"တရားအားထုတ်တဲ့ အချိန်ဟာ ဘယ်အချိန် အကောင်းဆုံးလဲ" ဆိုတာ ကို ဟိုးအရင်တုန်းက "တရားစပြီးအားထုတ်သင့်တဲ့အချိန်ကောင်း" ဆိုတဲ့ ခေါင်းစဉ် နဲ့  ရေးသားခဲ့ဘူးပါတယ်။
ဓမ္မမိတ်ဆွေတို့ အနေနဲ့ ပြန်ဖတ်ချင်လို့ ရှာဖွေတဲ့အခါမှာ အင်တာနက်လိုင်းမကောင်းရင် ရှာဖွေရတာ ခက်ခဲစေတဲ့အတွက် ပြန်လည်ဖေါ်ပြရင်း ၊ ခုမှ စပြီးတရားအားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေတို့ နားလည်ဖို့ ခက်ခဲနိုင်မဲ့ ပါဋ္ဌိ စကားလုံးတွေကိုပါ နည်းနိုင်သမျှ ထုတ်နှုတ်ပြီး ပြန်လည် ရေးသားတင်ပြလိုက်ပါတယ်။
အထက်ကစကားကို ပြန်ကောက်ရရင်...
"တရားအားထုတ်တဲ့ အချိန်ဟာ ဘယ်အချိန် အကောင်းဆုံးလဲ" ဆိုတာ မရှင်းပြခင် ရှေး ဦးစွာ သိသင့်သိထိုက်တာ လေးတွေ တင်ပြပါရစေ။
" မနုဿတ္တဘာဝေါ ဒုလ္လဘော" ဆိုတဲ့ ပါဠိတော် စကားရပ်ရှိပါတယ်။ ဓမ္မမိတ်ဆွေ တို့ လည်းကြားဖူးကြမှာပါ။
" လူ့ ဘဝ ဆိုတာ.. ရခဲတယ်၊ လူ့ ဘဝ ဆိုတာ ရဖို့ မလွယ်ဘူး" စသည်အားဖြင့် မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်ကို သာဓက ပြုပြီးတော့ ဆရာတော်၊ ရဟန်း၊ သံဃာတော်တို့ ဟာ "ရခဲလှတဲ့ လူ့ ဘဝ" အကြောင်း ကို ရှုထောင့်အမျိုးမျိုး ကနေပြီး တော့၊ ဟောပြောကြတာကို ဓမ္မမိတ်ဆွေတို့  ကြားနာဘူး ကြမှာပါဘဲ။
လူ့ ဘဝ ဘယ်လို ရဖို့ခက် တာလဲ၊ ရဖို့ ဘယ်လို မလွယ်တာလဲ ဆိုတော့...
( ပါဋ္ဌိ လိုတွေက တော့ မှတ်စရာမလိုသေးပါဘူး )
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား အဖြစ်ကို ရခဲခြင်း၊
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူ့ အဖြစ်ကို ရခဲခြင်း၊
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရား နဲ့ ပြည့်စုံတဲ့ အဖြစ်ကို ရခဲခြင်း၊
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ =ရဟန်း အဖြစ်ကို ရခဲခြင်း၊
(၅) သဒ္ဓမ္မသဝန အတိ ဒုလ္လဘ = သူတော်ကောင်းတရား နာကြားခွင့် ကို အလွန်ရခဲခြင်း ဆိုပြီး ရှိပါတယ်။
" ဧရကပတ္တနာဂရာဇဝတ္ထု ဓမ္မပဒ"ဆိုပြီးတော့ ရေးသားထားတဲ့ စာအုပ်က ဒုတိယစာအုပ်မှာ အထက်က ဖေါ်ပြခဲ့တဲ့ အဲဒီ ရခဲခြင်း( ၅ )မျိုးကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ နေ့ စဉ်နေ့တိုင်း တပည့် သံဃာ၊ ရဟန်းတော် တို့ ဆွမ်းခံပြန်ရောက်ချိန် ဂန္ဓကုဋိ တိုက်အဝင် မှာ ဆုံးမတော်မူတဲ့ တရားဖြစ်တယ် ဆိုပြီး ရေးသားထားပါတယ်။
" လူအဖြစ်ကို ရခဲတယ်" ဆိုတဲ့ နေရာမှာ လူသေပြီး လို့  နောက်ထပ် လူပြန်ဖြစ်ဖို့ အတွက် နဲ့ တစ်ခြားသော ဘုံဘဝ က နေပြီး လူ့ဘဝ ကို ရဖို့အတွက် ခဲယင်းတယ်လို့  ဆိုလိုခြင်းဖြစ်ပါတယ်။လူ ပြန်ဖြစ်လာဖို့  လုံးဝမလွယ်ကူပါဘူး။
ဒီလောက မှာ လူဦးရေ အရေအတွက် များနေတယ် လို ထင်နေတာက လူတစ်မျိုးတည်းကို ကြည့်ပြီး များနေတာ လို့ ထင်မှတ်နေတာဘဲဖြစ်ပါတယ်။
လူ နဲ့  တစ်ခြားသတ္တဝါတွေ ထဲက တိရိစ္ဆာန်တစ်မျိုးတည်းကိုဘဲ ကြည့်ကြပါစို့....
လူတစ်မျိုးတည်းကို ကြည့်မယ်ဆိုရင် တစ်နေ့ထက် တစ်နေ့ လူဦးရေး များပြားနေတယ် လို့ ထင်မှတ်ရပေမယ့်လည်း၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် တစ်ခုမှာရှိတဲ့ ပိုးမွားကလေးများ နဲ့ နှိုင်းဆရင် အတော်အရေအတွက် ကွာခြားသွားတာကို မြင်ရမှာဖြစ်ပါတယ်။ဒီတော့...
လူများလာသလောက် အဲဒီပိုးမွားကလေးများလည်း များလာမှာဘဲ ဖြစ်ပါတယ်။
ဗုဒ္ဓစာပေ အရ ဘုရား၊ ရဟန္တာ မဖြစ်သ၍ လူတစ်ယောက်သေဆုံးယင် တမလွန် ဘဝမှာ ရောက်နိုင်သော ဂတိ ငါးမျိုးရှိပါတယ်။
( ၁ ) ဒေဝ(နတ်)၊
( ၂ )မနုဿ(လူ)၊
( ၃ )နိရယ(ငရဲ)၊
( ၄ )ပေတ(ပြိတ္တာ)၊
( ၅ )တိရိစ္ဆာန်၊ .. ဆိုပြီး သွားရောက်နိုင်သော ဘုံး ငါးမျိုးရှိပါတယ်။
အဲဒီဘုံတွေမှာ ဘယ်ဘုံက အရေအတွက် အများဆုံးဖြစ်သလဲ ဆိုတာကို စဉ်းစားကြည့်လိုက် မှသာ လူ့ ဘဝကို ရဖို့ခဲယင်းတယ် ဆိုတာ ကို သဘောပေါက်သွားမှာပါ။
လူဖြစ်တာလာတာတောင်မှ...
ပုထုဇဉ်တွေ ရဲ့ စိတ်က မကောင်းတဲ့ ဖက်မှာဘဲပျော်ပါတယ်။
" ပါပသိံ္မ ရမတိ မနော" လို့ ဆိုပါတယ်။ အဲဒီလို မကောင်းမှု၊ အကုသိုလ်ဒုစရိုက်တို့ နဲ့ ပျော်မွေ့ လေ့ ရှိတဲ့အတွက်ကြောင့် ပုထုဇဉ်ဟာ ဘဝကူးတာနဲ့ မကောင်းမှုတွေကျက်စားရာဖြစ်တဲ့ အပါယ်လေးဘုံ တို့ တွင်သာ အဖြစ်များပါတယ်။
"မဟာကာလဥပသကဝတ္ထု" မှ ဖေါ်ပြထားတာရှိပါတယ်။
လူတို့ ဟာ "ကိုယ့် ဖာသာ ကိုယ် ဖျက်လို့  ပျက်နေတာ" ကို တစ်စုံတစ်ယောက်ကြောင့်၊ ဘယ်သူ့ ကြောင့် ဆိုပြီး ပျက်ဆီးရတာလို့ ထင်နေကြတယ်။ တစ်စုံတစ်ယောက်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ မိမိ ဘဝ၏ပဲ့ကိုင်ရှင်မဟုတ်ပါဘူး။မိမိရဲ့ ကောင်းမှု ၊ မကောင်းမှု ဟာ မိမိလက်ထဲမှာသာ ရှိပါတယ်။
မိမိရဲ့ "ကာယကံ"ကို မိမိ ကိုယ်တိုင် ဖျက်မှ ပျက်ပါတယ်။တစ်ပါးသူက မဖျက်ဆီးနိုင်ပါဘူး။
အဲဒီ အတိုင်းပါဘဲ..
မိမိ ရဲ့ "ဝစီကံ"ကိုလည်း မိမိကိုယ်တိုင် ဖျက်မှပျက်ပါတယ်။တစ်ပါးသူက ဖျက်ဆီးနိုင်ပါဘူး။
"မနောကံ" လည်း ဒီအတိုင်းပါဘဲ။မိမိရဲ့ နောကံ ကိုလည်း မိမိကိုယ်တိုင် ဖျက်မှပျက်ပါတယ်။ တစ်ပါးသူက မဖျက်ဆီးနိုင်ပါဘူး။
တစ်ကယ်တော့..
"အကုသိုလ်" စရိုက်ဆိုး တွေဆိုတာ ပြုလုပ်ဖို့ "ခက်ခဲ" ပေမဲ့၊ လက်တွေ့ မှာတော့ "အကုသိုလ်"မှန်သမျှကို .. ပြုလွယ်၊ ဖြစ်လွယ် ကျူးလွန်ရန် အလွန်လွယ်ကူကြပါတယ်။
ဒါ့ကြောင့်...မိမိကိုယ်ကို မိမိကိုယ်တိုင်ကလည်း ဖျက်ဆီးဖို့ အတွက် လည်း လွယ်ကူနေတာပဲ ဖြစ်ပါတယ်။အထက်မှာ ပြောခဲ့သလို..
“ပါပသ္မိံရမတိ မနော” ဟုဆိုတဲ့ အတိုင်း...
ကျောက်က နေ ဖြစ်တဲ့ ဝရဇိန်လက်နက် ဟာ မှီရာကျောက်ကို ထွင်းဖောက် ဖျက်ဆီးနိုင်သလိုမျိုး၊ မိမိပြုတဲ့ မကောင်းမှုဟာ မိမိကိုယ်ပင် ပြန်လည်ဖျက်ဆီးစေပါတယ်။
ခုန ပြောတဲ့ "အကုသိုလ်"စရိုက်ဆိုးတွေကို ပြုလုပ်ရတာ "ခက်ခဲတယ်"ဆိုတဲ့စကားရပ် နဲ့ ပတ်သက်ပြီးတော့..အမှတ်ရလို့  "ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ သံဝရ " ဟောကြားတဲ့ "ကုသိုလ် နဲ့ အကုသိုလ်"အကြောင်း ဖေါ်ပြရရင်..
"ကုသိုလ်အလုပ် နဲ့ အကုသိုလ်"အလုပ်ဟာ ဘယ်က ခဲယဉ်းသလဲ ဆိုတော့ "အကုသိုလ်" အလုပ်လုပ်ရတာ ခဲယဉ်းပါတယ်။ မကောင်းတာလုပ်ဖို့ ခက်တယ်.. ပေါ့။ ခဲယဉ်းပါတယ်၊ ခက်ပါတယ် ဆိုတဲ့ အလုပ်ကို မှဘဲ ပုထုဇဉ်တွေဟာ အလွယ်တကူ ကျူးလွန်မိကြပါတယ်။
ဥပမာ..
ဆင်ကောင်ကြီး တစ်ကောင်ကို သတ်မယ်။ ဆင်ကောင်ကြီး သတ်မယ်ဆိုတော့...
