံသရာ လွတ်မြောက်ရေးနဲ့ယှဉ်ရင် ငွေထက် လက်တွေ့လိုက်နာ ကျင့်ကြံမှုကသာ ပိုအရေးကြီးတဲ့အတွက် အများထင်သလို အရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ မမေ့ကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်စေဘဲ ဘုရားလမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ “အရေးကြီး၏၊ သို့သော်.. အရေးမကြီး..”ဆိုတဲ့ စကားလေးနဲ့ အသိပေးတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။ အားလုံး… တကယ်အရေးကြီးတဲ့ အရာနောက်ကို လိုက်နိုင်ကြပါစေ…
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)
ဘုန်းတော်ကြီးများကို ဘာကြောင့် ခြေသုတ်ပေးရသလဲ
အမေး။ ။အလှူအိမ်တွေမှာ ဘုန်းကြီးတွေကြွလာရင် ဘာလို့ တံခါးဝမှာစောင့်ပြီး ခြေသုတ်ပေးရတာလဲ။
ကိုယ့်ဘာသာသုတ်ရင်ရောမရဘူးလား။ အားလုံးအမြင်ရှင်းအောင် ဖြေကြားပေးပါဘုရား
အဖြေ။ ။ဘုန်းတော်များကြီးများ အိမ်ကြွလာရင် အိမ်ရှင်က ခြေသုတ်ပေးရမယ် လို့ ပညတ်ချက် မရှိသလို ဘုန်းကြီးများကလည်း မသုတ်ခိုင်းပါဘူး။ ဒါဖြင့် ဘာကြောင့် ဒီလိုလုပ်နေတာလည်းဆိုရင်
ဒကာ-ဒကာမတွေမှာရှိတဲ့ စစ်မှန်တဲ့သဒ္ဓါတရားကနေ ထွက်ပေါ်လာတဲ့ လုပ်ရပ်တွေပါလို့ ပြောချင်တယ်။
ဘုရားရှင်က “ကုသိုလ်မှန်သမျှ ပြည့်စုံအောင်လုပ်ကြ” လို့ မိန့်တော်မူရာမှာ ကုသိုလ်ရနိုင်တဲ့တရား ဆယ်မျိုးရှိတယ်။ ဒါကို ကုသလကမ္မပထ ၁၀ ပါးလို့လည်း ခေါ်တယ်။ ထိုကုသိုလ် ဆယ်မျိုးထဲ မှာ ဝေယျာဝေစ္စ ကုသိုလ်ဆိုတာ ပါတယ်။
အဓိပ္ပါယ်ကတော့ ရတနာသုံးပါးနဲ့စပ်တဲ့ဝေယျာဝေစ္စ ကုသိုလ်ပါပဲ၊ ဒီဝေယျာဝေစ္စကုသိုလ်ဆိုတာ သီလကုသိုလ်ထဲမှာ ပါဝင်တယ်။
အခုလို အိမ်ကြွလာတဲ့ ဘုန်းတော်ကြီးများကို ခြေသုတ်ပေးတယ်ဆိုတာကလည်း သံဃာတော်များနဲ့စပ်တဲ့ ဝေယျာဝေစ္စကုသိုလ်ကို သူတို့ ရယူချင်လို့ပါပဲ။
ဘုန်းတော်ကြီးများမှာ ဘယ်သူမှ မသုတ်ပေးလဲ စိတ်ညိုငြင်မှု မဖြစ်ပါ ဘူး။ ခြေသုတ်မပေးရင် ငါ့ကို သုတ်ပေးစမ်းကွ လို့ လည်း ဘယ်ရဟန်းတော်မှ မခိုင်းပါဘူး။
ဒါပေမယ့် သူတို့ကို ခိုင်းနေတာတော့ ရှိတယ်။ အဲဒါက ကုသိုလ်ဖြစ်အောင် ဖန်တီးလှုပ်ဆော်ပေးတဲ့ သူတို့ရင်ထဲ ကလာတဲ့ သဒ္ဓါ တရားပါပဲ။
(မသိတာလေးကို သိခွင့်ရခဲ့ပါသည် ထိုသိတာလေးကိုမသိသေးသူများအတွက်ပြန်လည်မျှဝေပါသည်..)
ဟောကြားပေးသော ဆရာတော်ကိုဦးတင်ပါသည်။
မူရင်းတင်ပြသူကို သာဓုခေါ်ပါသည်။
သာသနဒါသ…သာသနာ့ကျွန်
ငါသည် ………………
သံသရာအဆက်ဆက်
ဘဝအဆက်ဆက်မှ စ၍
ဇနီး မယားကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
သမီး သားကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ပစ္စည်း ဥစ္စာကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
တဏှာကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ကိလေသာကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ကာမဂုဏ်ကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ယခု ဘဝဝယ်……….
