ဒုလ္လဘတရား (၅) ပါး
ဒုလ္လဘတရား (၅) ပါး နှင့် ပတ်သက်၌ မကြာခန ဖော်ပြခဲ့ပြီးဖြစ်ပြီး၊ မကြာခန ဖော်ပြနေကြသည်ကိုလည်း တွေ့ရှိရပါသည်။ သို့သော် အရေးကြီးသည် မမေ့မပျောက် သတိမပြတ်စေရန်အတွက် ထပ်မံတင်ပေး လိုက်ပါသည်။
ဤ သြ၀ါဒစကားများသည် အရေးကြီးသဖြင့် ရှင်တော်မြတ်ဘုရားကိုယ်တိုင် နေ့စဉ် ပြုလုပ်ဆောင်ရွက် တော်မူမြဲဖြစ်သည့် ဗုဒ္ဓကိစ္စ (၅) ပါးဖြစ်သည့် --
(၁) ပုရေဘတ္တကိစ္စ (နံနက်ပိုင်း ဆွမ်းကိစ္စပြီးသည့်တိုင်အောင်ပြုရသည့်ကိစ္စ)
(၂) ပစ္ဆာဘတ္တကိစ္စ (ဆွမ်းကိစ္စပြီးသည့်နောက် နေ့ခင်းပိုင်းမှာပြုရသည့်ကိစ္စ)
(၃) ပုရိမယာမကိစ္စ (ညနေချမ်းနှင့်ညဥ့်ဦးယာမ်မှာ ပြုရသည့်ကိစ္စ)
(၄) မဇ္ဈိမယာမကိစ္စ (ညဥ့်အလယ်ပိုင်းမှာပြုရသည့် ကိစ္စ)
(၅) ပစ္ဆိမယာမကိစ္စ (ညဥ့်၏နောက်ဆုံးပိုင်း မိုးသောက်ယာမ်တွင်ပြုရသည့်ကိစ္စ)
တွင်ပါဝင်ပါသည်။ ဒုလ္လဘ(၅) ပါး သြ၀ါဒ စကားကို မြတ်စွာဘုရားသည် အမှတ် (၂) ဖြစ်သည့် ပစ္ဆာဘတ္တကိစ္စ (ဆွမ်းကိစ္စပြီးသည့်နောက် နေ့ခင်းပိုင်းမှာပြုရသည့်ကိစ္စ) တွင် သြ၀ါဒပေးခြင်းဖြစ်ပါသည်။
မြတ်စွာဘုရားသည် ရဟန်းတော်များအားလုံး ဆွမ်းကိစ္စပြီးစီးကြသည့်အကြောင်း အလုပ်အကျွေး ရဟန်းတော်က လျှောက်ထားသည့်အခါ ဂန္ဓကုဋီ ကျောင်းတော်သို့ ၀င်တော်မူပါသည်။
ဂန္ဓကုဋီ ကျောင်းတော်သို့ ၀င်တော်မူသည့်အခါ ခြေတော်များကို ဆေးပြီး ရပ်တော်မူလျက် ရဟန်းတော်တို့အား သြ၀ါဒစကားကို အောက်ပါအတိုင်း မိန့်ကြားလေ့ရှိပါသည်။
“ဘိက္ခဝေ ၊ ရဟန်းတို့။
အပ္ပမာဒေန ၊ မမေ့မလျော့သော သတိရားဖြင့်၊
သမ္ပာဒေထ၊ သီလ သမာဓိ ပညာကိစ္စကို ပြီးစေကြကုန်လော့၊
ပြီးစီးပြည့်စုံအောင် အားထုတ်ကြကုန်လော့၊
လောက၌--
(၁) ဗုဒ္ဓပ္ပါဒေါ ၊ မြတ်စွာဘုရားတို့၏ ပွင့်ထွန်းရာကာလကို။ ဒုလ္လဘော၊ ရခဲ၏။
(မြတ်စွာဘုရား ပွင့်တော်မူပြီးတော့ ဘုရားအဆုံးအမ သာသနာတော် တည်ရှိနေတဲ့ အခါကာလကို ရခဲတယ် ကြုံခဲတယ်၊ ဒါကြောင့် ရခဲတဲ့ အခွင့်ကောင်းကြီးကို ရနေတဲ့အခါမှာ မမေ့ကြနဲ့ ကြိုးစား အားထုတ်ကြလို့ ဆိုလိုပါတယ်။)
(၂) မနုဿတ္တပဋိလာဘော ၊ လူ့အဖြစ် လူ့ဘ၀ကို ရခြင်းကို။ ဒုလ္လဘော၊ ရခဲကြုံခဲ၏။
(၃) သမ္ပတ္တိ၊ ပြည့်စုံခြင်းကို။ ဒုလ္လဘာ၊ ရခဲ၏။
(ပြည့်စုံခြင်းဆိုတာ မဂ်ဖိုလ် တရားထူးကို ရရေးအတွက် သင့်လျော်သော အရပ်၌ နေရခြင်း၊ မျက်စိ နားစသော ရုပ်ရေ အင်္ဂါ ဣနြေ္ဒတို့နှင့် ပြည့်စုံခြင်း၊ ဘုရားစစ် တရားစစ် သံဃာစစ် ဆိုတဲ့ ရတနာသုံးပါးကို ကြည်ညိုတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊ ခေတ်ကာလကောင်းခြင်း၊ စားဖွယ် သုံးဖွယ်တို့နှင့် ပြည့်စုံခြင်း ၊ ကျန်းမာခြင်း၊ တရား အားထုတ်နိုင်လောက်အောင် သန်စွမ်းခြင်း ဆိုတာတွေပါဘဲ။ အဲဒီရခဲတဲ့ ပြည့်စုံခြင်းတွေကို ရနေတဲ့အခါ ကြိုးစား အားထုတ်ကြရမယ်လို့ ဆိုလိုပါတယ်။)
(၄) ပဗ္ဗဇ္ဇာ ၊ ရှင်ရဟန်းအဖြစ်ကို။ ဒုလ္လဘာ၊ ရခဲ၏။
(၅) သဒ္ဓမ္မသ၀နံ ၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရား ကြားနာရခြင်းကို။ ဒုလ္လဘံ၊ ရခဲ၏။
အဲဒီ ရခဲတာတွေ ရနေတဲ့ယခုအခါမှာ မေ့မနေကြနဲ့ အရဟတ္တမဂ်ဖိုလ် ရောက်သည်တိုင်အောင် ကြိုးစား အားထုတ်ကြလို့ ဆိုလိုပါတယ်။
ဒုလ္လဘ ငါးပါးနဲ့ သြ၀ါဒ ပေးပြီးတဲ့အခါမှာ တချို. ရဟန်းတော်တွေက မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်း တောင်းကြတယ်၊ မြတ်စွာဘုရားက သူတို့၏ စရိုက်ကိုကြည့်ပြီး သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကို ပေးတော်မူတယ်။
ကမ္မဋ္ဌာန်း ပေးပြီးတဲ့အခါ အားလုံးသော ရဟန်းတော်တွေဟာ တောအရပ် သစ်ပင်အောက် အစရှိတဲ့ သင့်လျော်ရာဌာနကို သွားပြီး နှလုံးသွင်းအားထုတ်နေကြပါတယ်။

( ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြား တော်မူသော “ ဘာရသုတ္တန် တရားတော်ကြီး” ကျမ်းစာမှ ကောက်နုတ်ပူဇော်ပါသည်။)