အနည်းဆုံး လူ လေးယောက် ငါးယောက်ဟာ တစ်ယောက်ကို အနည်းဆုံး ငါးချက် ခြောက်ချက်တော့ အားစိုက် ရိုက်ရပါတယ်။အဲသလို ရိုက်တာ ပင်ပန်းပါတယ်။ ဒီတော့ အကုသိုလ်ရဖို့ ပင်ပန်းတာပေါ့။
ငါ မသတ်ဘူးဆိုရင်... ပင်ပန်း သေးသလား။ "ကုသိုလ်" က အဲဒီလို ချမ်းသာတာ ပါ။ မသတ်ဘူးဆိုတော့ ကုသိုလ်ဖြစ်နေတော့တာပေါ့နော်။ သတ်မယ် ဆိုတော့ အားစိုက်ရတာ အတော့်ကို ပင်ပန်းတာ။ ဒါကြောင့် အကုသိုလ်က ဆင်းရဲတယ်လို့ ဘုရား ဟောတာပါ။
အိမ်တစ်အိမ်မှာ ခိုးမယ်။ ခိုးမယ်လို့ စိတ်ကူး ထည့်တယ်။ စဉ်းစားတယ်။ ငါဘယ်လို ခိုးရမလဲလို့။ ဟိုနေရာသွား လူမြင်ဦးမှာ။ ဟိုဘက်က သွားလည်း မြင်ဦးမှာ။ အဲတော့ကာ ညည်နက်တဲ့ အခါ အမှောင်ကျလာပြီ။ ဟော သစ်ပင်ရိပ်မှာ ဝင်မှ။ အိမ်ရှင်တွေ အိပ်ပြီလား နားထောင်မယ်။ ခွေးက ဟောင်နေတယ်။ ဒီတော့..တထိတ်ထိတ်နဲ့ ချမ်းသာသလား ဆင်းရဲသလား။ ငါ့ကိုများ မြင်မှာလား ဟေ့။ ခွေးက တကယ် တယ်ဟောင်တယ်။ စိတ်ချမ်းသာမလား ဆင်းရဲမလား။ မဖြစ်ဘူး ကြာရင် မိသွားမှာဘဲ ဆိုပြီး အသာ ထွက်သွားတော့တာ။ ကဲ အကုသိုလ်က မဆင်းရဲဘူးလား။
အစကတည်းက မခိုးပါဘူးလို့ နေလိုက်ရင် မချမ်းသာဘူးလား။ ဒါ့ကြောင့် အကုသိုလ်က ဆင်းရဲတယ်လို့ ပြောတာပါ။
"ပါဏာတိပါတာ" ကစ ပြီး "သုရာမေရယ" အဆုံးကို ရှောင်ကြဉ်ရင် လူလည်း မပင်ပန်းပါဘူး။ ပိုက်ဆံလည်း မကုန်ပါဘူး။ ဓမ္မမိတ်ဆွေတို့ စဉ်စားကြည့်ရင် ပေါ်ပါတယ်။
ဒါတွေဟာ အားမစိုက်ရဘဲနဲ့ ရတဲ့ "သီလကုသိုလ်"တရားတွေပါ။ ဒါနကုသိုလ် ဆိုတာက မှ အားစိုက်ရပါသေးတယ်။
စားဖို့သောက်ဖို့ အတွက် ရှာရတယ်။ အဝယ်အခြမ်း သွားရတယ်။ ချက်ရ ပြုတ်ရတယ်။ဘုရားတည်မယ်ဆိုရင် အုတ်ထမ်းရတာ နဲ့ ၊ဝယ်ရတာနဲ့ ငှားရတာနဲ့ ၊သွားရတာ လာရတာနဲ့ ၊ဒါနကုသိုလ်ရဖို့ အတွက်နဲ့ ၊ ဒါနတရားနဲ့ သီလတရားဟာ ဘယ်ဟာက အကျိုးများမလဲ ဆိုတာ ဓမ္မမိတ်ဆွေတို့ ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။
"သီလ" က ပိုက်ဆံ မကုန်ဘဲနဲ့ အကျိုးများတာပါ။အဲဒီ သီလ ထက် "သမထ " က သာလို့ အကျိုးများ ပြန်ရော။ သူက မြေလျှိုးနိုင်တယ် မိုးပျံနိုင်ပါတယ်။ အောင်မြင်ရင်ပေါ့လေ။
အဲဒီလို "ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်" တွေ ထက် ပိုပြီး အကျိုးများတာကတော့..
"ဝိပဿနာဥာဏ်"မဂ်ဥာဏ် ကမှသာ ချမ်းသာအစစ်ကြီးပါ။ဒါ ဘုရားဟောထားတာဖြစ်ပါတယ်။
အဲဒီလို အကျိုးများဆုံးဖြစ်တဲ့ "ဝိပဿနာ" အလုပ်ကို ကျင့်ကြံအားထုတ်ဖို့ ဆိုတဲ့နေရာမှာ..
လူဖြစ်ဖို့ ခက်ခဲလှတယ်ဆိုပေမဲ့၊ လူဖြစ်တိုင်းလည်း ကျင့်ကြံအားထုတ်လို့ မရပါဘူး။ကျင့်ကြံအားထုတ်လို့ ရနိုင်တဲ့ အကြောင်းအရာတွေနဲ့ ကလည်း ပြည့်စုံဖို့ က လိုအပ်ပါတယ်။ဓမ္မမိတ်ဆွေတို့  ရှိခိုးနေကျ ဖြစ်တဲ့ သြကာသဘုရားရှိခိုးမှာ ပါပါတယ်။ ရပ်ပြစ်ရှစ်ပါးဆိုတာ....
နားမလည်သေးတဲ့သူအတွက် ဖေါ်ပြပေးပါ့မယ်။
ရပ်ပြစ်ရှစ်ပါး ကျခံနေရသူများ..ပေါ့။
အဲဒီ ရပ်ပြစ်ရှစ်ပါးထဲမှာ ကျရောက်နေခံရတဲ့ သူဆိုရင်တော့ သံသရာ လွတ်ကြောင်းအတွက် ဝိပဿနာ အားထုတ်ဖို့ အခွင့်ရေးဟာ "နတ္တိ" ဖြစ်ရပါတယ်။ လောကမှာ လူလာဖြစ်ပေမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်၊ လောကမှာ ဘဝအခြေအနေ အကျိုးပေး မလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်ကို ဆိုလိုပါတယ်။
( ၁ ) ငရဲကျနေသူ
ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောကြားတဲ့ တရားတော်တွေ ကို နာယူပြီး မြတ်သောအကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာ လုံးဝမရှိပါဘူး။ အဲဒီ ငရဲကျနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်ပါတယ်။
( ၂ ) တိရိစ္ဆာန် ဖြစ်နေသူ
ဘုရားပွင့်ပြီးတော့ တရားဟောနေတဲ့အချိန် တိရိစ္ဆာန်ဘုံ ကို ရောက်နေတယ်၊ ဥပမာ..
နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေတယ်၊ ဝက်ဖြစ်နေတယ်ဆို
ရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါဘူး။
တိရိစ္ဆာန်ဘဝ ဆိုတာ ဘယ်လိုပဲ တရားဟောဟော၊ နားလည်နိုင်တဲ့ စွမ်းရည်သတ္တိ အသိဉာဏ်က သူတို့မှာ မရှိပါဘူး။သူတို့ ရဲ့ အတွေးထဲမှာ စားဖို့ အိပ်ဖို့ နဲ့ ကာမကိစ္စ ဆိုတဲ့ ဒီနှစ်ခုပဲရှိပါတယ်၊ ဆန့်ကျင်ဖက် အကောင်လာရင် ကိုက်ဖို့၊ ရန်ဖြစ်ဖို့ ဒါလောက်ပဲ သူတို့မှာ စဉ်းစားတတ်ပါတယ်။
ကောင်းတဲ့ကုသိုလ် ဖြစ်ဖို့ဆိုတာ အခွင့်အရေး မရှိပါဘူး။ ဒါကြောင့်မို့လို့ တိရိစ္ဆာန်ဘဝ ရောက်နေတဲ့ အချိန်မှာ ဘုရားပွင့် တရားဟောနေပေမယ့် တိရိစ္ဆာန် ဖြစ်နေသူဟာ အခွင့်အရေး ဆုံးရှုံးနေပါတယ်။
( ၃ ) ပြိတ္တာဖြစ်နေသူ
ပြိတ္တာဘဝဆိုတာ စားစရာမရှိလို့ မစားရတာများပါတယ်။ အမြဲတမ်း ဆာလောင်နေတာပဲ၊ ဘယ်တော့မှ ဗိုက်ပြည့်အောင် မစားရပါဘူး၊ အဲဒီလို ပြိတ္တာဘဝရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီးတော့ တရားနာဖို့ တရားကျင့်ဖို့ အခွင့်အလမ်း မရှိနိုင်ပါဘူး။ ဒါ့ကြောင့်မို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပါတယ်။
( ၄ ) အရူပ နှင့် အသညသတ်
မြတ်စွာဘုရားရှင် က လောကကြီးမှာ ပွင့်နေတဲ့ အချိန်၊ တရားဓမ္မတွေဟောနေပြီ၊ ဒါပေမယ့်..
တရားနာဖို့အတွက် ကိုယ်အင်္ဂါမပြည့်မစုံဘဲ သက်တမ်းရှည်ကြာပြီး ရုပ်သာရှိ
နေတဲ့ "ဗြဟ္မာ"၊ နာမ်သာရှိတဲ့ "ဗြဟ္မာ" ဖြစ်နေလို့ရှိရင်လည်း တရားနာဖို့ အခွင့်အရေး ဆုံးရှုံးပါတယ်။
( ၅ ) ပစ္စန္တရစ် လူဖြစ်သူ
မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့အရပ်၊ သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်ဆိုရင်လည်း တရားထူးရရှိဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေကြတာပဲ ဖြစ်ပါတယ်။
( ၆ ) မိစ္ဆာဒိဋ္ဌိ ဖြစ်သူ
ဘုရားပွင့်တယ်၊ ဘုရားပွင့်တဲ့ ဒေသမှာပဲ လူလာဖြစ်နေတယ်။
ဘုရားက တရားဟောနေတယ်၊ ဆိုပါစို့-- မြတ်စွာဘုရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်။ အဲဒီ ပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်။
ဒါပေမယ့်..ကံ ကံ ရဲ့ အကျိုးကို မယုံကြည် တဲ့ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ပုဂ္ဂိုလ် ၊ တစ်ခြားဘာသာ အယူဝါဒ ဖြစ်နေမယ်ဆိုရင် အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။
( ၇ ) အသိဉာဏ်မရှိသူ
လူတော့ဖြစ်လာပါရဲ့  မြတ်စွာဘုရားက တရားဟောပေမယ့်လည်း၊ သူ နားလည် နိုင်စွမ်းမရှိပါဘူး၊ အသိပညာ မရှိဘူး၊ ခုခေတ်လို ပြောရင်တော့ ( IQ) မမြင့်ဘူးလို့ ပြောရမှာပေါ့။ပြီးတော့ နားထောင်နိုင်တဲ့ အကြားအာရုံ ချို့ တဲ့ နေတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်မျိုးတွေ ဟာလည်းဘုရားနဲ့ အကြိမ်ကြိမ်တွေ့တွေ့ပြီး တရားနာပေမယ့် တရားထူး တရားမြတ်ရနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။
( ၈ )ဘုရားမပွင့်တဲ့အခါ ဉာဏ်ရှိသူ
လူ့ဘဝမှာ လူဖြစ်တယ်၊ အသိဉာဏ်လည်းရှိပါတယ်။
ဒါပေမယ့်...
ဘုရားမပွင့်တဲ့အခါ နဲ့ ကြုံနေတယ်၊ ဒါ့ကြောင့် ဘုရားတရား မနာရတဲ့အတွက် တရားထူး တရားမြတ်ရနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ အဲဒီပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးပါတယ်။
ဒါကြောင့် ဓမ္မမိတ်ဆွေ တို့ဟာ ဒီ ရပ်ပြစ်ရှစ်ပါး က ကင်းလွတ်နေတဲ့ သူ ဖြစ်သလားဆိုတာ ဆင်ခြင်ကြည့်တဲ့ အခါ၊နောက်တစ်ခါ လူလာဖြစ်ရင် ဒီလို အခွင့်အရေးမျိုးရရှိဖို့ ဆိုတာ အင်မတန်ခက်ပါတယ် ဆိုတဲ့ အသိကို သဘောပေါက်အောင် ဆင်ခြင်ဖို့ လိုပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး ဟောသလို ပေါ့...
ဒီခေတ်ဟာ..ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ့ ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ့ ..တဲ့။
ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊ တလိမ့်လိမ့် တဲ့ ဆုတ်နေတာ။ များများမဟုတ်ပါဘူး၊နောက်ထပ် နှစ် နှစ်ဆယ်လောက် ဆက်နေကြည့်၊ အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ့်မယ်..တဲ့။
တစ်ဘဝနဲ့ တင်ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော့ ကျင့်တဲ့ နည်းကလည်း သာသနာနဲ့ ကြုံမှ ၊ အထက်က ပြောသလို ပေါ့ သာသနာရှိနေတုန်း ၊ တစ်ခြားရောက်နေရင် သာသနာ နဲ့  ကိုယ် နဲ့ မဆိုင်ဖြစ်သွားပါမယ်။
သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊
နောက်တစ်ခါလူလာဖြစ်ရင် ဒီ သာသနာရှိမှာလား။နောက်တစ်ခါလူလာဖြစ် သာသနာကြုံဖို့ တော်တော်ခက်မယ်။ကြုံတယ်ပဲထား ၊ဒီသာသနာကို မိမိက ကြိုက်ဦးမှ... လို့ ဆိုပါတယ်။
စာထဲမှာ ဘယ်လို ဆိုထားပြန်သလဲ ဆိုရင်..
မြေဆီကအနှစ်တစ်ရာမှာတစ်လက်မတစ်လက်မလျော့တာကိုး၊ မြေဆီမှီပြီး အစာဖြစ်ရတာ၊ဘာလို့ လျော့ တုန်း၊ ဥတု ကလည်း အအေးပိုင်းက နေ အပူဘက်ကူးနေတာ၊
နောက်တစ်ခါလူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေနေရမယ့် အမေအဖေ ကလည်း ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ်သေးသေးနေမှာ။ အဲဒီထဲကို "လူ"လာဖြစ်ရတော့ မိမိတို့ ရုပ်ဓါတ် စိတ်ဓါတ်ကလည်း ခုလောက်ကို ရှိမှာမဟုတ်တော့ပါဘူး။
ဥတု ပူရင် အာဟာရပူမှာပေါ့၊ အာဟာရ ပူရင် စားရတဲ့ ရုပ်ကလည်းကျုံလှီလာမယ်၊ စိတ်ကလည်းသေးလာမယ်။ အဲဒီတော့ ကောင်းတာလည်း ခံနိုင်စိတ်မရှိတော့ဘူး၊ ဆိုးတာလည်း ခံနိုင်စိတ်မရှိတော့ဘူး။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာက ကောင်းကောင်းဆိုးဆိုး သိချင်တာ ကို တစိုက်မတ်မတ်ကြည့်ရတာလေ။ အဲဒီအချိန်ကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။
ဒီတော့ ဥတုပူရင် အဆီဆုတ်မှာပေါ့၊
အဆီဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ့ အစာကြမ်းရင် အကြောအချဉ်တွေမာကြောလာတယ်၊ အကျိတ်အဖုတွေကြီးထွားလာတယ်၊ ဒါကြောင့်မို့  စိတ်တွေက ထန်လာတယ်။
ရုပ်ဓါတ်လည်းမခံနိုင်တော့ စိတ်ဓါတ်လည်းမခံနိုင်တော့ဘူး....ဒီလောကဓံကို။
အဲဒီတော့ ဘယ်လို ဖြစ်ကြမလည်း ဆိုတော့..