ဇနီး မယားကျွန် မဖြစ်လို
သမီး သားကျွန် မဖြစ်လို
ပစ္စည်း ဥစ္စာကျွန် မဖြစ်လို
တဏှာကျွန် မဖြစ်လို
ကိလေသာကျွန် မဖြစ်လို
ကာမဂုဏ်ကျွန် မဖြစ်လို။
ဘုရားကျွန်သာ ဖြစ်လို၏။
တရားကျွန်သာ ဖြစ်လို၏။
သံဃာ့ကျွန်သာ ဖြစ်လို၏။
ရတနာသုံးပါးကျွန်သာ ဖြစ်လို၏။
သာသနာ့ကျွန်သာ ဖြစ်လို၏။
ဇနီး မယားဝန်ထမ်း မဖြစ်လို
သမီး သားဝန်ထမ်း မဖြစ်လို
ပစ္စည်း ဥစ္စာဝန်ထမ်း မဖြစ်လို
တဏှာ ဝန်ထမ်း မဖြစ်လို
ကိလေသာ ဝန်ထမ်း မဖြစ်လို
ကာမဂုဏ် ဝန်ထမ်း မဖြစ်လိုတော့
ဘုရား ဝန်ထမ်းသာ ဖြစ်လို၏။
တရား ဝန်ထမ်းသာ ဖြစ်လို၏။
သံဃာ့ ဝန်ထမ်းသာ ဖြစ်လို၏။
ရတနာသုံးပါး ဝန်ထမ်းသာ ဖြစ်လို၏။
သာသနာ့ ဝန်ထမ်းသာ ဖြစ်လို၏။
သာသနာ့ ဝန်ကို ထမ်းသော သာသနာ့ဝန်ထမ်းဟူသည်
ကိုယ်ကျိုးစွန့်လျှက် သူတစ်ပါးအကျိုးကို သယ်ပိုး ဆောင်ရွက်ရခြင်းဖြစ်၏။
သာသနာတော် အကျိုးအတွက်လည်းကောင်း၊ သာသနာကို ယုံကြည်ကိုးကွယ်ကြသော လောကလူများအကျိုးအတွက်လည်းကောင်း ထမ်းပိုး ရွက်ဆောင်ခြင်း ဖြစ်၏။
သာသနာ့ ဝန်ထမ်းခြင်းသည် မေတ္တာဝန်ထမ်းဖြစ်၏။
မေတ္တာဝန်ကို ထမ်းရခြင်းသည် မလေး။ ပေါ့ပါး၏။
မေတ္တာဝန်ထမ်းသည် အကျိုးအမြတ်ကို မမျှော်ကိုး။
မေတ္တာဝန်ထမ်းရခြင်းကြောင့် မောပန်းခြင်းလည်း မရှိ။ မောပန်းရမှန်းလည်း မသိပေ။
မေတ္တာဝန်ထမ်းနေရသည်ကိုပင် ပျော်ရွှင်နေ၏။ ဆုထူးဆုမြတ်ကြီး ရသည့်နှယ်တည်း။
ထို့ကြောင့်…ငါသည်
လူတို့နေရာ ကာမဂုဏ်တောမှ ထွက်ခွါ၍ (ကာမဂုဏ်မှ ဝေးရာ) သာသနာတော်မှာ အခြေချပါမည်။
အိမ်ယာတည်ထောင် လူတို့ဘောင်မှ ထွက်ခွါ၍ သာသနာတော်မှာ အခြေချပါမည်။
တဏှာတောမှ ထွက်ခွါ၍ (တဏှာမှ ဝေးရာ) သာသနာတော်မှာ အခြေချပါမည်။
ကိလေသာတောမှ ထွက်ခွါ၍ (ကိလေသာမှ ဝေးရာ) သာသနာတော်မှာ အခြေချပါမည်။
သာသနာတော်မှာ နေထိုင်ပါမည်။ သာသနာတော်မှာ ရဟန်းဘဝဖြင့် ထာဝရ ပေးဆပ်နေပါမည်။
ရဟန်းဘဝဖြင့် သာသနာ့တာဝန်ကို ဦးလည်မသုန် ထမ်းရွက်ပါမည်။
ရဟန်းဘဝဖြင့် သာသနာတော် အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ပရိယတ်တာဝန်ကို တတ်စွမ်းသမျှ ပို့ချပါမည်။ ဖြန့်ဝေပါမည်။ တိုးတတ်ထွန်းကား ပြန့်ပွါးအောင် သာသနာပြုပါမည်။
ရဟန်းဘဝဖြင့် သာသနာတော် အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ပဋိပတ်တာဝန်ကို စွမ်းအားရှိသမျှ အားထုတ်ပါမည်။ ဖြန့်ဝေပါမည်။ တိုးတတ်ထွန်းကား ပြန့်ပွါးအောင် သာသနာပြုပါမည်။
အမေတည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ
ထာဝရ အခြေချပါမည်။
အဖေတည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ
ထာဝရ အခြေချပါမည်။
ညီ အစ်ကို မောင် နှစ်မ တည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
ဆွေမျိုး တည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
သီရိဂေဟာ တည်းဟူသော အိမ်သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
ကာမဂုဏ် အပျော်အပါးတည်းဟူသော ကိလေသာကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
တဏှာ ရမ္မက်တည်းဟူသော ကိလေသာကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
မသိမှု အဝိဇ္ဇာတည်းဟူသော ကိလေသာကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
ကိလေသာမိုးများ အဆက်မပြတ်ရွာနေသော လူတို့ နေရာ “ရွာ”မှ ထွက်ခွါ၍
ထိုကိလေသာများကို အမြဲထိန်းကျောင်းနေသော “ကျောင်း”မှာ ထာဝရ နေထိုင်ပါမည်။
ထိုကိလေသာ သံယောဇဉ်ကြိုးတို့ဖြင့် ရစ်ပတ်နှေင်ဖွဲ့ကာ ဘောင်ခတ်ထားသောကြောင့် အိမ်ဟူသော ထောင်ကို (အိမ်ထောင်ပြုခြင်းကို) ကျောခိုင်းကာ ဆန့်ကျင်ဘက်ဖြစ်သော ထိုကိလေသာ သံယောဇဉ်ကြိုးတို့ဖြင့် နှောင်ဖွဲ့ခြင်းမှ လွတ်အောင် ရုန်းထွက်ပါမည်။
“အဗ္ဘောကာသော ပဗ္ဗဇ္ဇာ ဘဝ ဝဋ်ဘောင် အလွတ်ရှောင်သူတို့၏ ဘဝသည် လွင်တီးခေါင်လို ကျယ်ဝန်း၏"တဲ့။
