💦မာန်မာနနှင့်ကိုယ်ရည်ကိုယ်သွေး💦
~~~~~~~~~~~~~~~
💐💐💐
လူအများနှင့်ဆက်ဆံရေးမှာ ကိုယ်ရည်ကိုယ်သွေးတွေ၊ အကျင့်စရိုက်တွေကိုနိမ့်ကျသွားစေတဲ့အကြောင်းတစ်ခုက ကိုယ့်ရဲ့မာန်မာနပဲ။ လူဟာ သူများထက်သာသွားပြီဆိုရင် မာနနည်းနည်းတော့ဖြစ်လာတယ်နော်။ ကိုယ့်ကိုကိုယ် ငါသူများထက်သာတယ်ဆိုပြီး မာန်မာနကြီးလာတယ်။ သူတစ်ပါးရဲ့အထင်ကြီးမှု၊ လေးစားမှု၊ ကြောက်ရွံ့မှုဆိုတာကိုလည်း လိုချင်တယ်။ သတိမထားလို့ရှိရင်သာ ဒီလိုဖြစ်တတ်တာပါ။ သတိထားတဲ့သူမှာတော့ ဖြစ်တာနည်းပါတယ်။
💐💐💐
ရာထူးသိပ်ကြီးလာပြီဆိုရင် ကျန်တဲ့လူတွေက ကိုယ့်အောက်ကလူချည်းပဲဖြစ်နေတော့ ကိုယ့်ကိုရင်းရင်းနှီးနှီး၊ပွင့်ပွင့်လင်းလင်း၊ရိုးရိုးသားသား ပြန်ပြီးတော့ပြောရဲဆိုရဲတဲ့သူ တဖြည်းဖြည်းနည်းသွားတယ်။ ကိုယ့်ကိုဒီလိုပြောမယ့်သူ မရှိလေလေ ကိုယ်လုပ်တာမှန်တယ်လို့ ထင်လေလေပဲ။ မှားနေလို့တောင် မှားမှန်းတော်တော်နဲ့မသိတော့ဘူး။ အဲဒါမျိုးကို စိတ်ပညာစကားလုံးနဲ့သုံးရင် psychicinflation လို့ခေါ်တယ်။ အဓိပ္ပာယ်က စိတ်ဖောင်းပွတယ်လို့ပေါက်တယ်။ ရာထူးကြောင့် မာန်မာနဆိုတာဖြစ်တတ်တာကိုး။ မာန်မာနဆိုတာ အင်မတန်ပယ်နိုင်ခဲတယ် ။ ဘယ်လောက်ပယ်နိုင်ခဲသလဲဆိုရင် ရဟန္တာဖြစ်မှ မာန်မာနကုန်တယ်တဲ့။ အနာဂါမ်တောင်မှမာနရှိသေးတယ်ဆိုတော့ ကျန်တဲ့သဒါဂါမ်တို့ သောတပန်တို့ ပုထုဇဉ်တို့ဟာ မာနမရှိပါဘူးလို့ပြောရင် ဘယ်လိုအဓိပ္ပာယ်ပေါက်သွားအုံးမလဲ။ ကိုယ့်ကိုကိုယ် မာန်မာနမရှိပါဘူးဆိုတာကိုက မာန်မာနဖြစ်နေအုံးမှာနော်။ သတိထားဖို့ရာ တော်တော်မလွယ်တဲ့ကိစ္စပါ။ ဒါ့ကြောင့် တစ်ဖက်သားကိုဂုဏ်သိက္ခာချပြီးပြောတယ်လို့ မယူဆစေချင်ဘူး။
💐💐💐
မာန်မာနဆိုတာ အင်မတန် ခက်ခဲနက်နဲသိမ်မွေ့တဲ့ကိလေသာဖြစ်တယ်။ ရိုးရိုးပြောရရင်တော့ စိတ်ကြီးဝင်တယ်။ ကိုယ်လုပ်သမျှမှန်တယ်လို့ထင်တယ်။ ကိုယ်ပြောသမျှမှန်တယ်လို့ထင်တယ်။ ကိုယ့်ကိုပြန်ပြီးတော့ လွဲတာမှားတာကိုပြောရင် လုံးဝလက်မခံချင်ဘူး။ သည်းမခံချင်ဘူး။ စိတ်ဆိုးတယ်။ ပြင်းပြင်းထန်ထန် ပြန်ပြီးတုံ့ပြန်တယ်။ အပြစ်ပေးတယ်။ အဲဒီလိုဆိုတော့ ကိုယ်လွဲတာမှားတာကိုပြောရဲကြမှာမဟုတ်ဘူး။ ရာထူးကြီးသွားတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်နားကိုဝိုင်းနေချင်တဲ့သူတွေ အများကြီးရှိတယ်။ အဲလိုလူတွေက ကိုယ့်အကြိုက်ကိုပြောမှာပဲ။ မြှောက်ပင့်ပြောမှာပဲ။ အဲဒီလိုမြှောက်ပင့်ပြောနေပြီဆိုရင် သတိထားပါ။ လူဆိုတာ ကိုယ့်ကိုကိုယ်အင်မတန်အထင်ကြီးတယ်။ ဘာလို့တုံးဆိုတော့ လူရဲ့ပင်ကိုယ်ဓါတ်ခံမှာ သိမ်ငယ်တဲ့စိတ်၊ အားငယ်တဲ့စိတ်ရှိတယ်။ အဲဒါကိုကျော်လွန်ချင်တယ်။ အဲဒီသိမ်ငယ်တဲ့စိတ်၊ အားငယ်တဲ့စိတ်ဟာ အင်မတန်ခံရခက်တယ်။ အဲဒီတော့ ဒီလိုစိတ်ကိုလက်မခံနိုင်တဲ့အတွက် ကိုယ်ကိုကိုယ် အင်မတန် ငါအရာရောက်တဲ့သူ။ ငါအင်မတန်သိတယ်၊တတ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ်လှည့်စားလေ့ရှိတယ်။ ဒီလိုအချိန်မှာ ပတ်ဝန်းကျင်ကချီးမွှမ်းမယ်၊ မြှောက်ပင့်လာမယ်ဆိုရင် သိပ်သဘောကျတာ။ ငါ တယ်တော်ပါလားဆိုတဲ့စိတ်ကို ရသွားတာကိုး။ ကိုယ့်စိတ်ထဲမှာ သိမ်ငယ်တဲ့စိတ်ကလေး ခဏလောက်သက်သာသွားရင်ကို တော်တော်နေလို့ကောင်းသွားတယ်။ အဲဒီတော့ စိတ်ကလေးသက်သာဖို့ကို နည်းမျိုးစုံနဲ့လုပ်ကြတယ်။ အဝတ်နဲ့လုပ်ကြတယ်။ အစားနဲ့လုပ်ကြတယ်။ အမျိုးမျိုးကြွားတယ်။ သူများထက်သာကြောင်းကိုပြတာဟာ စိတ်ထဲမှာသိမ်ငယ်စိတ်ရှိလို့ဆိုတာ သိသာတယ်။ ကိုယ့်စိတ်ထဲမှာသိမ်ငယ်စိတ်မရှိရင် သူများထက်သာကြောင်းကိုပြနေဖို့မလိုတော့ဘူး။ လွတ်လပ်သွားပြီ။ သူများထက်သာကြောင်းပြနေတာကိုက မလွတ်လပ်ခြင်းတစ်မျိုးနော်။ ဘာကြောင့်မလွတ်လပ်တာလဲဆိုတော့ မာနဆိုတဲ့ကိလေသာဖြစ်နေလို့ပဲ။ ဒီလိုစိတ်ကို ဖြစ်နေတုန်းမှာသေသေချာချာမြင်ဖို့၊ သိနိုင်ဖို့ ပထမအရေးအကြီးဆုံးပါ။ လုံးလုံးချည်းပယ်ဖို့ကတော့ မလွယ်သေးဘူး။ ရဟန္တာဖြစ်မှ ကိလေသာအကုန်လုံးကုန်တာကိုး။
💐💐💐
အင်မတန်ကိုယ်ရည်ကိုယ်သွေး အကျင့်စရိုက်ပြည့်ဝတဲ့လူတောင်မှ ကိုယ့်စိတ်ကိုကိုယ် သတိမပြတ်အောင်အမြဲစောင့်ကြည့်နေနိုင်မှ သူ့ရဲ့လွှမ်းမိုးမှုကိုမခံရမှာ။ ဒီအချက်ကို လူအချင်းချင်းဆက်ဆံတဲ့အခါမှာ သတိထားကြည့်ပါ။ လူနှစ်ယောက်တွေ့ပြီဆိုတာနဲ့ တစ်ယောက်က one up နေရာရအောင်ယူပြီး