အကြိုက်တွေ့ လည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ၊ အမုန်းတွေလည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ။"အဘိဇ္ဈာ"ဆိုတဲ့ အလိုကြီးမှု အားကြီးလာပြီ။"ဗျာပါဒ "အားမလို အားမရစိတ် ကလည်း အားကြီးလာပြီ။
ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။ အဲဒီတော့ ဥတုပူလို့  အစာပူတယ် ၊ အစာပူလို့ ရုပ်ပူတယ်၊ ရုပ်ပူလို့စိတ်ပူတယ်၊ စိတ်ပူတော့ ကံပူတွေ လုပ်မှာပေါ့။
ကံ နဲ့ စိတ်နဲ့ ခပ်ပူပူလုပ်တော့ ဥတုကလည်း ပိုပူမှာပေါ့။ တိုးတက်ဖို့ မြင်သေးသလား။ လူ့ ဘုံပြန်လာချင်သေးသလား။
ဒီအတိုင်းဆက်သွားနေရင်တော့...
နောက်တစ်ခါ လူလာဖြစ်ရင် အခုရထားတဲ့အခွင့်အရေး မျိုး ဘာမှမရှိတော့ပါဘူး။
ဒီပတ်ဝန်းကျင်မျိုး လည်း ဘာမှမရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲဒီတော့ ဓမ္မမိတ်ဆွေတို့ ဘာလုပ်ရမလဲ.. ဆိုတာ သိမှာပါ။
ကျင့်ပုံကျင့်နည်း နဲ့ ဘုရားဟော တရားတွေကလည်း အဆင်သင့်၊ နည်းပေးလမ်းပြ လုပ်မယ့် သံဃာတော်တွေ ကလည်း အဆင့်သင့်၊ ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။တရားအားထုတ်ဖို့ ဆိုတာ "အခုနေအချိန်ကောင်း"ဘဲ။ အရင်က တရားအားမထုတ်မိခဲ့ရင်တောင်မှ ဒီစာဖတ်ပြီး "သံဝေဂ" ရလို့ အားထုတ်မယ်ဆိုရင် အသက်ကြီးပေမယ့်.. အချိန်မီ ပါသေးတယ်။
အားမထုတ်တာနဲ့ စာရင်..အားထုတ်တဲ့အတွက် အချိန်မီပါသေးတယ်။
ဓမ္မမိတ်ဆွေတို့ ဘယ်တော့ ကျင့်ကြံမှာတုန်း ဆိုတာ.. ကိုယ့်ဖာသာကိုယ် ဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။
လူ့ဘဝ ရောက်တုန်း၊သာသနာလည်း ပွင့်တုန်း၊တရားပြပေးမယ့်သူကလည်း ရှိတုန်း၊ကျန်းမာရေးကလည်း ကောင်းတုန်း၊အခွင့်အရေးကောင်း၊ ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်နေခိုက်မှာ ဝိပဿနာ အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်များ ဖြစ်ကြပါစေ လို့  ဆုတောင်းရင်း ဓမ္မဒါနပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
Sunday, June 18, 2017
ဘယ်အချိန်စပြီး တရားအားထုတ်ရင် အကောင်းဆုံးလဲ
ဘယ်ခြေလှမ်းနဲ့ စမလဲ
(ဓမ္မလား၊ အဓမ္မလား)
ခြေလှမ်းတစ်ရာနဲ့သွားရင် ပန်းတိုင်ရောက်မယ့်ခရီးမှာ
ဘယ်ခြေလှမ်းက အရေးကြီးဆုံးလဲလို့ မေးလာရင်
ခြေလှမ်းတစ်ရာလုံးဟာ အရေးကြီးတာပါပဲ။
ပထမခြေလှမ်းမသွားသေးဘူးဆိုရင်
ဒုတိယခြေလှမ်းကို ဘယ်လိုလှမ်းထွက်ရမလဲ။
ဒုတိယခြေလှမ်းမရှိဘူးဆိုရင်လည်း တတိယမြောက်
ခြေလှမ်းဟာ ရှိလာမှာ မဟုတ်ဘူး။
အဲဒီခြေလှမ်းတွေမရှိလို့ရှိရင် ၁၀၀ မြောက်
ပန်းတိုင်ရောက်မယ့် ခြေလှမ်းရော ရှိနိုင်ပါ့မလား။
ဘယ်ခြေထောက်ကို စလှမ်းရမလဲလို့
စဉ်းစားနေမယ့်အစား စတင်ခြေလှမ်းလိုက်မှသာ
ပန်းတိုင်ကိုရောက်ရှိမှာဖြစ်တယ်။
.
.
.
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
[First weekly ဂျာနယ်]
Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm
Saturday, June 17, 2017
နှိုင်းတု၍ မရသော မိဘကျေးဇူး
ယူဇနာပေါင်း ၂သိန်း၎သောင်း အထုရှိသော
မဟာပထ၀ီမြေကြီးသည် အမေ့မေတ္တာ
ကျေးဇူးတရား နှင့် နှိုင်းယှဉ်လျှင် ၀ါးရွက်ငယ်မျှသာရှိသည်။
.
ယူဇနာပေါင်း ၈သောင်း၎ထောင် အမြင့်ဆောင်သည့်
မြင့်မိုရ်တောင် သည်လည်း မိခင်၏ မေတ္တာနှင့် တိုင်းတာပါက
နွား၏ ဦးချို ပမာမျှသာ ရှိကြောင်း မြတ်စွာဘုရား က ဖော်ညွှန်းပြသခဲ့ပါသည်။
.
အမိ အဖ တို့ အား ပြု စုလုပ်ကိုင် ကျွေး မွေး ကျေးဇူးဆပ်သူ သားသမီး တို့ အနေနှင့် ပြစ်ဒဏ် (၁၀) မျိုးမှ လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း
မြတ်စွာဘုရား က နှုတ်မြွက် ဟောကြားခဲ့ပါသည်။
ယင်းပြစ်ဒဏ် (၁၀ ) မျိုးမှာ…………
(၁) ပြင်းထန်ဝေဒနာ မခံစားရ ခြင်း၊
.
(၂) ပစ္စည်းဥစ္စာ မဆုံးရာ ခြင်း၊
.
(၃) ကိုယ်လက်အင်္ဂါ မဆုံးရာ ခြင်း၊
.
(၄) အနာရောဂါမကျရာ ခြင်း၊
.
(၅) ရူးသွပ်ခြင်းငှာ မရောက်ရာ ခြင်း၊
.
(၆) မင်းဘေးပြစ်ဒဏ် မခံရာ ခြင်း၊
.
(၇) စွပ်စွဲခံရခြင်းငှာ မရှိရာ ခြင်း၊
.
(၈) ဆွေမျိုးဥာတကာ မပျက်ရာ ခြင်း၊
.
(၉) စည်းစိမ်ရတနာ မဆုံးရာ ခြင်း၊
.
(၁၀) မီးဘေးကင်းကွာ မသင့်ရာ ခြင်း၊
.
အမိ ၊ အဖ ကျေးဇူး အထူးသိကြပါစေ။
.
Saturday, March 12, 2016
နားကြားပျင်းကပ်တယ် (သို့) ပုဂ္ဂိုလ်အနေအထားကို ဓမ္မဖြင့် တိုင်းတာခြင်း
မြန်မာစကားမှာတော့ ကိုယ်မကြားချင်တဲ့အရာ ကိုယ်သဘောမကျတဲ့အရာ ကိုယ်လက်မခံနိုင်တဲ့အရာတွေမှာ.. လာပြောမနေနဲ့ နားကြားပျင်းကပ်တယ်..လို့ ပြောဆိုကြပါတယ်။ ဗုဒ္ဓရှင်တော်ကလဲ ဒီလိုသဘောတရားတွေကို စောစီးစွာဖော်ထုတ်ဟောပြတော် မူခဲ့တယ်၊ ပုဂ္ဂိုလ်တစ်ဦးက အခြားပုဂ္ဂိုလ်တစ်ဦး(မိတ်ဆွေဖြစ်စေ၊ဆရာဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေ)ကို ဒီလိုစကားတွေ ပြောတဲ့အခါ သူတို့က နားကြားပျင်းကပ်လိမ့်မယ်တဲ့၊ သင့်ရဲ့အကောင်းဆုံးပြောပြတဲ့ စကားကို သူတို့က လက်ခံကြမှာ မဟုတ်ပါဘူး..တဲ့..
၁၊ သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားနဲ့ ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်၊
(ကိုယ်ပြောတဲ့စကားကို အကောင်းမထင်ဘူး)။
ဘုရား တရား သံဃာ ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့သူက ဘုရားအကြောင်း တရားအကြောင်း သံဃာအကြောင်းကို ပြောပြတဲ့အခါ သဒ္ဓါတရားမရှိသူတွေက ဒီလိုစကားမျိုးကို နားထောင်ချင်မှာ မဟုတ်ပါဘူး၊ ဘာတွေလာ ပြောနေ တာလဲ..ကြောင်သူတွေ ကြွက်သူခိုးပါကွာ.. ပြောတော့ ဘုရား ဘုရားနဲ့ လက်တွေ့မှာတော့ ကိုးယို့ ကားယားလုပ်တဲ့သူပါ..လို့ ပြန်ပြောပါလိမ့်မယ်။
တကယ်လို့ ပြန်မပြောဘူးဆိုရင်တောင် မကြိုက်တဲ့အမူအရာပြလိမ့်မယ်၊ တရားခွေလေးဖွင့်လိုက်ရင် အကုန်လစ်ပြေးကုန်ပါတယ်။ လစ်မပြေးလဲ အိပ်ငိုက်ကုန်ပါတယ်.. ဒီသင်္ကေတ ဒီသဘောတရားတွေဟာ သဒ္ဓါတရားမရှိတဲ့အတွက် သဒ္ဓါတရားနဲ့ဆက်စပ်တဲ့ ကောင်းတဲ့အလုပ်တွေပေါ်မှာ စိတ်ဝင်စားမှု မပြသခြင်းပဲဖြစ်ပါတယ်။
ဘုရားရှိခိုးတာ ဘုရားစာရွတ်တာ တရားနာယူတာ.. တရားစကားပြောတာ တရားဆွေးနွေးတာ သံဃာတော်များကိုဖူးမြော်တာ..သံဃာတော်တို့ရဲ့ စကားကို မှတ်သားနာယူတာဟာ သဒ္ဓါတရား ရှိသူများရဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဘုရား တရား သံဃာ ရတနာသုံးပါးကို လေ့လာလိုက်စားတဲ့အတွက် စိတ်ချမ်းသာတာ ပီတိဖြစ်ရတာ ဘ၀နေနည်း ရတာ.စတဲ့သဘောတရားတွေကို သဒ္ဓါတရား မရှိတဲ့သူက မသိပါဘူး။
မသိတော့ ဘုရားသံ တရားသံ သံဃာသံ ဘုန်းကြီးသံကြားရင် နားကြားပျင်းကပ်နေတော့တာပါ။ သဒ္ဓါတရားရှိသူကျတော့ ဒီလိုအသံတွေကို ထပ်ခါထပ်ခါ ကြားချင်နေပါတယ်.. ဒါကြောင့် ဗုဒ္ဓရှင်တော်က ဟေ့..သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားနဲ့ ဆက်စပ်တာတွေ သွားမပြောနဲ့၊ သွားပြောလဲ နားကြားပျင်းကပ်လိမ့်မယ်တဲ့၊ (အသဒ္ဓဿ သဒ္ဓါကထာ ဒုက္ကထာ)။
၂။ ကိုယ့်ကျင့်တရား မကောင်းတဲ့သူကို ကိုယ့်ကျင့်တရား(သီလ)နဲ့ ဆက်စပ်တဲ့စကား သွားမပြောနဲ့ နားကြားပျင်းကပ်လိမ့်မယ်.တဲ့။
ဟုတ်ပါတယ် ကိုယ်ကျင့်တရားမကောင်းတဲ့သူဟာ ဘယ်သူက ကိုယ်ကျင့်တရား သိပ်ကောင်းတာ.ဘယ်သူက လိမ်မာတာ ဘယ်သူကတော့ အနေအထိုင် အပြောအဆိုရိုးသားတာ..စတဲ့ စကားတွေကို နားမထောင်ချင်ပေဘူး။ ကိုယ့်ကျင့်တရားမကောင်းသူရဲ့ စိတ်ထဲမှာ သူလိုပဲ ကိုယ်ကျင့်တရား မကောင်းသူ ကိုယ်ကျင့်တရား အားနည်းသူတွေကို သဘောကျနေတော့တာပါ၊ ကိုယ့်ကျင့်တရား မကောင်းသူတွေရဲ့ အပြုအမူ အပြောအဆိုတွေကို သဘောကျနေတတ်ပါတယ်။
ဘုရားကျောင်းကန်သွားပြီး ဥပုသ်စောင့်ဖို့ သီလယူဖို့ပြောဆိုတိုက်တွန်းတဲ့အခါ ပြောဆိုတိုက်တွန်းသူကို မုန်းပစ်တတ်ပါတယ်။ သူ့ကိုမြင်ရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတတ်တယ်။
အတင်းအဖျင်းပြောတဲ့စကားဝိုင်း တနေကုန်ပြောလို့ ဘာတစ်ခုမှ အကျိုးမဖြစ်တဲ့ စကားဝိုင်းမှာဆိုရင်တော့ ထိပ်ဆုံးကနေ တက်တက်ကြွကြွကြီး ပါဝင်တတ်ပါတယ်။ဒါဟာ သီလမရှိသူ ကိုယ့်ကျင့်တရားမကောင်းသူတွေရဲ့ ပြယုဂ်တစ်ခုပါ ၊
ကိုယ့်စိတ်ဓာတ်ရဲ့ အနေအထားကို ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက သက်သေပြတယ် မဟုတ်လား၊ ဒါကြောင့် မြတ်စွာဘုရားက သီလမရှိသူ(ကိုယ်ကျင့်တရားမကောင်းသူ)ကို သီလ(ကိုယ်ကျင့်တရားနဲ့ ဆက်စပ်တဲ့စကား) သွားပြောရင် နားကြားပျင်းကပ်မယ်..လို့ ဟောပြတော်မူတာပါ၊( (ဒုဿီလဿ သီလကထာ ဒုက္ကထာ)။
၃။ အကြားအမြင်နည်းတဲ့သူကို ဗဟုသုတနဲ့ ဆက်စပ်တဲ့စကား ပြောကြားရင် နားကြားပျင်းကပ်မယ်..တဲ့..