ထို့ကြောင့် ငါသည် အနှောင်အဖွဲ့များသော လူ့ဘဝ ဝဋ်ဘောင်ကို ခွါရှောင်၍ လွတ်လပ်သော လွင်တီးခေါင်နှင့် တူသော ရဟန်းဘောင်မှာ ထာဝရ အခြေချပါမည်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ကျော်ကြားလို၍ ဝင်ရောက်လာခြင်းမဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် အောင်မြင်လို၍ ဝင်ရောက်လာခြင်းမဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ဂုဏ် ပကာသနကို မျှော်ကိုး၍ ဝင်ရောက်လာခြင်း မဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ရွှေငွေစသော လာဘ်လာဘတို့ကို မျှော်ကိုး၍ ဝင်ရောက်လာခြင်းမဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် လူအများ၏ အကြည်ညို အပူဇော်ခံလို၍ ဝင်ရောက်လာခြင်း မဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ရာထူး အာဏာတို့ကို မျှော်ကိုး၍ ဝင်ရောက်လာခြင်း မဟုတ်။
သာသနာတော်၏ အံ့ချီးဖွယ်ရာ အကျိုးတရားကိုမြင်၍ အရာရာကိုစွန့်လွှတ်ကာ ကျောခိုင်းကာ သာသနာ့ကျွန်အဖြစ် ကျေကျေနပ်နပ် ခံယူခြင်းပါတည်း။
ငါသည် သာသနာကျွန်အဖြစ် ခံယူကာ……
နိစ္စ (မြဲခြင်း)ကို ရှောင်ခွါ၍ အနိစ္စ(မမြဲခြင်း)ကို တွေ့အောင် ကြိုးစားပါမည်။
သုခ (ချမ်းသာ)ကို ကျောခိုင်း၍ ဒုက္ခ (ဆင်းရဲ)ကို သိအောင် ကြိုးစားပါမည်။
အတ္တ (ငါ)ကို စွန့်ခွါ၍ အနတ္တ (ငါ မဟုတ်ခြင်း)ကို နှလုံးသွင်းကာ ပွါးများ အားထုတ်ပါမည်။
ငါ(အတ္တ) အများဆုံးမှ ငါ(အတ္တ) အပါးဆုံးဖြစ်အောင် ကြိုးစားပါမည်။
လောဘ (အလိုကြီးခြင်း)ကို ပယ်ခွါ၍ အလောဘ (လိုနည်းခြင်း)နယ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံ ပွါးများပါမည်။
ဒေါသ (ကြမ်းတမ်းခြင်း)ကို ပယ်ခွါ၍ အဒေါသ (အေးမြခြင်း) (မေတ္တာ) နယ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံ ပွါးများပါမည်။
မောဟ (မသိခြင်း)ကို ပယ်ခွါ၍ အမောဟ(အသိဉာဏ်) (ပညာ) နယ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံ ပွါးများပါမည်။
သင်္ခတ တရားတို့မှ လွတ်မြောက်ရာ အသင်္ခတ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ဝဋ်သုံးပါးမှ ကင်းလွတ်ရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ရာဂကင်းလွတ်ရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
အိုခြင်းမရှိသော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
သေခြင်းကင်းရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ကိလေသာကင်းဝေး ငြိမ်းအေးသော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ကိလေသာမှ စင်ကြယ်သော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
လောကသုံးပါး၏ ကုန်ဆုံးရာ နိဗ္ဗာန် ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ကာမဂုဏ်မှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ လျင်မြန်စွာရောက်ရန် ဦးတည်ချက်တို့နှင့်သာတည်း။
သံသရာဝဲသြဃမှ ထွက်မြောက်၍ ဒုက္ခအပေါင်းမှ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ လျင်မြန်စွာရောက်ရန် ဦးတည်ချက်တို့နှင့်သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် ဖြန့်ဝေပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် ရေးသားပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် သင်ကြားပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် ဟောပြောပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
အရှင်ဥက္ကံသ
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)
သူတော်ကောင်းဆိုတာ
" သူတော်ကောင်း " ဆိုတဲ့ စကားလုံးကို ပါဠိဘာသာမှာ " သပ္ပုရိသ " လို့ ခေါ်တယ်။ " သန္တော ပုရိသော သပ္ပုရိသော " ဆိုတဲ့ အတိုင်း ငြိမ်သက် အေးချမ်းသောသူဟု အဓိပ္ပါယ်ရတယ်။ မြန်မာလို သူတော်ကောင်းဆိုတာ တော်လည်းတော် ကောင်းလည်း ကောင်းတယ်လို့ ဆိုလိုတယ်။
တော်တယ်ဆိုတာ အရည်အချင်း ရှိတာ။ ကောင်းတယ်ဆိုတာ စိတ်ထားကောင်းတာ။ ကိုယ်ကျင့် တရားနဲ့ အသိဥာဏ်ဆိုတဲ့ အရည်အချင်းလည်း ရှိတယ်။စိတ်နေစိတ်ထားလည်း ကောင်းတယ် ဆိုရင် ဒီလိုပုဂ္ဂိုလ်မျိုးကို " သူတော်ကောင်း " တဲ့။
တစ်နည်းအားဖြင့် ပြောရရင် " တော် " တယ် ဆိုတာ ပညာအရည် အချင်းကို ပြောတာ။ " ကောင်း " တယ်ဆိုတာအကျင့်စာရိတ္တပိုင်း ဆိုင်ရာ ကောင်းတာကို ပြောတာ။ လူတွေကလူတစ်ယောက်ကို " လူတော် " လို့ ပြောတာ သူရဲ့ ပညာအရည်အချင်းကို ရည်ညွှန်းပြီး ပြောတာ။ " လူကောင်း " လို့ ပြောတာကျတော့ အကျင့်စာရိတ္တပိုင်းကို ရည်ညွှန်းတာ။ ပညာလည်း တော်တယ်။ ကိုယ်ကျင့်တရားလည်း ကောင်းတယ်ပေါ့။
