Sunday, February 28, 2016

နှစ် ထပ် ရှုံး မ ခံ နဲ့


နှစ် ထပ် ရှုံး မ ခံ နဲ့

+++++++++++++

ကုသိုလ် ရှာချိန်မှာ ကုသိုလ် ရမှ ကိုယ့်အတွက် အမြတ်ကျန်ပါတယ်။ ကုသိုလ်မရရင် နှစ်ထပ် ရှုံးပါတယ်။ ကုသိုလ်မရလို့ ရှုံးတာကတစ်မျိုး၊ တခြား တခြား အရေးကိစ္စတွေ မလုပ်နိုင် လို့ ရှုံးတာက တစ်မျိုး ဆိုတော့ နှစ်ထပ် ရှုံုးဖြစ်သွားလိမ့်မယ်။

လက် ရှိအချိန်အတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ ပစ်လာခဲ့၊ ခဏထားရစ်ခဲ့တာပါ။ ကုသိုလ်လည်းမရ၊ စီးပွားလည်းမရ။ ကုသိုလ်လည်းမရ၊ ပညာလည်းမရ ဆိုရင် နှစ်ထပ် ရှုံးတာပါ။ တရားမရှုမှတ်ဘဲ အချိန်ကုန်သွားရင် တစ်နေ့ အရှုံးပေးသွားတာပါ။

တစ်ယောက်နဲ့ တစ်ယောက် ရယ်ကာမောကာ၊ ပြောကာဆိုကာနဲ့ ကြိုးစားပမ်းစား
တရားအားမထုတ် ရင် အရှုံးပေါ်သွားတာပါ။

လူတိုင်း ဘဝနိဂုံးချုပ် ရတာက မရဏဆိုတဲ့ သေခြင်းပါ။ သေဆုံး ကွယ်လွန်သွားရင် ဒီခန္ဓာကြီး ဘာမှ သုံးလို့ မရတော့ဘူး။ အမှိုက်ဖြစ်သွားပြီ။ မြေမြှုပ်လိုက်ရပြီ။ မီးရှို့ဖျက်ဆီးလိုက်ရပြီ။

ပုပ်သိုးမယ့်ခန္ဓာ၊ ပျက်စီးမယ့်ခန္ဓာ၊ ဖျက်ဆီးပစ် ရမယ့်ခန္ဓာကြီးပါ။ ခန္ဓာကြီး မပြိုကွဲ မပျက်စီးခင် အသက်နဲ့ခန္ဓာ တည်တံ့နေချိန်မှာ ကိုယ့်အတွက် အမြတ် ရှာတတ် ရပါမယ်။ အမြတ်ဆုံးကိုယူတတ်ရပါမယ်။

လူ့ဘဝရယ်လို့ ရလာတဲ့ အခိုက်အတံ့လေးမှာ အမြတ်ဆုံးကို ရယူမှ ဖြစ်မယ်လို့ သဘောပေါက်နားလည်သူတိုင်း တရားရှာကြပါတယ်။ တရားအားထုတ်ကြပါတယ်။

သာသနာကွယ်ပျောက်ပြီး ဘုရားမပွင့်တဲ့ အချိန်မှာ ဝိပဿနာတရားကို အားထုတ်ချင် လို့ မရပါဘူး။ ရှုပွားနှလုံးသွင်းဖို့ မဖြစ်နိုင် ပါဘူး။

ဘယ်အချိန်မဆို ရှာနိုင် တဲ့ စီးပွားရေး၊ အချိန် မရွေး ချစ်လို့ရတဲ့ ဇနီးမယား၊ သမီးသား၊ ဘဝတိုင်း လုပ်လာကြတဲ့ လူမှုရေးတွေ ခဏဘေးချိတ်ပြီး တရားရှာမှသာ လူ့ဘဝမှာ အမြတ်များများ ရကြမှာပါ။


ကျေးဇူးတော်ရှင် ဓမ္မဒူတ
ဒေါက်တာ အရှင် ပညီဿရ။

"ဓမ္မလမ်းပေါ်မှာ" စာအုပ်မှ ကောက်နှုတ်
ကူးယူ ပူဇော် မျှဝေပါသည်။

Shwe Nyar Thar