ဗဟုသုတလေ့လာလိုက်စားမှု နည်းတော့ ဘာမှမသိ၊ ဘာ ဗဟုသုတမှမရှိ၊ အိမ်ရယ် အလုပ်ရယ် ထမင်းစားတာရယ် တီဗီကြည့်တာရယ်လေးခုလောက်ပဲ စိတ်ဝင်စားတော့တာပါ၊ ကျန်တဲ့ ဗဟုသုတပိုင်းဆိုင်ရာ စကားရပ်တွေ စာအုပ်စာပေအကြောင်းတွေကိုပြောတဲ့အခါ..ဒါတွေက ထမင်းစားရတာ မဟုတ်ပါဘူးဗျာ.. စိတ်မ၀င်စားပါဘူး လို့ ပြန်ပြောတတ်ပါတယ်. ကမ္ဘာကြီးရဲ့ အိုဇိုးလွှာ ပါးတာ ထူတာထက် ထမင်းစားရဖို့သာအဓိကပါဗျာ.လို့လဲ ထိထိခိုက်ခိုက် စကားလုံးတွေကို ခြွေချတတ်ပါသေးတယ်. ဗဟုသုတ လေ့လာလိုက်စားသူကတော့ ဗဟုသုတ ဖြစ်စေမယ့် စကားမျိုးတွေကို နှစ်သက်သဘောကျတတ်သလို အလျဉ်းသင့်သလို ပါဝင်ဆွေးနွေးလေ့တတ်ပါတယ်.. မြတ်စွာဘုရားရှင်က ကြိုတင်မြင်တော်မူ သိတော်မူပါတယ်.. အကြားအမြင် ဗဟုသုတနည်းတဲ့သူကို ဗဟုသုတနဲ့ ဆက်စပ်တဲ့စကား သွားမပြောနဲ့..နားကြားပျင်းကပ်လိမ့်မယ်တဲ့.။.(အပ္ပဿုတဿ သုတကထာ ဒုက္ကထာ)။
၎။ နှမြောတဲ့သူ ကပ်စေးနဲတဲ့သူကို စွန့်လွှတ်ဖို့ ပေးကပ်ဖို့ လှူဖို့သွားမပြောနဲ့၊ နားကြားပျင်းကပ်လိမ့်မယ်.တဲ့။
ကိုယ်လက်ထဲမှာရှိတဲ့ ပစ္စည်းကို လူများတွေကို မျှဝေပေးနိုင်တဲ့ စိတ်ဓာတ်မျိုးဟာ စိတ်ဓာတ်အဆင့်မြင့်သူတွေသာ လုပ်နိုင်တဲ့အလုပ်ပါ၊ ဗုဒ္ဓဘာသာရယ် ခရစ်ယာန်ရယ် အစ္စလာမ်ရယ် မဟုတ်ဘဲ၊ ဘယ်ဘာသာဝင်မဆို ကိုယ့်ရှိတဲ့ပစ္စည်းကို ကိုယ့်အတွက် မိသားစုအတွက် ပတ်ဝန်းကျင်အတွက် နိုင်ငံနဲ့လူမျိုးအတွက် မျှဝေပေးနိုင်သူမှ လူကောင်းလို့ ပြောရမယ်၊ အဆင့်မြင့်တဲ့သူလို့ ဆိုရပါမယ်၊ နှမြောတဲ့သူကတော့ ပေးရမယ်ဆိုတဲ့စကား လှူရမယ်ဆိုတဲ့စကားမျိုးကို မကြားလိုပါဘူး၊ ဘယ်သူတွေ ဘယ်နေရမှာ ဘယ်လောက်လှူနေတယ်ဆိုတာကို အသိအမှတ်ပြုဖို့ ၀န်လေးတတ်တယ်၊ လှူတာနဲ့ဆက်စပ်တဲ့စကား မကြားလိုဘူး၊
ဒါကြောင်း မြတ်စွာဘုရားက နှမြောတဲ့သူကို လှူတာနဲ့ဆက်စပ်တဲ့စကားသွားပြောရင် နားကြားပြင်းကပ်လိမ့်မယ်.လို့ ဟောတော်မူတာဖြစ်ပါတယ်၊( မစ္ဆရိယဿ စာဂကထာ ဒုက္ကထာ)၊
၅။ ပညာမရှိတဲ့သူကို ပညာနဲ့ ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်.တဲ့..
ဒီနေရာမှာ ပညာဆိုတာက ၀ိပဿနာပညာကို ဆိုလိုပါတယ်၊ ရုပ်တရား နာမ်တရားတွေအကြောင်းပြောရင် အိပ်ချင်တယ်. နားမထောင်ချင်ဘူး စိတ်မ၀င်စာဘူး၊ တရားထိုင်တယ်ဆိုတာ အလုပ်မရှိတဲ့သူတွေလုပ်တဲ့ အလုပ်လို့ သူကယူဆတယ်၊ တရားထိုင်သူတွေကိုတောင် သူက သနားသယောင်ယောင် ပြောပြစ်လိုက်သေးတယ်..တကယ်တော့ တရားထိုင်တဲ့အတွက် ဘ၀စိတ်ချမ်းချမ်း သာသာနေရပုံ. ဆင်းရဲဒုက္ခကနေ လွတ်မြောက်နိုင်ပုံတွေကို မသိရှာတော့ သူက တရားထိုင်သူတွေကို သနားသလိုလို ပြောနေတတ်ပြန်တယ်..ဒါကြောင့် ဗုဒ္ဓက ပညာမရှိတဲ့သူတွေကို ပညာနဲ့ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်လို့ ဟောတော်မူခဲ့တာပါ၊
မိမိစရိုက်နဲ့ ဆန်ကျင်ဖက်ပုဂ္ဂိုလ်တွေရဲ့ အနေအထားကို သတိထားပြီး မိမိပတ်ဝန်းကျင်မှာ စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ အရေးကြီးပါတယ်။
အဂုင်္တ္တရနိကာယ၊ ဒုက္ကထာ သုတ္တံကို ပြန်လည်ပူဇော်ပါသည်။ အရှင်တိက္ခဥာဏာလင်္ကာရ
ဓမ္မစာပေများ FB Page မှ ပြန်လည်မျှဝေသည်။
မေတ္တာတရား အစဉ်ပွား
မကျေနပ်စရာတွေကို ကြည့်နေမယ်ဆိုရင် မုန်းစရာတွေပေါ်မယ်၊
ရန်ငြိုးပြေပျောက်ချင်လျှင် မကျေနပ်ချက်ကို မကြည့်ပါနဲ့၊မုန်းကွက်တွေကို မကြည့်ပါနဲ့၊
ချစ်ကြည်မြတ်နိုးနိုင်လောက်အောင် ကောင်းတဲ့အကွက်တွေကိုပဲ ရှာကြည့်ပါ၊
ဘယ်လိုမှ ကောင်းကွက်ကို ရှာမတွေ့တော့ဘူးဆိုလျှင် မုန်းစရာလို့ သဘောမထားဘဲ သနားစရာလို့ အောက်မေ့လိုက်ရတယ်၊
သူ့ကံနဲ့သူပဲလို့ ဆင်ခြင်ပြီး ကိုယ့်မှာအကုသိုလ်တွေ မဖြစ်အောင်နေရတယ်၊ချစ်စရာမြတ်နိုးစရာ အကွက်တွေကို ဖော်ထုတ်ပြီးဆင်ခြင်လိုက်၊ ဘယ်အခါတုန်းက သူကငါ့ကို ကောင်းခဲ့တယ်၊ဘယ်လိုဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို တွေးတောဆင်ခြင်လိုက်၊
မေတ္တာဆိုတဲ့ ကော်အစေးဓာတ်ရှိလျှင် ဘယ်တော့မှ မကွဲတော့ဘူး၊ မေတ္တာဓာတ်ခံ ပါမှဖြစ်မယ်၊ ချစ်ကြည်ရေး၊မျှတရေး၊ စည်းရုံးရေး ဆိုတဲ့အရေးသုံးပါးကိုအလေးထားကျင့်သုံးရမယ်၊
ကိုယ့်စောင့်တရားလေးပါးကိုလဲ ပွားများရမည်၊ မေတ္တာဓာတ်ဝင်လျှင် မေတ္တာဖြစ်ပြီ၊ မိတ်ဆွေဖြစ်လျှင် အကူအညီပေးကြတော့မယ်၊ မေတ္တာပွားလျှင် အကျိုးတရားတွေ ရနေမှာပဲ၊
အသိဥာဏ်မရှိတဲ့ တိရိစ္ဆာန်တောင်မှ မေတ္တာစူးရှသေးတာ၊အသိဥာဏ်ရှိတဲ့လူဆိုရင် ပိုပြီးစူးရောက်မယ်၊
လောက၀ိဒူဂုဏ်တော်နှင့် ဆင့်ပွားအတွေးများ
နေ့စဉ် ဘုရားဂုဏ်တော် ကိုးပါးကို သက်စေ့ရွတ်ဖြစ်တယ်၊ အချိန်များများ ရတဲ့နေ့တွေမှာ ပိုပြီးရွတ်ဖတ် ပူဇော်ဖြစ်တယ်၊ အလုပ်မရှိဘဲ စိတ်ကိုဒီအတိုင်း လွှတ်ထားမယ့်အစား စိတ်ကို ပုံမှန်အလုပ်ပေးတဲ့ သဘောထက် မပိုပါဘူး၊ တစ်ခါတရံ လေးလေးနက်နက် ဂုဏ်တော်ကို ဆင်ခြင်မိတဲ့အခါလည်း ရှိတယ်၊ တစ်ခါတရံ (စိတ်တွေလေးနေ ပျင်းနေတဲ့အချိန်) ရွတ်ဖတ်ရင်တော့ နှုတ်ကသာ ဂုဏ်တော်တွေထွက်နေတာ ဘယ်နှစ်ကြိမ်ရှိသွားပြီဆိုတာတောင် သတိမထားနိုင်ဘူး၊
ဘုရားရှင်ရဲ့ ဂုဏ်တော်ကို လေးလေးနက်နက် ကြည်ညို စဉ်းစား ရွတ်ဖတ်နိုင်တဲ့နေ့တွေမှာ စိတ်ကကြည်လင်နေတယ်၊ ကိုယ့်ယုံကြည်ချက်အတိုင်း ကောင်းတာလေး လုပ်ခွင့်ရတာပဲလို့ တွေးပြီး ကိုယ့်ကိုယ်ကို ကျေနပ်နေတတ်တယ်၊
တကယ်တော့ ဂုဏ်ဆိုတာ ဥုံဖွ မန်းမှုတ်ပြီး ပေါ်လာတာမျိုးတော့မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်(စွမ်းဆောင်ချက်) နောက်က လိုက်လာတဲ့ အရည်အချင်းတစ်ခုသာ ဖြစ်တယ်။
ဘုရားရှင်ရဲ့ စိတ်တော်မှာ အညစ်အကြေး(ကိလေသာ) မရှိတဲ့အတွက်
လောကအပေါ် ပြည့်ပြည့်၀၀ နားလည် သိမြင်လာတယ်( သမ္မာသမ္ဗုဒ္ဓ- Really Fully understanding ) သဘာဝလွန် သိမြင်ခြင်း မဟုတ်ဘဲ လောကကို အရှိတိုင်း သိလာမြင်လာတယ်၊
အရှိကို အရှိအတိုင်း သိမြင်လာဖို့အတွက် အသိနဲ့ အကျင့်ကို တွဲပြီး လေ့ကျင့်ခဲ့တယ်၊
(၀ိဇ္ဇာ စရဏ သမ္ပန္နော)
အသိ အကျင့်နှစ်ခုကို တွဲပြီးလေ့ကျင့်တော့ ဥာဏ်အလင်းတစ်ခု ဖြစ်ပေါ်လာပြီး ရုပ် နာမ် လောကမရှိတဲ့ ငြိမ်းအေးတဲ့ သဘောကို ရှာဖွေနိုင်ခဲ့တယ်၊
(သုဂတော)
ပြီးတော့ လောကကြီးအကြောင်းကို ပိုပြီးသိမြင်လာတယ်၊
(လောက၀ိဒူ)
လောကအကြောင်းကို ပိုသိတဲ့သူဖြစ်တဲ့အတွက် လောကထဲမှာ ရှိတဲ့သူ အားလုံးကို ဆုံးမ လမ်းညွှန်နိုင်သူ ဖြစ်လာတယ်၊
(အနုတ္တရော ပုရိသဒမ္မသာရထိ)
လမ်းကောင်းကို လမ်းညွှန်နိုင်သူဖြစ်တဲ့အတွက် လောကရဲ့ဆရာတစ်ဆူဖြစ်တော်မူတယ်၊
(သတ္ထာဒေ၀ မနုဿာနံ)
လောကရဲ့ဆရာတစ်ဆူဖြစ်လာဖို့ အမှန်တရားတွေကို ပြတ်ပြတ်သားသား ဥာဏ်နဲ့သိအောင် ရှာဖွေခဲ့ လေ့ကျင့်ခဲ့တယ်၊
(ဗုဒ္ဓေါ)
ဒါကြောင့် ဘုရားရှင်ဟာ ဂုဏ်တော်အစုံ ပြည့်စုံသူဖြစ်လာတယ်။
(ဘဂ၀ါ)
စဉ်းစားမိတာလေးတစ်ခုက လောက၀ိဒူ- လောကအကြောင်းကို ပြည့်ပြည့်၀၀ နားလည်လာတယ် ဆိုတဲ့နေရာမှာ ဒီကမ္ဘာကြီးအပါအ၀င် Universe တွေရဲ့ အကြောင်း ဒီကမ္ဘာကြီးထဲ နေကြတဲ့ ပုဂ္ဂိုလ်များရဲ့အကြောင်း ယင်းပုဂ္ဂိုလ်များရဲ့ စိတ်သဘောထား ခန္ဓာဘေဒ သဘောတရားတွေကိုပါ ပြည့်ပြည့်စုံစုံ သိတော်မူတယ်လို့ နားလည်နိုင်ပါတယ်၊