သို့သော် လူတွေထဲမှာ ပညာတော်တယ်။ကိုယ်ကျင့်တရား မကောင်းဘူး။ ကိုယ်ကျင့်တရား ကောင်းတယ်။ ပညာမတော်ဘူးဆိုသူတွေလည်း ရှိနိုင်တယ်။ ကိုယ်ကျင့်တရားကောင်းတယ်။ ပညာမတော်ဘူး။ ပညာတော်တယ်။ ကိုယ်ကျင့်တရားမကောင်းဘူးဆိုရင် တစ်ခြမ်းပဲ့နေတယ်။ မပြည့်စုံဘူး။
အဲဒီတော့ ဒီ ( ၂) ခုဟာ လူတစ်ဦးတစ်ယောက် အတွက် အခြေခံအားဖြင့် ရှိရမယ့် အရည်အချင်းဖြစ်တယ်။ ဒီ ( ၂)ခု အောက်လျော့လို့ မဖြစ်ဘူး။ သို့သော် မဖြစ်မနေ တစ်ခုကိုသာ ရွေးချယ်ရမယ်ဆိုရင် ကိုယ်ကျင့်တရားကို ရွေးရမှာ ဖြစ်မယ်။ ကိုယ်ကျင့်တရား ကောင်းဖို့ ပိုပြီး အဓိကကျတယ်။
" သီလမေဝသုတာ သေယျော " တဲ့။ ကိုယ်ကျင့်သီလက အကြားအမြင် ပညာထက် ပိုပြီး ချီးမွမ်းထိုက်တယ်လို့ ဆိုတယ်။ သို့သော် ကိုယ်ကျင့်တရား ကောင်းသော်လည်း အသိပညာ နည်းပါးသူဟာ အများအကျိုးအတွက် လုပ် နိုင်စွမ်း သိပ်မရှိဘူး။ ပညာအရည်အချင်းက တော်ပါရဲ့ ကိုယ်ကျင့်တရားက မကောင်းဘူးဆိုရင်တော့ ဒီပုဂ္ဂိုလ်မျိုးက အန္တရာယ်များတဲ့ ပုဂ္ဂိုလ် ဖြစ်လာ တတ်တယ်။ အဲဒါကြောင့် သီလနဲ့ ပညာလို့ဆိုတဲ့ ဒီအရည်အသွေး (၂)မျိုးလုံး ရှိတယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူ ဖြစ်တာပေါ့။
ဒီအရည်အသွေး ( ၂)ခုထဲမှာ တစ်ခုမှ လျှော့ပစ်လို့ မရဘူး။ သီလရှိမှ ပညာ ရှိနိုင်တယ်။ ပညာရှိမှ သီလရှိနိုင်တယ်။ သီလပရိဓောတာ ပညာ - ပညာကို သီလနဲ့ဆေးကြောရတယ်။ ပညာပရိဓောတံ - သီလကို ပညာနဲ့ ဆေးကြောရတယ်။
အေး …… သူတော်ကောင်းဆိုတာ ကိုယ်ကျင့်တရားလို့ ခေါ်တဲ့ သီလလည်းကောင်းတယ်။ ပညာလည်းတော်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးပဲ။ သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်းဆိုတာကတော့ ဘုရားရဟန္တာသာ ဖြစ်တယ်။
အခြေခံအားဖြင့် သီလနဲ့ ပညာရှိသူကို သူတော်ကောင်းလို့ ပြောရတယ်။ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား (၁၀)ပါးကို ကျင့်သုံးခြင်းပဲ။ သုစရိုက်တရား ကျင့်သုံးတဲ့သူကို လူကောင်းလို့ ပြောရမယ်။ ကံ ကံ၏ အကျိုးကို သိမြင်တဲ့ ကမ္မဿကထာ သမ္မာဒိဋ္ဌိ ၎င်း သမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ ဆိုတဲ့ အသိဥာဏ်မျိုးရှိရင်တော့ " လူတော် " လို့ ပြောရမယ့် အဆင့် ရောက်တယ်။ ဒါ အခြေခံစံအားဖြင့် ဒီလိုသတ်မှတ်တာ။
( ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ )
ဘ၀ဟူသည် အကျဉ်းထောင်
ဘုရားရှင်က “ဘဝဟူသည် အကျဉ်းထောင်သာဖြစ်၏” ဟု မိန့်တော်မူ၏။ မှန်၏။ မိမိတို့တတွေသည် ဘဝအကျဉ်းထောင်ထဲ၌ အကျဉ်းချခံနေရသော ဘဝအကျဉ်းသားများသာ ဖြစ်ကြလေ၏။သေချာစဉ်းစားကြည့်။ တဏှာထားရာနေ၊ တဏှာစေရာသွား၊ တဏှာအမိန့်နာခံ၊ တဏှာခိုင်းသမျှ အကုန်လုပ်နေရသော တဏှာ၏ကျွန်၊ ဘဝအကျဉ်းသားတွေသာ ဖြစ်၏။ လောဘ၊ ဒေါသ စသောတစ်ထောင့်ငါးရာ ကိလေသာတွေ၏ အမိန့်အာဏာအောက်မှာ မလွတ်မလပ် ကျဉ်းကျပ်စွာ နေနေရသော အကျဉ်းသားတွေသာဖြစ်၏။ မြတ်စွာဘုရားရှင်က “တဏှာဒါသော- သတ္တဝါအားလုံးသည် တဏှာ၏ကျေးကျွန်တွေချည်း သာတည်း”ဟု မိန့်တော်မူ၏။ ကျေးဇူးတော်ရှင် တောင်မြို့ဂန္ဓာရုံဆရာတော်ဘုရားက “ တဏှာစေရာ မနေသာဖွေရှာဆက်ရမည်” ဟု မိန့်တော်မူ၏။
နံနက်မိုးလင်းက ညနေ နေဝင်မိုးချုပ်သည့်တိုင်အောင် တောင်ကလူက မြောက်သွား၊ မြောက်ကလူကတောင်သွား၊ အရှေ့ကလူက အနောက်သွား၊ အနောက်ကလူက အရှေ့သွား။ ကားနှင့်တစ်မျိုး၊ရထားနှင့်တစ်ဖုံ၊ စက်ဘီးနှင့်တစ်မျိုး၊ ခြေကျင်တစ်သွယ်၊ ကိုယ့်ဇောနှင့်ကိုယ် မောရမှန်းမသိ၊ ပန်းရမှန်း မသိ၊ သွားလာလှုပ်ရှား လုပ်ကိုင်ရှာဖွေနေကြခြင်းသည် မည်သူက စေခိုင်းထားပါသနည်း။
တဏှာကစေခိုင်းထားခြင်း ကြောင့်သာ ဖြစ်၏။ လူ၏ ပင်ကိုယ်သဘောသည် ကောင်းသော သဘောရှိ၏။ ကောင်းသောကုသိုလ်ကြောင့် လူဖြစ်လာရသဖြင့် လူ၏ပင်ကိုယ်ဗီဇသည် ကောင်း၏။ သို့သော် ကိလေသာ၏ လွှမ်းမိုး ချုပ်ချယ်မှု၊ ကြိုးကိုင်ချယ်လှယ်မှု၊ ကိလေသာ အလိုကျ ပုံသွင်းခံရမှုတို့ကြောင့် လူအများစုသည် ပင်ကိုယ်ဗီဇ ပျောက်သွား၏။ ပင်ကိုယ်ဗီဇ ပျောက်သွား သောအခါ လူစိတ် ပျောက်သွား တော့၏။