တစ်ယောက်က one down ဖြစ်သွားပြီ။ ဟုတ်သလား၊မဟုတ်ဘူးလားဆိုတာ ကိုယ့်ဘာသာသတိထားကြည့်ပါ။ one down(အနိုင်ခံ)နေရာမှာ နေရတဲ့သူရဲ့စိတ်ထဲ ဘယ်လိုဖြစ်မလဲ။ ခံရခက်မယ်နော်။ ဒါပေမယ့် ဒီနေရာမှာ one downနေရာမှာ နေပေးလိုက်တယ်။ တခြားတစ်နေရာမှာ တခြားတစ်ယောက်နဲ့တွေ့တဲ့အခါ သူက တစ်နည်းနည်းနဲ့သာတယ်ဆိုရင် one up(အသာစီး)နေရာ ရအောင်ယူတော့မှာပဲ။ ဒီလိုဆက်ဆံရေးမျိုးဟာ စိတ်မှာ ကြည်လင်မှု၊ချမ်းသာမှု မရဘူး။ တကယ့်မေတ္တာ၊ကရုဏာ မဖြစ်ဘူး။ ရိုးသားမှု၊ပွင့်လင်းမှု မရှိဘူး။ သူတို့ဘဝမှာ မြှောက်ပင့်တာနဲ့နှိမ်တာပဲ ရှိတော့တယ်။
💐💐💐
လူအများနဲ့ ချစ်ချစ်ခင်ခင် ပွင့်ပွင့်လင်းလင်း အပြန်အလှန်ကူညီပြီး အဆင့်မြင့်တဲ့ဆက်ဆံရေးရှိတဲ့သူရဲ့ဘဝဟာ အရည်အသွေးမြင့်မားတယ်။ ဒီလို Personality ကောင်းတဲ့သူဟာ ခေါင်းဆောင်ကောင်းဖြစ်နိုင်တယ်။ တရားအားထုတ်တဲ့သူတွေမှာလည်း သတိမထားလိုက်ရင် စိတ်က ချက်ချင်းဖောင်းကြွမှုဖြစ်သွားတယ်နော်။ ဒီလိုဖြစ်သွားရင် တရားအားထုတ်တဲ့သူအချင်းချင်း ငါကသာတယ်ဆိုတဲ့စိတ်နဲ့ အထက်စီးကနေ မသိမသာဖြစ်ဖြစ် သိသိသာသာဖြစ်ဖြစ် ဆက်ဆံတယ် ။ ကြွားတတ်တယ်။လူဟာ ကြွားချင်တဲ့သတ္တဝါဖြစ်တယ်။ မကြွားရရင်မနေနိုင်ဘူး။ သတိရှိဖို့လိုတယ်။ သတိမရှိရင် ကိုယ်လည်း ဒါမျိုးလုပ်မိမှာပဲ။ ဒီအချက်ကို လေးလေးနက်နက်သတိထားပါ။ သတိမထားရင် နောက်ထပ်အသိဥာဏ်ရဖို့ လမ်းပိတ်သွားမယ်။ ကောင်းတာတွေအများကြီးရလာတဲ့လူဟာ ဘာဖြစ်တော့မလဲ။ မာနကြီးမယ်။ စိတ်ကြီးဝင်မယ်။ ငါမှန်တယ်။ ငါသိတယ်။ ငါတတ်တယ်။ ငါလုပ်နိုင်တယ်။ ငါမှားနေတာတောင်မှ မင်းတို့ပြောပိုင်ခွင့်မရှိဘူး။ ဒီလို အထင်ရောက်သွားတယ်။ ဒီလိုဖြစ်လာရင် အဲဒီလူရဲ့စိတ်ဓါတ်အရည်အချင်းတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ၊ အကျင့်စာရိတ္တတွေ၊ ခေါင်းဆောင်နိုင်မှုအရည်အချင်းတွေ အားလုံးပျက်စီးသွားတော့မယ်။ အဲဒီလူဟာ ကျဆုံးသွားတော့မယ်။

🍃ဆရာတော်ဦးဇောတိက🍃 🍂(မဟာမြိုင်တောရ)🍂၏💧ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့်နေထိုင်ခြင်း စာအုပ်မှကူးယူဖော်ပြပါသည်၊၊ 📖💧