မျက်မှောက်ခေတ် ၀ိပဿနာတရားထွန်းကား လာချိန်မှာ ရုပ် နာမ်အကြောင်းသိရင် ဘ၀က ကျေနပ်စရာ ကောင်းတယ်လို့ ဆိုလာကြတယ်၊ တကယ်တော့ ဒါဟာပြည့်စုံတဲ့ ဘုရားရှင်ရဲ့ အလိုတော်ကျ မဟုတ်သေးပါဘူး၊ ရုပ် နာမ်အကြောင်း သိဖို့လိုသလို မျက်မှောက်ခေတ် ကမ္ဘာအကြောင်းကို မျက်ခြေမပြတ်ဖို့ လိုပါတယ်၊ပြီးတော့ မျက်မှောက်ကမ္ဘာမှာ ရှိကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကိုလဲ သိအောင်လုပ်ထားဖို့ လိုပါတယ်(အချိန်ရသလောက် လေ့လာရပါမယ်)
ရုပ် နာမ်အကြောင်းကိုတော့ သိပါရဲ့ ဒီကမ္ဘာကြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မသိရင် မိမိတို့ရဲ့ သာသနာကို ပြန့်ပွားအောင် တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး၊ တချို့က ဆိုကြတယ် သာသနာတည်ဖို့ အရေးမှာ အဆောက်အဦးတွေက ဆောက်နေဖို့ မလိုပါဘူးဆိုတာမျိုးပေါ့.. မှန်ပါတယ်..အဓိကအကြောင်းတရားအဖြစ် မပါဝင်ပေမယ့် သာသနာပြု သာသနာပြန့်ပွားဖို့မှာ အဆောက်အဦးတွေဟာလဲ ပယ်လို့မဖြစ်တဲ့ သာမညထက်ပိုတဲ့အကြောင်းတွေလို့ ဆိုနိုင်ပါမယ်၊
ဇေတ၀န်ကျောင်းတော်ကို မဆောက်ဘဲ တောထဲမှာနေပြီး သာသနာပြန့်ပွားအောင် လုပ်ခဲ့ရင် ဒီနေ့ခေတ်မှာ ဂေါတမဗုဒ္ဓ ဘုရားအဖြစ် ပွင့်သွားတယ်ဆိုတာကို ယုံကြည်လက်ခံဖို့ ခက်ခဲပါလိမ့်မယ်၊ တဲအို တဲပျက်လေးထဲမှာနေပြီး ကမ္ဘာကို သာသနာဖြန့်ချင်ပါတယ်ဆိုရင် ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး၊ တဲစုတ်ထဲမှာ အနေစုတ်တဲ့ ရဟန်းတစ်ပါးကို ဘယ်သူမှ အထင်ကြီးလေးစားမှာ မဟုတ်ပါဘူး၊
မိမိပြောချင်တဲ့ ဘုရားရှင်ရဲ့ သစ္စာတရားကို လက်ခံလာဖို့ အဆင့်မှီတဲ့ အဆောက်အဦး အဆင့်ရှိတဲ့ အနေအထိုင် အပြောအဆို အဆင့်မှီတဲ့ ဘာသန္တရ ဒါတွေပြည့်စုံဖို့ လိုပါလိမ့်မယ်၊
ဘုရားရှင် သာသနာပြုတဲ့အခါမှာလဲ ရောက်ရာဒေသက ပြောကြတဲ့သူတွေရဲ့ စကား(ဒေသိယစကား)တွေ သုံးပြီး သာသနာပြုတော်မူခဲ့တာ ပိဋကတ်ကျမ်းစာတွေမှာတွေ့နိုင်ပါတယ်၊
ဒီနေရာမှာ စဉ်းစားသင့်တာက တစ်ယောက်ထဲ လွတ်မြောက်ဖို့ ကြိုးစားမလား၊ ဘုရားလောင်းဝါဒလို အများအတွက်ပါ လွတ်မြောက်ဖို့ ကြိုးစားမလားဆိုတာပါ၊ တစ်ယောက်ထဲအတွက်ဆိုရင်တော့ ဘာသာစကားတတ်ကျွမ်းဖို့ အဆောက်အဦးကောင်းတွေ တည်ဆောက်ဖို့ ကမ္ဘာကြီးအကြောင်းသိဖို့ ဒီကမ္ဘာနေတဲ့ ပုဂ္ဂိုလ်တွေအကြောင်း သိဖို့ အဆင့်မှီမှီ နေထိုင် သွားလာ စားသောက်ဖို့ မလိုအပ်ပါဘူး၊
အများအတွက်ပါ စဉ်းစားပြီး တတ်နိုင်သလောက် သစ္စာတရားဖြန့်ဝေမယ် သာသနာပြုမယ်ဆိုရင်တော့ လောကအကြောင်းကို သိသင့်သလို အဆင့်အမှီတဲ့ နေရာ အ၀တ် အသွား အလာ အပြုအမူတွေ တကယ့်ကို လိုအပ်လှပါတယ်၊ ဒါကြောင့် အကျိုးရှိတဲ့နေရာမှာ အသုံးချနိုင်ဖို့ အင်တာနက်ကိုလဲ သုံးရပါလိမ့်မယ်၊(အွန်လိုင်းတရားပွဲနဲ့ ဆွေးနွေးခန်းများ ဆောင်ရွက်နေကြတာကို သိမြင် နားလည်နိုင်ပါတယ်) အဆင့်မြှင့် အင်္ဂလိပ်စာသင်တန်း ဟိန္ဒီ တရုတ် ဂျပန်စတဲ့ ဘာသန္တရ သင်တန်းတွေလဲ ဖွင့်လှစ်ရပါမယ်၊
နည်းပညာတွေအသုံးချပြီး သာသနာပြုရာမှာ အထောက်အကူဖြစ်စေဖို့ ကွန်ပြူတာသင်တန်းတွေလဲ ပေးကြရပါမယ်(ကျွမ်းကျင်အဆင့်မဟုတ်တောင် ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိဖို့လိုပါတယ်) အဆင့်မှီ အများလေးစားတဲ့ အဆောက်အဦးကောင်းတွေလဲ တည်ဆောက်ရပါမယ်၊
ဘုရားရှင်က တစ်နေ့ကို နှစ်ကြိမ် လောကကြီးကို ကြည့်တော်မူသလို သာသနာပြုရဟန်းတော်များလည်း လောကကြီးကို မြင်သလောက် ထွင်းဖောက်ကြည့်နေရပါမယ်၊ စိတ်စင်ကြယ်မှ အရာရာကို ပြည့်ပြည့်၀၀ နားလည်လာနိုင်တာမို့ စိတ်စင်ကြယ်သန့်စင်ဖို့ ကိုယ်ကျင့်တရားကောင်းလဲ ရှိရပါလိမ့်မယ်၊
ဘုရားရှင်ကိုယ်တော်တိုင် လမ်းကြို လမ်းကြားသွား လယ်ထဲဆင်းပြီး တရားဟောတော်မူသလို သာသနာပြုလိုသူရဟန်းတော်များလဲ ကျောင်းထဲမှာတင် ထိုင်မနေဘဲ ခရီးများများသွားပြီး ရောက်တဲ့နေရာမှာ သစ္စာဆီမီး ထွန်းညှိပေးဖို့ လိုပါမယ်၊( Public Relationship) လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိ ရှိရပါမယ်( သီဟနာဒ)။
ဒါတွေကတော့ ဂုဏ်တော်ပွားရင်းတွေးမိတဲ့ ဆင့်ပွားအတွေးတွေပါ၊ လောက၀ိဒူကို နေ့စဉ်ရွတ်ဆိုနေပြီး ဟိုဟာမလုပ်သင့်ဘူး ၊ရဟန်းတွေနဲ့ ဘာဆိုင်လို့လဲ၊ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေပေါ့လို့ ပြောနေကြတာကတော့ ဘုရားရှင်ကို မယုံကြည်လို့ လောက၀ိဒူကို နားမလည်လို့ပြောတာ ဖြစ်ပါလိမ့်မယ်၊
ဘုရားရှင်ရဲ့ လောက၀ိဒူဂုဏ်တော်ကို နားလည်တယ်ဆိုရင်တော့ သာသနာပြု သာသနာပြန့်ပွားဖို့အရေးမှာ သာသနာပြုရဟန်းတော်များ ဘာတွေလိုအပ်တယ် ဘယ်လိုဖြည့်ကျင့်ရမယ်ဆိုတာ သိမြင်လာပါလိမ့်မယ်၊
ဟုတ်ပါတယ်။ လောကအကြောင်းကို ပြည့်ပြည့်၀၀ နားလည်တော် မူလို့ လောက၀ိဒူဂုဏ်တော်ပိုင်ရှင်ဖြစ်တော်မူခဲ့ရတာပါ။ ။။
ဓမ္မစာပေများ FB Page
တရား ချိန်ခွင် ( သို့ ) မဟာပဒေသ ၄ ပါး
ချစ်သားရဟန်းတို့၊ နောင်တချိန်ငါဘုရားမရှိတော့တဲ့သာသနာနောက်ပိုင်းမှာ ဓမ္မ ၀ိနယနဲ့ ပက်သက်လို့ သံသယဖြစ်စရာကြုံခဲ့မယ် ဆိုရင် အခု ငါဘုရား ဟောကြားတော်မူမယ့် မဟာပဒေသ လေးပါး နဲ့ ချိန်ညှိပြီး သင်တို့ ဆုံးဖြတ်နိုင်ပါတယ်။
ဒီနိဒါန်းစကားကို အခြေခံ မိန့်တော်မူနေတဲ့ ဘုရားရှင်ကတော့ ဘောဂ အမည်ရှိတဲ့မြို့အနီး အာနန္ဒာစေတီ နတ်ကွန်းမှာ သီတင်းသုံးတော်မူနေချိန်ဖြစ်ပါတယ်။
၁။ တကယ်လို့များ နောင်အနာဂါတ်ကာလမှာ ရဟန်းတပါးက ဒါက ဓမ္မပဲ၊ ဒါက ၀ိနယပဲ၊ ဒါကတော့ ဘုရားရှင် အဆုံးအမပဲ၊ ဒါတွေ အားလုံးကို ငါကိုယ်တိုင် ဘုရားရှင်ဆီက တိုက်ရိုက် သင်ယူခဲ့တာပါ လို့ အဆို တင်သွင်းလာတယ်
ဆိုပါစို့၊
အဲဒီအချိန်မှာ ချစ်သားတို့ဟာ ၀မ်း မသာပါနဲ့အုံး၊ ကဲ့ရဲ့လည်း မကဲ့ရဲ့ ပါနဲ့၊ သူပြောတဲ့ အက္ခရာ ပုဒ် ပါဋ္ဌ် အပြည့်အစုံကို ကောင်းကောင်း မှတ်သားပြီး ငါဘုရား ဟောထားတဲ့ သုတ္တန်တွေထဲကို သွင်းကြည့်ပါ၊ ၀ိနည်း တွေနဲ့ ချိန်ကြည့်ပါ၊
အကယ်၍များ သုတ္တန်ထဲမှာလဲ ထည့်သွင်းလို့ မရဘူး၊ ၀ိနည်းနဲ့
လဲ မကိုက်ညီဘူး ဆိုလျင်ဖြင့် ဒါဟာ ဘုရားစကားတော် အဆုံးအမ မဟုတ်ဘူး၊
ဒီရဟန်းဟာ သေသေချာချာ မသင်ယူလို့ လွဲချော်နေတာ ဖြစ်ရမယ် လို့ တထစ်ချ ဆုံးဖြတ်ပြီး
ပယ်သာ ပယ်လိုက်ပါတော့။
ပြောင်းပြန်အနေနဲ့ သုတ္တန် ၀ိနည်းတွေ နဲ့ ကိုက်ညီနေလျင် လက်ခံ ရပါမယ်။
(မှတ်ချက် ၁ ) သာမာန် ရဟန်းတပါးကြောင့်လဲ ဓမ္မဥပဒေသ ကို မချိုးဖောက်ပါနဲ့ ဆိုတာ ဖော်ပြနေပါတယ်။
၂။ တကယ်လို့များ နောင်အနာဂါတ်ကာလမှာ အားလုံးက ရိုသေ လေးစားလောက်တဲ့ သံဃထေရ်ကြီးတွေ အကြီးအမှုးတွေ ပါဝင်နေတဲ့ သံဃာ အုပ်စု တစုစုက ငါဘုရားရှင်ဆီက သူတို့ ကိုယ်တိုင် သင်ခဲ့ပါတယ် ဆိုပြီး အထက်က နည်းအတိုင်းပဲ အယူတွေကို တင်သွင်းလာရင် စောစောကလို
သုတ္တန်တွေ ၀ိနည်းတွေနဲ့ ညှိနှိုင်း ကြည့်ကြပါ၊ အားလုံး ကိုက်ညီရင် လက်ခံပြီး
မကိုက်ညီဘူး ဆိုရင်တော့ မထေရ်ကြီးအပါအ၀င် ဒီသံဃာအုပ်စုဟာ
သေသေချာချာ မသင်ယူလို့ ဖြစ်ရမယ် လို့ တထစ်ချ ဆုံးဖြတ်ပြီး ပယ်သာ ပယ်လိုက်ပါတော့။
ပြောင်းပြန်အနေနဲ့ သုတ္တန် ၀ိနည်းတွေ နဲ့ ကိုက်ညီနေလျင် လက်ခံရပါမယ်။
( မှတ်ချက် ၂ ) တစ်ပါးထည်းမဟုတ်ပဲ သံဃာ အုပ်စု အများ ကြောင့်လဲ ဓမ္မဥပဒေသ ကို မချိုးဖောက်ပါနဲ့ ။
၃။ တကယ်လို့များ နောင်အနာဂါတ်ကာလမှာ စွယ်စုံတတ်ကျွမ်းတဲ့ ဗဟုဿုတဂုဏ်၊ ပါဠိတော်တွေ အာဂုံဆောင်ထားတဲ့ အာဂတာဂမဂုဏ်၊ ဓမ္မဓရဂုဏ်၊ ၀ိနယဓရဂုဏ်၊ မာတိကာဓရဂုဏ် စတဲ့ ဂုဏ်ပေါင်းများစွာ ပြည့်စုံတဲ့ မထေရ်ကြီးတွေ( ရဟန်းတော်တွေ ) အုပ်စုလိုက်က ငါဘုရားဆီက
သူတို့ကိုယ်တိုင် သင်ယူခဲ့တာပါ ဆိုပြီး အယူတွေ တင်သွင်းလာရင်လဲ ရှေးနည်းအတိုင်း တိုက်ဆိုင်ကြည့်ကြပါ၊