လူစိတ်နှင့်သာ လူလုပ်ရပါက ကောင်းသောအလုပ်ကိုသာ လုပ်မည်ဖြစ်၏။ သို့သော် လူသည် လူစိတ်အမြဲရှိသည်မဟုတ်။ ကိလေသာ အချုပ်အချယ်အောက်က လွတ်နေသည့် အခိုက်သာ လူစိတ် ဝင်၍ ကိလေသာ အချုပ်ချယ်အောက် ပြန်ရောက်သွားသောအခါ လူစိတ်ပြန်ပျောက်သွား၏။ လူစိတ် ဝင်သောအခါ ကောင်းသောအလုပ်၊ လူ့အလုပ်ကို လုပ်၏။ လူစိတ် ပျောက်နေသော အခါ မကောင်း သောအလုပ်၊ လူ့အလုပ်မဟုတ်သည်ကို လုပ်၏။ တစ်ပါးကျွန်ဘဝ၊ အချုပ်ချယ်ခံဘဝမှာ ကိုယ့်သဘောနှင့်ကိုယ် နေရသည်မဟုတ်။ ကိုယ့်သဘော နှင့်ကိုယ် အိပ်ရသည်မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် စားရသည်မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် လုပ်ရသည်မဟုတ်။ အရာရာ သခင်အလိုကျ၊ သခင်စိတ်တိုင်းကျသာဖြစ်ရလေ၏။
ဘုရားရှင်၏ နှုတ်ခပတ်တော် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံသည် အကျယ်အားဖြင့် ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင် ရှိ၏။ အကျဉ်းအားဖြင့် ဝိမုတ္တိရသ တစ်မျိုးတည်းသာရှိ၏။ ဝိမုတ္တိရသ ဟူသည်ကိလေသာ အချုပ်အချယ်တို့မှ လွတ်မြောက်ခြင်းကို ခေါ်၏။ရဟန္တာပုဂ္ဂိုလ်များ ရဟန္တာဖြစ်သွားသောအခါ “ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိသု” ဟုပါဠိတော်မှာ ဆို၏။ အဓိပ္ပါယ်က ဥပါဒါန်အစွဲ ပြုတ်၍ အာသဝေါတရားတွေမှ စိတ်အစဉ်လွတ်မြောက်သွားပြီဟု ဖြစ်၏။ ရဟန္တာဖြစ်ခြင်းဟူသည် ဘဝအကျဉ်းထောင် က လွတ်မြောက်သွားခြင်းဖြစ်၏။
ဘဝအကျဉ်းထောင်က လွတ်မြောက်ဖို့ မိမိ စိတ်အစဉ်သည် အာသဝေါတရားတွေက လွတ်မြောက်ဖို့လို၏။ အာသဝေါနှင့် ကိလေသာ အတူတူပင်ဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ စသော အကုသိုလ်တရားများပင်ဖြစ်၏။ ကိလေသာ အာသဝေါကင်းဖို့အတွက် အစွဲကင်းဖို့လို၏။ အစွဲ ဟူသည် ဥပါဒါန်ဖြစ်၏။ တဏှာပစ္စယာ ဥပါဒါနာဟု ဆိုသည့်အတိုင်း တဏှာကြောင့် ဥပါဒါန်ဖြစ်ရ၏။ တဏှာက တွယ်တာ၏။ သာယာ၏။ တပ်မက်၏။ တဏှာ၏ ထိုသို့ တွယ်တာမှု၊ သာယာမှု၊ တပ်မက်မှုကြောင့် အစွဲ ဥပါဒါန်ဖြစ်ရ၏။ တဏှာ မည်သူ့ကြောင့် ဖြစ်ရသနည်းမေးလျှင် ဝေဒနာ ပစ္စယာ တဏှာ ဟုဆိုသည့်အတိုင်းဝေဒနာကြောင့် တဏှာဖြစ်ရ၏။ ခံစားမှုကြောင့် တဏှာဖြစ်ရ၏။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဒွါရခြောက်ပါးလုံးက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားဟူသော အာရုံခြောက်မျိုးလုံးကို ခံစား၏။ ထိုခံစားမှုတွေကြောင့် တဏှာ ဖြစ်ရ၏။ ဒုက္ခီ သုခံ ဝတ္ထယတိ- ဆင်းရဲတော့ ချမ်းသာကို တောင့်တ၏။ ချမ်းသာ ချင်၏။ ဒုက္ခဝေဒနာကြောင့် တဏှာဖြစ်ရ၏။ သုခီ ဘိယျောပိ ဣစ္ဆတိ- ချမ်းသာသူက ပို၍တိုး၍ ချမ်းသာ ချင်၏။သုခဝေဒနာကြောင့်လည်း တဏှာ ဖြစ်ရပြန်၏။ ဝေဒနာနိရောဓာ တဏှာနိရောဓော – ဝေဒနာချုပ်မှသာ တဏှာချုပ်မည် ဖြစ်၏။ တဏှာနိရောဓာ ဥပါဒါနာ နိရောဓော – တဏှာ ချုပ်လျှင် စွဲလမ်းမှုဥပါဒါန်တွေ ချုပ်မည်ဖြစ်၏။
စွဲလန်းမှု ဥပါဒါန်တွေချုပ်လျှင် ကိလေသာအာသဝေါ အချုပ်အချယ်တွေမှ ကင်းလွတ်မည်ဖြစ်၏။ ကိလေသာအာသဝေါ အချုပ်အချယ်တွေက ကင်းလွတ်ဖို့၊ ဘဝအကျဉ်းထောင်က လွတ်မြောက်ဖို့ ဝေဒနာချုပ်ဖို့ လို၏။ အာရုံတွေကို မခံစားဖို့ လို၏။ အာရုံတွေ၏ အရသာကို မခံဖို့ လို၏။သုံးဆောင်ခံစား ဆိုသည့်နေရာမှာ သုံးဆောင်တာက တစ်မျိုး၊ ခံစားတာက တစ်မျိုးဖြစ်၏။ စားစရာ၊ဝတ်စရာ၊ နေထိုင်စရာ၊ ဆေးဝါးဓာတ်စာ သုံးဆောင်တာကတော့ သုံးဆောင် ရမည်ဖြစ်၏။ မသုံးဆောင်၍ မဖြစ်။ အရသာကို မခံစားဖို့သာ လို၏။
ထို့ကြောင့် ဘုရားရှင်က ဒိဋ္ဌေ ဒိဋ္ဌမတ္တ – မြင်လျှင် မြင်ကာမျှထား၊ သုတေ သုတမတ္တ – ကြားလျှင် ကြားကာမျှထား၊ မုတေ မုတမတ္တ – မွှေးလျှင် နံလျှင် မွှေးကာမျှ နံကာမျှ၊ စားသောက်လျှင်စားသောက်ကာမျှ၊ ထိတွေ့လျှင် ထိတွေ့ကာမျှထား။ ရှေ့ဆက်မခံစားနှင့်ဟု မိန့်တော်မူ၏။ ထိုသို့ မရှိမဖြစ်၊ မသုံးဆောင်မဖြစ် အာရုံတွေကို သုံးဆောင်သည့်အခိုက် အရသာ မခံစားဘဲနှင့် ရှုမှတ်နိုင်လျှင် ဝေဒနာချုပ်၍ တဏှာပြုတ်မည်ဖြစ်၏။ တဏှာပြုတ်လျှင် အစွဲဥပါဒါန် လည်း ပြုတ်မည်ဖြစ်၏။ အစွဲ ဥပါဒါန်တွေပြုတ်လျှင် ကိလေသာအချုပ်အချယ်တွေ လွတ်မည်ဖြစ်၏။