သုတ္တန် ၀ိနည်းနဲ့ ကိုက်ညီရင် လက်ခံပါ၊ မညီရင် ပယ်သာ ပယ်လိုက်ပါတော့။
(မှတ်ချက်၃) လောကီလောကုတ္တရာ ဘွဲ့ထူးဂုဏ်ဒြပ်တွေကြောင့်ဖြစ်စေ၊ မထေရ်ကြီးတွေမျက်နှာကြောင့်ဖြစ်စေ၊ သံဃာအုပ်စု ကြောင့်ဖြစ်စေ ဓမ္မဥပဒေသ ကို မချိုးဖောက်ပါနဲ့ ။
၎။ တကယ်လို့များ နောင်အနာဂါတ်ကာလမှာ အထက်က ဂုဏ်ဒြပ်တွေ အားလုံး ပြည့်စုံတဲ့ မထေရ်တပါးပါး (သို့) ရဟန်းတပါးပါး ဟာ ငါဘုရား ဆီကနေ ကိုယ်တိုင် တိုက်ရိုက် သင်ယူခဲ့ပါတယ် ဆိုပြီး အဆို တင်သွင်းလာတယ် ဆိုပါစို့၊ အဲဒီအချိန်မှာ ၀မ်း မသာပါနဲ့အုံး၊ ကဲ့ရဲ့လည်း
မကဲ့ရဲ့ ပါနဲ့အုံး၊
သူပြောတဲ့စကားကို ကောင်းကောင်း မှတ်သားပြီး သုတ္တန်တွေထဲကို သွင်းကြည့်ပါ၊ ၀ိနည်း တွေနဲ့ ချိန်ကြည့်ပါ၊ အကယ်၍များ သုတ္တန်ထဲမှာလဲ ထည့်သွင်းလို့ မရဘူး၊ ၀ိနည်းနဲ့ လဲ မကိုက်ညီဘူး ဆိုလျင်ဖြင့် ဒါဟာ ဘုရားစကားတော်
အဆုံးအမ မဟုတ်ဘူး၊ ဒီမထေရ် ရဟန်းဟာ သေသေချာချာ မသင်ယူလို့ လွဲချော်နေတာ
ဖြစ်ရမယ် လို့ တထစ်ချ ဆုံးဖြတ်ပြီး ပယ်သာ ပယ်လိုက်ပါတော့။
ပြောင်းပြန်အနေနဲ့ သုတ္တန် ၀ိနည်းတွေ နဲ့ ကိုက်ညီနေလျင်ဖြင့် လက်ခံ ပြီး ဆက်လက် ကျင့်သုံးနိုင်ပါတယ်။
(မှတ်ချက် ၄ ) ပရိသတ် အခြံအရံတွေ၊ ဘွဲ့ထူးဂုဏ် ဒြပ်တွေ၊ ဆိုတဲ့ အကြောင်းတရားတွေကြောင့် ငါဘုရားရဲ့ ဓမ္မ ဥပဒေသတွေကို မချိုးဖောက် မဖျက်ဆီးပါနဲ့။
ဓမ္မကို ချစ်မြတ်နိုးကြကုန်သော သူတော်ကောင်းအပေါင်းတို့ အတွက် စစ်မှန်သော တ၇ားတော် ဟုတ် မဟုတ်ကို ချိန်ထိုး ကြည့်နိုင်ဖို့ တင်ပြလိုက်ပါတယ်။
ကျမ်းကိုး။
(မဟာပဒေသ သုတ်၊ သဉ္စေတနိယ ၀ဂ်၊ စတုက္ကနိပါတ၊ အင်္ဂုတ္တရပါဠိတော်။)
ဓမ္မနဒီ FB like Page မှ ကူးယူဖော်ပြပါသည်။
Friday, March 11, 2016
ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ
. " ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ "
ဗုဒ္ဓဘာသာဝင်တိုင်းသည် စေတီပုထိုး၊ ဘုရားဆင်းထုတော်၊ သံဃာတော်များ၊ မိဘဆရာ၊ သက်ကြီးဝါကြီး များကို ရှိခိုးကန်တော့ခြင်းသည် ဓလေ့ထုံးစံတစ်ခုကဲ့သို့ ပြုလုပ်ရခြင်းထက် ပိုပါသည်။
လုပ်ဆောင်အပ်သော ဝတ္တရား၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး၊ ဂုဏ်ယူဖွယ် လူမှုစရိုက်၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု အဖြစ် ထိန်းသိမ်းထားရှိရခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းဧ။် အဓိက
ထမ်းဆောင်ရမည့် အထူးတာဝန်ကြီးတစ်ရပ်ပင် ဖြစ်သည်။
မွေးဖွားလာပြီး မည်သည့်အချိန်မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲဆိုသည်ကို သတိမမူလိုက်မိဘဲ ဖြစ်တတ်ကြသည်၊ မိဘကဗုဒ္ဓဘာသာဝင်ဖြစ်လို့ လိုက်၍ဖြစ်သွားသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ
များမည်ထင်သည်။ ဆင်းထုတော်ကို, စေတီပုထိုးများကို ရှိခိုးဦးချလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်ဖြစ်သွားသည်ဟု ထင်ခဲ့မည်ဆိုလျှင် မမှန်ပါ။
ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးဧ။် လေးနက်တဲ့ အဓိပ္ပာယ်၊ မွန်မြတ်တဲ့ သိက္ခာ၊ ကြည်ညိုဖွယ် ဂုဏ်အရည်အချင်းများကို မှန်မှန်ကန်ကန် သိရှိနားလည်ရပါသည်၊ ယင်းသို့ သေသေချာချာ
တိတိကျကျ သဘောပေါက်နားလည်သဖြင့် အမှန်တကယ် အားကိုးယုံကြည်ပြီး ဆည်းကပ်ကိုးကွယ်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟူ၍ ဆုံးဖြတ်နိုင်သည်။
ရတနာသုံးပါးကို အစစ်အမှန် ကိုးကွယ်လဲလျောင်းရာ အဖြစ် ခံယူခြင်းကို " သရဏ " ဟူ၍ခေါ်ဆိုရသည်။
ဆန္ဒအမှန်ဖြင့် ယုံကြည်ကိုးကွယ် သဖြင့် ဆည်းကပ်ပူဇော်ခြင်းကို (သရဏ ဂမန) " သရဏဂုံ " ဟူ၍ခေါ်ဆိုရသည်။
ထိုသို့ အသေအချာ သိရှိနားလည်၍ ယုံကြည်ကိုးကွယ်ပြီး ဆည်းကပ်ပူဇော်သူကို " သရဏဂုံ တည်သူ " ဟူ၍ခေါ်ဆိုရသည်။
ဤသို့ " သရဏဂုံ တည်သူ " ကိုသာလျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သည်။
မိမိတွင် အကျိုးကျေးဇူး ရရှိနိုင်သည်ဟူသော အထင်ဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ အယူဝါဒ တစ်ခုခုကို သော်လည်းကောင်း၊ အခြားဘာသာ တစ်ခုခုကို သော်လည်းကောင်း၊
စွဲစွဲမြဲမြဲ ကိုးကွယ်ဆည်းကပ်ခဲ့လျှင် ထိုသူမှာ " သရဏဂုံ " ပျက်ပြယ်သွားပြီဟု သတ်မှတ်ရသည်။ ( စကားချပ် -- ပုဂ္ဂိုလ်စွဲ ယုံကြည်မှု လွန်ကဲခြင်းမဖြစ်ရန် သတိထားရမည်။)
ရတနာသုံးပါးကို မေ့လျော့နေလျှင် ကိုးကွယ်ဆည်းကပ်မှုဖြင့် ဝေးကွာနေသောကြောင့် " သရဏဂုံ " မှေးမှိန်နေသည်၊ ညှိုးနွမ်းနေသည်ဟု သတ်မှတ်ရသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ရတနာသုံးပါးကို မေ့မေ့လျော့လျော့မနေဘဲ၊ အစဉ်သဖြင့် သတိတရ ကိုးကွယ်ဆည်းကပ်နေရန် အလွန်လိုအပ်လှပေသည်။
ကိုးကွယ်ဆည်းကပ်နေရမည် ဆိုသည်မှာ ဆွမ်းကပ်လှူခြင်း၊ ပန်း ဆီမီးတို့ဖြင့် ပူဇော်ခြင်း၊ ဝတ္တု ပစ္စည်းများဖြင့် လှူဒါန်းခြင်း၊ စသည်တို့ကို အမြဲပြုလုပ်နေရမည်ဟု မဆိုလိုပါ၊
ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးတော်များကို စိတ်ထဲမှာ မမေ့မလျော့ အောင်းမေ့သတိရနေခြင်းသည်သာ အရေးကြီးဆုံးဖြစ်သည်။
သို့အတွက် ရတနာသုံးပါးကို အမြဲနှလုံးသွင်းနိုင်ရန် မည်သည့်နေရာမှာဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ မည်သည့် ပုဂ္ဂိုလ်၊ စေတီ၊ ဆင်းတုတော် ကိုဖြစ်စေ၊ ရှိခိုးဝတ်ပြုပြီဆိုလျှင်
ရတနာသုံးပါးကို ရည်စူးမှန်းဆပြီး သုံးကြိမ် ဦးချရမည်ဖြစ်သည်။
ဆရာတော်ကြီးများ အမိန့်ရှိသလို " မင်းတို့ဦးချတာက ပုဆိန်ပေါက်နေသလို၊ ဖားဖမ်းနေသလို ပါပဲလား " လို့ မဖြစ်ရလေအောင် ပထမတစ်ကြိမ် ဦးချစဉ်တွင် " မြတ်စွာဘုရားဧ။် ဂုဏ်တော် " တို့ကို
နှလုံးသွင်း အာရုံပြု၍ ဖြေးဖြေးမှန်မှန် ဦးနှိမ်ပြီး ဝတ်ချရသည်။ ဒုတိယတစ်ကြိမ်တွင် " တရားတော်ဧ။် ဂုဏ်တော် " များ၊ တတိယတစ်ကြိမ်တွင် " သံဃာတော်ဧ။် ဂုဏ်တော် " များကို နှလုံးသွင်းကာ
အာရုံပြုလျက် ညင်သာဖြေးညှင်းစွာ ဦးနှိမ်ချ၍ ရှိခိုးရသည်။
ထိုသို့နှလုံးသွင်း အာရုံပြုနိုင်ရန် မြတ်စွာဘုရားဧ။် ဂုဏ်တော်များ၊ တရားတော်ဧ။် ဂုဏ်တော်များ၊ သံဃာတော်ဧ။် ဂုဏ်တော်များ ကို သေသေချာချာ လေ့လာမှတ်သားပြီး အိပ်ရာဝင်, အိပ်ရာထတိုင်း
အမြဲမပြတ် ပွားများကြံစည် နေအပ်ပေသည်။
ဗုဒ္ဓကျမ်းဂန်တို့တွင် " သရဏဂုံ " အမြဲတည်နေသောသူသည် သက်တမ်းကုန်ဆုံး၍သော်လည်းကောင်း၊ နာတာရှည်ရောဂါတို့ဖြင့်သော်လည်းကောင်း၊ ရုတ်တရက် မတော်တဆ အနေဖြင့်သော်လည်းကောင်း၊
တမလွန်သို့ ဘဝကူးပြောင်းသွားခဲ့သော် အောက်ဘုံများသို့ မဆင်းဘဲ၊ အထက်ဘုံများသို့သာ လားရောက်ရသည်ဟု အတိအလင်း ပြဆိုထားလေသည်။ ။
***ဗုဒ္ဓဘာသာဝင်တိုင်း " သရဏဂုံ " အမြဲတည်တံ့နေရန် အားထုတ်သင့်လှပေသည်။***
သစ္စာအနက် (၁၆) ချက်
သစ္စာအနက် (၁၆)ချက်ကို သိချင် မှတ်ချင် ဖတ်ချင်သူများ
============================
ဒုက္ခသစ္စာ၏အနက်(၄)ချက်----
၁။မိမိကိန်းရာ သတ္တဝါဝယ် သုံးဖြာဒုက္ခ ဖြစ်ပေါ်ကြလျှက် ဒုက္ခဖြစ်ရိပ် ကြောင်းနိမိတ်ဖြင့် ကြိတ်ကြိတ်နင်းနင်း နှိပ်စက်ခြင်း(ပီဠနဋ္ဌ)အနက်သဘော။
၂။သမုဒယဟိတ် ကြောင်းမဆိတ်သဖြင့် ကံစိတ်ဥတု ဟာရစုတို့ အမှုတည်ထွင် ပြုစီရင်အပ်သော(သင်္ခတဋ္ဌ)အနက်သဘော။
၃။မဂ်မြတ်ရေစင် နှိုင်းစာလျှင်လည်း ပူပင်ပြင်းပြ လောင်ကျွမ်းရခြင်း(သန္တာပ) အနက်သဘော။
၎။နိဗ္ဗာန်နန်းစာ စခန်းကွာအောင် ဇရာမရဏ နှစ်ဌာနဖြင့် ကာလအရှည် မတည်မြဲမြံ ဖောက်ပြန်ခြင်း(ဝိပရိနာမဋ္ဌ) အနက်သဘော။
သမုဒယသစ္စာ၏အနက် (၄) ချက်----
၁။လောကီအာရုံ အဖုံဖုံဝယ် ခုံမင်ဖြန့်မှု ဒုက္ခထုကို ပေါင်းစုခြင်း(အာယူဟန) အနက်သဘော။
၂။ဒုက္ခချင်းစပ် မကင်းလတ်အောင် နင်းအပ်သည့်အနေ ဖြစ်စေခြင်း(နိဒါနဋ္ဌ) အနက်သဘော။
၃။ဒုက္ခဝဋ်မှ မလွတ်ရအောင် ဖွဲ့နှောင်ခြင်း (သံယောဂ) အနက်သဘော။
၎။ဝဋ်မှထွက်သွား မဂ်ရထားကို ဖျက်တားကန့်ကွက် နှောက်ယှက်ခြင်း (ပလိဗောဓဋ္ဌ) အနက်သဘော။
နိရောဓသစ္စာ၏အနက် (၄) ချက်----
၁။ဒုက္ခဖန်ခါ သံသရာဝယ် ခန္ဓာဇာတ်သိမ်း လွတ်ငြိမ်းခြင်း(နိဿ ရဏ) အနက်သဘော။
၂။တဏှာအပေါင်း တွယ်တာကြောင်းမှ ကောင်းကောင်းလွတ်ကင်း ဆိတ်ငြိမ်ခြင်း (ဝိဝေကဋ္ဌ) အနက်သဘော။
၃။အကြောင်းကြောင်းစု တစ်ခုခုမျှ မပြုအပ်လျင်း အကြောင်းကင်းသော (အသင်္ခတ) အနက်သဘော။
၎။နဂိုအနေ အိုမသေဘဲ စိုပြေမြဲခိုင် တည်တံ့နိုင်သော (အမတဋ္ဌ) အနက်သဘော။
မဂ္ဂသစ္စာ၏အနက် (၄) ချက်----
၁။သံသရာဒုက္ခ ရှုပ်သမျှမှ မုချထွက်ကြောင်း (နိယျာနဋ္ဌ) အနက်သဘော။
၂။နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့ ဆိုက်ကပ်ရန်အကြောင်း (ဟေတွဋ္ဌ) အနက်သဘော။
၃။သစ္စာလေးတန် မြတ်နိဗ္ဗာန်ကို အမှန်ထင်လင်း မြင်နိုင်ခြင်း (ဒဿ န) အနက်သဘော။
၎။လေးတန်သစ္စာ မြင်ဖို့ရာနှင့် ကိလေသာမီး အပူကြီးကို အပြီးငြိမ်းမှု ကိစ္စစုဝယ် ချယ်လှယ်လွှမ်းမိုး အုပ်စိုးနိုင်ခြင်း (အာဓိပတေယျဋ္ဌ) အနက်သဘော။
=========
(ဝန်ခံချက်) ဤသစ္စာအနက် ၁၆ ချက်ကို ကျီးသဲလေးထပ်ဆရာတော်ကြီး၏ အစိန္တေယျကြီးဘုရားရှိခိုး၌လည်း လေ့လာနိုင်ပါသည်။
ယခုရေးသားတင်ပြလိုက်သော အနက်များမှာ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သင်္ဂြိုဟ် ဘာသာဋီကာမှ ထုတ်နှုတ်တင်ပြခြင်း ဖြစ်ပါသည်။
“စရိုက်ပြင်နည်း” တရားတော်
“စရိုက်ပြင်နည်း” တရားတော်
••••••••••••••••••••••••••••••••
စရိုက်ပြင်ချင်တယ်။ ဘာနဲ့ ပြင်မလဲ။
“ရာဂစရိုက်”
•••••••••••••••••
●အလှအပတွေ သိပ်ကြိုက်တယ်နော်။
●မက်မောတယ်။
●အဆင်းလှတာ သဘောကျတယ်။
●အသံကောင်းတာ သဘောကျတယ်။
●အနံ့မွှေးတာ သဘောကျတယ်။
●ဟင်းကောင်းကြိုက်တယ်။
●တွယ်တာမှုတွေ အားကြီးတယ်။
●လောဘတွေ အားကြီးတယ်။
ဒီစရိုက်တွေ များလာပြီဆိုရင် ဘာနဲ့ ဖျောက်ဖို့ကြိုးစားမလဲ။
အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ကမ္မဋ္ဌာန်း ၄၀ လို့ဆိုပြီး
ထိုထိုကျမ်းဂန်တွေကနေထုတ်ပြီးတော့ မှတ်တမ်း
တင်ထားတယ်။ အဲဒီအထဲမယ်
“ရာဂစရိုက်” ရှိတဲ့ ပုဂ္ဂိုလ်တဲ့အတွက်
“အသုဘဘာဝနာ-မတင့်တယ်မှု” ကို
ဆင်ခြင်စဉ်းစားမှု အရေးကြီးဆုံးပဲ။
သူက ဘာဖြစ်လို့တုန်းဆိုတော့ အမြဲတမ်း လှတယ်ချည့်
တွေးနေတဲ့ ပုဂ္ဂိုလ်ကိုး။ အဲဒီတော့ မလှဘူး၊
မစင်ကြယ်ဘူးဆိုတာ မြင်အောင် ကြည့်ဖို့ပေါ့။
အဲဒါမှ သူ့ရဲ့ တွယ်တာမှုကို လျှော့ချနိုင်မှာ။
“အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ”-
ရာဂစရိုက်ကို ဖယ်ရှားနိုင်ဖို့အတွက်
“အသုဘ ကမ္မဋ္ဌာန်း” ကို ပွါးပါတဲ့။
အေး၊လူတွေက အသုဘလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက်
ဟို-မသာအိမ်သွား အောက်မေ့နေတယ်နော်။
အသုဘ ဆိုတာ အသက်ရှင်နေတုန်းလည်းပဲ
“အသုဘ” ၊ “အသုဘ” ဆိုတဲ့စကားလုံးက မတင့်တယ်ဘူး။
ရွံစရာကောင်းတယ်။ကဲ- ကိုယ့်ကိုယ်ကို ရွံစရာ
ကောင်း၊ မကောင်း ကိုးပေါက်ဒွါရကနေ
ထွက်နေတာတွေကို နမ်းကြည့်ပေါ့။
အတွင်းထဲမှာ မွှေးကြိုင်နေတယ်ဆိုတာ တစ်ခုမှမရှိဘူးနော်။
●မျက်စိကထွက်ရင် မျက်ချေး၊
●နှာခေါင်းကထွက်ရင် နှပ်ချေး၊
(အမယ် နန်းတော်သူတွေကတော့ မျက်ချေးကို
“မျက်ဝတ်” လို့ ခေါ်လိုက်သေးတာနော်။နာမည်လေးကို
လှလှပပ ထားပြီးတော့ ရွံစရာမကောင်းအောင်လို့။)
●နှာခေါင်းကထွက်တော့ နှပ်ချေး၊
●နားကထွက်တော့ နားဖာချေးပေါ့။
အဲဒီလို ခန္ဓာကိုယ်က ထွက်သမျှ အရာတွေဟာ
သိမ်းထားလို့ရတဲ့ဟာ တစ်ခုမှ မရှိဘူး။
မွှေးကြိုင်တယ် ဆိုတာလည်းတစ်ခုမှ မရှိဘူး။
လူတွေမွှေးကြိုင်တယ်ဆိုတာ ပြင်ပကခေတ္တခဏ
လိမ်းကျံထားတဲ့ အနံ့ကမွှေးတာ။
လူက မွှေးတာ မဟုတ်ဘူး။
စနိုးလိမ်းထားရင် စနိုးက၊
ပေါင်ဒါလိမ်းထားရင် ပေါင်ဒါက မွှေးတာနော်။
ရေမွှေးဆွတ်ထားရင် ရေမွှေးက မွှေးတာ။
အဲဒါကို လူကမွှေးတယ် ထင်နေကြတာ။
အဲဒီတော့ လူရဲ့ခန္ဓာကိုယ်ဟာ မွှေးတယ်၊ကြိုင်တယ်ဆိုတာ
တစ်ခုမှမရှိဘူး။ ဒါစဉ်းစားဖို့ ပြောတာနော်။
အဲဒီလို စဉ်းစားဆင်ခြင် တတ်လာမယ်ဆိုရင်
လှပတယ်၊တင့်တယ်တယ်ဆိုတာ မရှိဘူးတဲ့။
ရွံစရာကောင်းတယ်ဆိုတာတွေ တွေ့လာမှာပဲ။
အဲဒီလို ရွံစရာကောင်းတာတွေကို တွေးပြီးတော့
ရာဂစိတ်ကို ပယ်ဖျောက်ရမယ်တဲ့။
တွယ်တာမှုကို လျှော့ချရမယ်။
ဒါက “ရာဂစရိုက်ကို ပြုပြင်တဲ့နည်းတစ်နည်း” ပေါ့နော်။
■ကေသာ၊လောမာ၊နခါ၊ဒန္တာ၊တစော၊ဆံပင်၊မွှေးညင်း၊
ခြေသည်း၊လက်သည်း၊သွား၊အရေ၊ ခန္ဓာကိုယ်ကြီးကို
တစ်ခုစီ၊ တစ်ခုစီ ဖျက်ချကြည့်လိုက်။
ဆံပင်ကလည်း ခေါင်းပေါ်မှာတော့ လှနေတယ်လေ။
အဲဒီခေါင်းပေါ်ကဆံပင်လေးတစ်ခုဟာ ထမင်းပန်းကန်ထဲ
ရောက်သွားရင် ရွံစရာကောင်းတယ်။
လူက အဲဒီကျမှ ရွံစရာကောင်းမှန်း သိတာ။
ခေါင်းပေါ်နေတုန်းကတော့ အရောင်အမျိုးမျိုးဆိုးပြီး
အလှအပတွေလုပ်၊အမွှေးအကြိုင်တွေ လိမ်းဒီလို လုပ်ကြတယ်။
အဲဒီတော့ ခေါင်းပေါ်မှာရှိတဲ့ဆံပင်နဲ့ ကျွတ်လာတဲ့ ဆံပင်ဟာ အတူတူပါပဲ။အတူတူပဲ။
အဲဒီလိုဆံပင်မွှေးညင်း၊ခြေသည်းလက်သည်း၊သွား၊အရေ၊ခန္ဓာကိုယ်မှာရှိတာတွေ သဘာဝရဲ့ မလှပ၊
မတင့်တယ်မှုတွေကို ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့်
ရာဂစရိုက်ကို လျှော့ချပေးလို့ရပါတယ်။
“ဒေါသစရိုက်”
•••••••••••••••••••
■ဒါဖြင့် “ဒေါသစရိုက်” ကိုတော့ ဘာနဲ့လျှော့ချရမလဲ
ဆိုလို့ရှိရင် ဒေါသဆိုတာ ဘယ်အာရုံပေါ်မှာမှ
သူက ကြည်လင်တာ မဟုတ်ဘူး။
အမြဲတမ်း မုန်းတီးမှုနဲ့ ဆက်ဆံနေတယ်။
ဒါကြောင့်မို့ ဒေါသစရိုက်ကို ဖယ်ရှားဖို့ရာကျတော့
ကိုယ့်ရင်ထဲ၊နှလုံးသားထဲမှာ “မေတ္တာတရား” ကို
ဖြစ်ပွါးအောင် ကြိုးစားရမယ်။
“မေတ္တာ ဘာဝေတဗ္ဗာဒေါသဿ ပဟာနာယ” တဲ့။
အမုန်းတရားလို့ ဆိုတဲ့ ဒေါသစရိုက် ပျောက်သွားအောင်
မေတ္တာတရားကို မိမိရင်ထဲမှာ ဖြစ်ပွါးအောင်ကြိုးစားပါတဲ့။
အများအကျိုးကို လိုလားခြင်းဆိုတဲ့ မေတ္တာကိုတည်ဆောက်တဲ့အခါမှာ “ခန္တီ”ဟာ များစွာ
အကူအညီပေးတယ်။
ဒါကြောင့်မို့သည်းခံခြင်း၊ခွင့်လွှတ်ခြင်း ဖြင့် မေတ္တာတရားကို
ထိန်းသိမ်းထားပြီး၊ဒေါသတရားကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။
အဲဒီလို မကြိုးစားနိုင်လို့ အကျင့်ကြီး ပါသွားပြီဆိုရင် လူဖြစ်ရင်လည်း လူစိတ်တိုကြီးဖြစ်တယ်။
တိရစ္ဆာန် ဖြစ်ရင်လည်း ကျားတို့၊ ခြသေ့င်္တို့ ဒေါသကြီးတဲ့ အကောင်မျိုးတွေ သွားဖြစ်တယ်။
အဲဒီလို မဖြစ်ရအောင် သိတတ်တဲ့ဘဝမှာ မေတ္တာတရား
များများ ပွါးပြီးတော့၊ အဲဒီစရိုက် ပျောက်ဖို့ရာအတွက်
ကိုယ့်ရဲ့နှလုံးသားကို မေတ္တာတရားတွေနဲ့ ဆွတ်ဖြန်းပေးဖို့
လိုအပ်တယ်တဲ့။
“မောဟစရိုက်”
•••••••••••••••••••
“မောဟစရိုက်” ပျောက်ဖို့ရာအတွက် ဘာလုပ်မလဲ၊တရားနာရမယ်။ မောဟစရိုက် ပျောက်အောင်
တရားနာတယ်၊နှလုံးသွင်းတယ်။
မြတ်စွာဘုရားဟောကြားထားတဲ့ တရားရေးသားထားတဲ့
စာအုပ်တွေဖတ်ရှုတယ်၊ လေ့လာတယ်။မေးမြန်းတယ်၊ဆရာသမားတွေဆီ ချဉ်းကပ်တယ်၊