ကိလေသာအချုပ်အချယ် တွေက လွတ်လျှင် ဘဝအကျဉ်းထောင်ကလည်း လွတ်ပြီဖြစ်၏။
အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
၂၀၀၆-ခုနှစ်၊ ဖေဖော်ဝါရီလ၊ မြတ်မင်္ဂလာစာစောင်၊
ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ်
နိုင်ငံခြားတွင် ကျောင်းတက်ရင်း လူမျိုးပေါင်းစုံ၊ ဘာသာတရား ကိုးကွယ်မှု ပေါင်းစုံသော လူများနှင့် အလိုက်အထိုက် နေထိုင်ပြောဆို ဆက်ဆံရသည်မှာ ဒေသန္တရ ဗဟုသုတ တိုးသည်သာမက လူမှု ဆက်ဆံရေး စွမ်းရည် ပါ စိတ်ညစ်စရာ ကောင်းလောက်အောင် မတိုးချင်ဘဲ တိုးခဲ့ရပါသည်။ အထူးသဖြင့် အိန္ဒိယတောင်ပိုင်းမှ ကျောင်းသားတစ်ဦးရဲ့ ဂုဏ်ပြိုင်ချင်လွန်းသော အပြုအမူမှ⋯⋯ာ နေရာ တော်တော်များများ တွင် စော်ကားလိုသော အနက် အဓိပ္ပာယ် သက်ရောက်လာသောကြောင့် စကားဝိုင်းမှာ မကြာခဏ စကားရည်လုပွဲ အသွင်ဆောင် လာလေ့ရှိပါသည်။
တရက်မှာ ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ဆွေးနွေးခိုက် ဘုရားများ၊ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာများ အကြောင်းကို သမိုင်းကြောင်းနှင့် ယှဉ်ပြီး ဆွေးနွေးစဉ် မောင်မင်းကြီးသားက တစခန်းထ လာပါတော့သည်။ ဂျာမန်လူမျိုး ဆရာက ရွှေတိဂုံ ဘုရား၏ တည်ထားပုံကို ကမ္ဘာ့အံ့ဖွယ် စာရင်း သွင်းရပုံကို ချီးကျူးပြောဆိုရာ သူက ဟိန္ဒူ
ဘုရားကျောင်းများရဲ့ ရှေးကျပုံ၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀မှ ၅၀၀၀ အလွန် ကပင် ဟိန္ဒူ ဘုရားစေတီများ တည်ထားခဲ့ပြီး ဖြစ်ပုံ၊ နောက်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်သာ ကြာသေးပုံ တို့ကို ပြောပြီး ရွှေတိဂုံဘုရားသည် ဟိန္ဒူ ဘုရားစေတီ တည်ထားပုံကို နမူနာယူ အတုခိုးပြီး တည်ထားခြင်း မျှသာ ဖြစ်သည်ဟု ပြောပါလေတော့သည်။
စကားရည်ပြိုင်လုရန် စိတ်မပါလှသော ကျွန်မလည်း သည်နေရာ တွင်တော့ ငုံ့မခံနိုင်တော့ပါ။ ထို့ကြောင့် ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း လေ့လာတွေ့ရှိဖူးပါသည်။ မှန်သလားလို့ အရင်ချည် လိုက်ပါတော့သည်။ မှန်ကြောင်းနှင့် မြန်မာများသည် သူတို့ဟိန္ဒူစေတီတည်ပုံကို လေ့လာထား သည်ကို ချီးကျူးပါကြောင်း အချွန်နဲ့ မလေသည်။ ထိုအခါမှ ကျွန်မလည်း
၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားကြောင်း
၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားကြောင်း၊ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပြေပြေလေး ပြောင်းလဲယူခြင်း ဖြစ်ကြောင်း
၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ကြောင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာယူနိုင်ကြောင်း
၎. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင် ဖြစ်ကြောင်း
၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သော ဗိသုကာဖြစ်ကြောင်း
၆. ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ်ကြောင်း၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း ဖြစ်နိုင်ကြောင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေ ဖြစ်ကြောင်း၊ အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ကြောင်း။
ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့် မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေ ကြောင်း၊ စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မမြင်ဖူး သေး သောကြောင့် ရှိလျှင် လမ်းညွှန်ပါရန်နှင့်
ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။
ထိုအခါ ထိုအိန္ဒိယကျောင်းသားမှအပ ကျန် နားထောင်နေသူများ အားလုံးက လက်ခံ ခေါင်းညိတ်ကြပြီး ဂျာမန် ဆရာကမူ လက်ခုပ်တီး အားပေးလေ သည်။ သည်စကားရည် လုသလို ဖြစ်သွားသော အတန်းတွင်း စာဆွေးနွေးပိုင်းတွင် အမှတ်များစွာ ရလိုက်ပြီး ထိုဘာသာတွင် ဂုဏ်ထူးထွက် ခဲ့ပါသည်။ သို့သော် ကျွန်မကမူ ကျွန်မ အဖြေကို လုံးဝ မကျေနပ် ခဲ့သေးပါ။ သည်မျှလောက် မကသေး ဟု ယုံကြည် လက်ခံ ထားမိပြီး မိမိကိုယ်ကို လုံးဝမကျေနပ်ပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။
အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ် လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ တခါမှ မစဉ်းစားဖူးခဲ့ပါ။ စပ်စုတတ် လွန်းသည်ဟု သတ်မှတ်ခံရသော ကျွန်မ လိုက်မေးသမျှ၊ လိုက် စုံစမ်းသမျှ အထက်မှာ ပြောဆိုခဲ့သလောက်သာ သိခဲ့ရ၊ မှတ်သားခဲ့ရ ဖူးလေသည်။
ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့်
ယနေ့တော့ စိတ်နည်းနည်း ပါသဖြင့် တရားနာရန် အခွေရွေးရာ ဓမ္မစေတီဆရာတော် ဦးကောသလ္လ ဟော သော နှလုံးသားဝယ် ဘုရားတည် ဆိုသော တရားခွေကို ရွေးလိုက်သည်။ မမျှော်လင့်ဘဲ ဆရာတော် ဟော သော တရားတော်ထဲမှာ ကျွန်မသိချင်လှသော ဘုရားတည်ရခြင်း အကြောင်းရင်းများကို နာလိုက်ရသဖြင့် မျက်ရည်လည်အောင် ၀မ်းသာမိရပါသည်။
၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း
၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ ဘ၀မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဋ္ဌိ တမျိုးသာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း
၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း
၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊ ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရခင် အခြေခံ ဉာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း
၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း
၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း
၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရခါနီး ဉာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း
၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဉာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း
၉. ကြာလှန်သည် ထို ဉာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း
၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊
ငှက်ပျောဖူး ဆိုတာ ငှက်ပျော တစ်ပင်ရဲ့ နိဂုံး သင်္ကေတ ပါပဲ။ ပေတစ်သီး ကျီးတစ်သား ငှက်ပျော တစ်ပင် တဲ့။ ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး ငှက်ပျော တခိုင် သီးပြီးတာနဲ့ သူ့ဘ၀ ပြီးဆုံး ရသလို ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ အောက်သံသရာကို လည်စရာ မလိုတော့တဲ့ နိဗ္ဗာန် ရောက် ဖို့ သေချာ နေတဲ့) သောတာပန် အဆင့်ကို ရောက်ပြီ ဆိုရင် သံသရာမှာ ဆက် ရှင်သန် ကျင် လည် စရာ မလိုတော့တဲ့ အတွက် သံသရာ ပြီးဆုံးတဲ့ အတွက် ငှက်ပျောဖူးနဲ့ တင်စား တာပါတဲ့ရှင်။ ငှက်ပျောဖူး ပြီးရင်တော့ အထက် မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကိုတော့ တင်ပြ ပြီးသားပါ။
ပေဖူး ပုံ မသုံးဘဲ ငှက်ပျောဖူး ပုံ သုံးရခြင်း အကြောင်းက မျက်စိ အမြင်ထဲ မှာ ပုံပန်း သဏ္ဍာန် အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွေးလား မသိပါဘူးနော်။ ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း ရှူးပြီး ထီးတော် ခုနှစ်ဆင့် အဖြစ် တက်သွား သလို သောတာပတ္တိ မဂ်ဉာဏ် ရပြီး သား သူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့် ဆီကို တသမတ်တည်း အစဉ်လိုက် ရရှိ ရောက်ရှိ သွားတဲ့ သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော် ၇ဆင့်ကြား အချိတ်အဆက် မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှု ရပါတယ်ရှင်။
၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း
၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊
၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း
(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊
(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင် သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။
၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာသတိပဋ္ဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။ သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။
ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဋ္ဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
ထိုမျှမကသေးပါ.. စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်သူ ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ဆရာတော်က ဆက်ဟောပါသည်။ ဖြစ်နိုင်လောက်ပါသည်။ ဒါကြောင့်လည်း
ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်
လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက်
ဟု လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည်။
သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။
ကျေနပ်သွားသော စိတ်ကို ပြန်လည် သတိထားရင်း တရားတော်ကို ဟောပြသော ဆရာတော်ကို လည်းကောင်း တရားဆုံးအောင် နာလိုက်ခွင့်ရသော မိမိရဲ့ ကုသိုလ်ကံကို ကျေးဇူးတင်လိုက်မိသည်။ ခုလို သူငယ်ချင်းများနဲ့ စာဖတ်သူ များကိုပါ ဝေငှခွင့်ရမှုကို ပိုလို့ပင် ကျေးဇူး တင်မိသည်။ ကျွန်မ အတွက် ကတော့ သည်နေ့ကစပြီး ဘုရားကို အနှစ်ပါပါ နှလုံးသားနှင့် ဖူးတတ်ပါပြီ ဟုသာ ပြောချင်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး စာဖတ်သူ များလည်း သိပြီးသား ဆိုလျှင်ဖြင့် အဖော်ရသည်မို့ ၀မ်းသာစွာ လက်ဆင့်ကမ်း ကြိုဆိုလိုက်ပါသည်။ မသိသေးသူများ ဘုရားကို နှလုံးသားဖြင့် အနှစ်ပါပါ အသိတရား အပြည့်ဖြင့် ဖူးမြော် နိုင်ကြအောင် သည်ဆောင်းပါးကို ရေးသား ဝေမျှရသော ကုသိုလ်ရဲ့ အဖို့ဘာဂ ကို စာဖတ် သူ ပရိသတ်ကို လည်း ကောင်း၊ သည်လို မြန်မာစာ၊ ယဉ်ကျေးမှု၊ သာသနာတို့ အဓွန့်ရှည် တည်တံ့ ကျန်ရစ်အောင် မြန်မာ့ ယဉ်ကျေးမှုတွေ ပပျောက် မသွားအောင် ထိန်းသိမ်းခွင့်ကို အသက် ပေးကာ လွတ်လပ်ရေး အတွက် တိုက်ယူ ပေးခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီး ၉ဦး အပါအ၀င် အာဇာနည်များ အားလုံးကို လည်းကောင်း၊ ၃၁ဘုံတွင် ကျင်လည်ကုန်သော ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။ အမျှရပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ။
*ဓမ္မစေတီဆရာတော် ဟောကြားချီးမြှင့်တော်မူသော “နှလုံးသားဝယ် ဘုရားတည် တရားတော်”*
မေတ္တာဖြင့်မျှဝေသူ
Shwe Nyar Thar
နှစ် ထပ် ရှုံး မ ခံ နဲ့
နှစ် ထပ် ရှုံး မ ခံ နဲ့
+++++++++++++
ကုသိုလ် ရှာချိန်မှာ ကုသိုလ် ရမှ ကိုယ့်အတွက် အမြတ်ကျန်ပါတယ်။ ကုသိုလ်မရရင် နှစ်ထပ် ရှုံးပါတယ်။ ကုသိုလ်မရလို့ ရှုံးတာကတစ်မျိုး၊ တခြား တခြား အရေးကိစ္စတွေ မလုပ်နိုင် လို့ ရှုံးတာက တစ်မျိုး ဆိုတော့ နှစ်ထပ် ရှုံုးဖြစ်သွားလိမ့်မယ်။
လက် ရှိအချိန်အတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ ပစ်လာခဲ့၊ ခဏထားရစ်ခဲ့တာပါ။ ကုသိုလ်လည်းမရ၊ စီးပွားလည်းမရ။ ကုသိုလ်လည်းမရ၊ ပညာလည်းမရ ဆိုရင် နှစ်ထပ် ရှုံးတာပါ။ တရားမရှုမှတ်ဘဲ အချိန်ကုန်သွားရင် တစ်နေ့ အရှုံးပေးသွားတာပါ။
တစ်ယောက်နဲ့ တစ်ယောက် ရယ်ကာမောကာ၊ ပြောကာဆိုကာနဲ့ ကြိုးစားပမ်းစား
တရားအားမထုတ် ရင် အရှုံးပေါ်သွားတာပါ။
လူတိုင်း ဘဝနိဂုံးချုပ် ရတာက မရဏဆိုတဲ့ သေခြင်းပါ။ သေဆုံး ကွယ်လွန်သွားရင် ဒီခန္ဓာကြီး ဘာမှ သုံးလို့ မရတော့ဘူး။ အမှိုက်ဖြစ်သွားပြီ။ မြေမြှုပ်လိုက်ရပြီ။ မီးရှို့ဖျက်ဆီးလိုက်ရပြီ။
ပုပ်သိုးမယ့်ခန္ဓာ၊ ပျက်စီးမယ့်ခန္ဓာ၊ ဖျက်ဆီးပစ် ရမယ့်ခန္ဓာကြီးပါ။ ခန္ဓာကြီး မပြိုကွဲ မပျက်စီးခင် အသက်နဲ့ခန္ဓာ တည်တံ့နေချိန်မှာ ကိုယ့်အတွက် အမြတ် ရှာတတ် ရပါမယ်။ အမြတ်ဆုံးကိုယူတတ်ရပါမယ်။
လူ့ဘဝရယ်လို့ ရလာတဲ့ အခိုက်အတံ့လေးမှာ အမြတ်ဆုံးကို ရယူမှ ဖြစ်မယ်လို့ သဘောပေါက်နားလည်သူတိုင်း တရားရှာကြပါတယ်။ တရားအားထုတ်ကြပါတယ်။
သာသနာကွယ်ပျောက်ပြီး ဘုရားမပွင့်တဲ့ အချိန်မှာ ဝိပဿနာတရားကို အားထုတ်ချင် လို့ မရပါဘူး။ ရှုပွားနှလုံးသွင်းဖို့ မဖြစ်နိုင် ပါဘူး။
ဘယ်အချိန်မဆို ရှာနိုင် တဲ့ စီးပွားရေး၊ အချိန် မရွေး ချစ်လို့ရတဲ့ ဇနီးမယား၊ သမီးသား၊ ဘဝတိုင်း လုပ်လာကြတဲ့ လူမှုရေးတွေ ခဏဘေးချိတ်ပြီး တရားရှာမှသာ လူ့ဘဝမှာ အမြတ်များများ ရကြမှာပါ။
"ဓမ္မလမ်းပေါ်မှာ" စာအုပ်မှ ကောက်နှုတ်
ကူးယူ ပူဇော် မျှဝေပါသည်။
Shwe Nyar Thar


