မသိတာတွေကို မေးတယ်၊အဲဒီလို မေးမြန်းစုံစမ်းခြင်း၊
သင်ယူခြင်း၊ မှတ်သားခြင်းဖြင့် “မောဟစရိုက်” ကို
ပျောက်ကင်းစေနိုင်ပါတယ်။
အဲဒီလို ပညာရလာအောင် လုပ်တဲ့အခါမှာ
အရေးကြီးတာက ဘာလဲဆိုရင် စိတ်ကလေးငြိမ်အောင်နဲ့
မိမိရဲ့သန္တာန်မှာ သတိတရားတွေ ခိုင်မာလာအောင်
လေ့ကျင့်ရမယ်။ “သတိသမ္ပဇည” ထားရမယ်။
သတိရှိလာလို့ရှိရင် ပညာဟာ ရှိလာမှာဖြစ်တယ်။
ဒါကြောင့်မို့လို့ သတိကို ထူထောင်ပေးရမယ်။
“အာနာပါနံ မောဟစရိတဿ”-မောဟစရိုက်ရှိတဲ့
ပုဂ္ဂိုလ်ဟာ သတိလေးထားပြီး ထွက်လေ၊ဝင်လေလေးကို
ရှုမှတ်ပွါးများနေရမယ်။
ဒီလိုနေမယ်ဆိုရင် မောဟစရိုက် နည်းပါးသွားမယ်။
သတိရှိလာတာနဲ့ တစ်ပြိုင်နက် အသိပညာလည်း ရတယ်။
အသိပညာ ရအောင်လည်း ရရာရကြောင်းတွေကို
ဆည်းပူးရတယ်။လေ့လာရတယ်။နာယူရတယ်။
မှတ်သားရတယ်။ ဟော-ဒီလိုနည်းနဲ့ မောဟစရိုက်တွေ
ပျောက်ကွယ်ပြီးတော့ သွားနိုင်တယ်။
❦စရိုက်ဆိုးတွေကို ဒီဘဝမှာ ပြင်ရင်ပြင်၊
မပြင်လို့ရှိရင် သံသရာမှာ စရိုက်ဆိုးတွေနဲ့ပဲ
ကျင်လည်ကြရမှာဖြစ်တယ်။
လူ့ဘဝ ရောက်လာရင်ပဲ စရိုက်ဆိုးတဲ့လူ၊
လောကလူတွေ ကြည့်လေ၊တစ်ယောက်နဲ့
တစ်ယောက် စရိုက်မှ မတူတာ။
စရိုက်ဆိုးတဲ့လူတွေ ရှိတာပဲ။
စရိုက်ကောင်းတဲ့လူတွေ ရှိသလို ၊
စရိုက်ဆိုးတဲ့ လူတွေ ရှိတာပဲ။
ဒီဘဝမှာ မပြင်ဘူးဆိုလို့ရှိရင် နောင်ဘဝမှာလည်းပဲ
အကျင့်ကြီးတွေ ပါသွားမှာပဲ။
❦အဲဒီ မကောင်းတဲ့ အကျင့်ကြီးတွေ ပါသွားပြီဆိုလို့ရှိရင် အဲဒီစရိုက်ဟာ နောက်ဆုံးမှာ
ဖျောက်လို့မရနိုင်တဲ့ အဆင့်ထိအောင်
ရောက်သွားပြီးတော့၊ အထုံဝါသနာကြီး ပါပြီးတော့ ဘုရားတောင်မှ ချွတ်ဖို့ရာ ခက်သွားတယ်။
ဥပမာမယ် “ဖွတ်ဖို့၊လျှော်ဖို့ မလွယ်ကူတဲ့ လက်နှီးစုတ်”
လို ဖြစ်သွားမှာပေါ့နော်။
မကောင်းတဲ့စရိုက်တွေ ကိုယ့်စိတ်မှာ လွှမ်းမိုးသွားပြီဆိုလို့ရှိရင် သံသရာ နစ်မွန်းသွားနိုင်တယ်တဲ့။
ဒါကြောင့်မို့လို့ ဒီလို ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်နဲ့ကြုံတဲ့အခိုက်မှာ …
●ရာဂစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။
●ဒေါသစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။
●မကောင်းတဲ့ မောဟစရိုက်ကိုလည်း လျော့ချဖို့ကြိုးစားရမယ်။
ကောင်းတဲ့စရိုက်တွေကိုတော့ ကြီးထွားလာအောင်
ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ ပေးရမယ်လို့ဒီလိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့တယ်။
အခုလို တရားဓမ္မတွေကို နာယူမှတ်သားပြီးတဲ့အခါမှာ
မိမိတို့ရဲ့ ဘဝမှာ ကောင်းမြတ်တဲ့ စရိုက်တွေကို မွေးမြူခြင်းဖြင့်၊ ကောင်းမြတ်တဲ့ ဝါသနာတွေနဲ့
နောက်ဆုံးမှာ ထာဝရချမ်းသာတဲ့ အငြိမ်းဓာတ်နိဗ္ဗာန်ကို
မျက်မှောက် ပြုနိုင်မှာဖြစ်တယ်လို့ အားလုံးသဘောကျပြီး
ဝါသနာတို့၊စရိုက်တို့ကို ဖယ်ရှားနိုင်ကြောင်း၊အကျင့်ကောင်းကို
ကျင့်ကြံကြိုးကုတ် အားထုတ်ကာ နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။ ။
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
အဘိဓမ္မာ ဆိုတာ ဘာလဲ
✿ အဘိဓမ္မာ ဆိုတာ ဘာလဲ ??? ✿
═════════════════════
အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။
ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို အဘိဓမ္မာ ခေါ်ပါတယ်။
အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကား တစ်စင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊ ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။
ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။ သုံးလုံတည်းပဲ။ ဘာတွေလဲ ဆိုရင် စိတ်ရယ်၊ စေတသိက်ရယ်၊
ရုပ်ရယ်။
ဘာတွေလဲ
စိတ်, စေတသိက်, ရုပ်ပါဘုရား။
စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။ လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ်အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘ၀အမျိုးမျိုးတွေကို လိုက်ပြီးတော့ စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊ ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ် တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။
The nature of mentality and materiality ရုပ် နာမ်တို့၏ သဘာဝ၊ အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။ အဘိဓမ္မာ ခုနစ်ကျမ်းဆိုတဲ့ စာအုပ်ကို လှမ်းမကြည့်နဲ့၊ လှမ်းမကြည့်နဲ့၊ မင်းတို့တွေ အဘိဒမ္မာခုနစ်ကျမ်းကို လှမ်းကြည့်ရင် အကုန်လုံး
လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ ဘာမှနားမလည်ဘူး။ အဲဒီစာအုပ်က ဘာတွေဟောထားသလဲဆိုရင် ဘုရားကိုင်တိုင် ဟောတာနော်။ စိတ်အကြောင်းရယ်၊ စေတသိက်အကြောင်းရယ်၊ ရုပ်အကြောင်းရယ်၊ အဲဒီအကြောင်းအရာသုံးပါးကို အကျယ်တ၀င့် ဒီစာအုပ်ကြီးတွေထဲမှာ ရေးမှတ်ထားတာ။ တကယ်တော့ ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မက စာအုပ်ထဲမှာ ထားဖို့
မဟုတ်ဘူး။ လူထဲမှာ ထားရမယ်။
အဘိဓမ္မာသင်ချင်ရင် မင်းကိုယ်မင်း ပြန်ဖတ်
********************************************
လူနဲ့ ဓမ္မနဲ့၊ ဓမ္မနဲ့ လူသားနဲ့၊ တပေါင်းတည်းဖြစ်နေမှ Dhamma is the light of your life ဖြစ်လာမှာ။ ဓမ္မနဲ့ လူနဲ့ တခြားစီဖြစ်နေရင် ကိုယ့်မှာဓမ္မအလင်းရောင် မရှိဘူး။ အဲဒါကြောင့် အမေရိကန်ကြီးတယောက်က ဘုန်းကြီးကို
မေးတယ်။ ကိုယ်တော် တပည့်တော် အဘိဓမ္မာ သင်ချင်တယ်တဲ့။
How to learn the Abhidhamma?
Teach me Abhidhamma. What is Abhidhamma? တဲ့။
သူက မေးခွန်းတွေနဲ့။ ဟေ့ Abhidhamma is your body.
ဟုတ်လား။ Don't read any book. You must read yourself.
မင်းကိုယ်ကိုယ် မင်းပြန်ဖတ်။ စိတ်က ဘယ်မှာရှိသလဲ၊
ဒီမှာပဲ၊ ကိုယ်မှာပဲ၊ စေတသိက်ကော ကိုယ်မှာ၊ ရုပ်တွေကော၊
စိတ် စေတသိက် ရုပ်က ဒီမှာပဲရှိတာ။ ဒီကိုယ်ခန္ဓာကြီး ပြန်ဖတ်မှ
စိတ်၊ စေတသိက်၊ ရုပ်ကို တကယ်သိမှာ။ ဒီစာအုပ် ခဏထား။
မင်း ကိုယ်ကို မင်းပြန်ဖတ်ရင် မင်း အဘိဓမ္မာ တကယ်တတ်သွားမယ်။
How to read myself ? သူကပြောတယ်။ ကျုပ်ကိုကိုယ် ကျုပ်
ဘယ်လိုဖတ်မလဲ။ အေး ကောင်းပြီ
" You must sit on the floor,in the cross legged posotion,
place your right hand on top of your left hand,
close your eyes slowly, focus your mind at the tip of your nose."
ဟိုလူကို ဖတ်ခိုင်းပြီနော်။ တင်ပျဉ်ခွေထိုင်ပါ။ ကိုယ်ကို ဖြောင့်ဖြောင့်ထား။
မျက်လုံးကို ဖြည်းဖြည်းလေး မှိတ်၊ ဘယ်ဘက်လက်ပေါ် ညာလက်ကလေး
တင်ထား။ Breathe normally, naturally. မှန်မှန်လေး ရှူ။
ရိုးရိုးလေး အသက် ရှူ။ Focus your mind at the tip of your nose .
နှာသီးဖျားလေးကို ချိန်ထား၊ ဟိုလူက မျက်စိမှိတ် နဖူးကြောတွေ
ဘာတွေ ရှုံ့လာတာ။ အဲသလို အရမ်းကြီး စိတ်ကို တင်းမထားနဲ့နော်။
Must be ralax. သက်သောင့်သက်သာလေး လုပ်စမ်းပါ။ နှာ
သီးဖျား ချိန်ဆိုတော့ မျက်လုံး ဖွင့်ကြည့်တယ်။
venerable Sir; I'd like to ask you a question.
အို အရှင်ဘုရား၊ တပည့်တော် မေးခွန်းတခု မေးချင်တယ်။
ဟေ့လူ မင်း နောက်မှ မေး။ မင်းကို ဒီမှာ ထိုင်ပြီး အဘိဓမ္မာ ဖတ်ခိုင်းနေတာ။
နေပါဦး နောက်မှ ဖတ်ပါရစေတဲ့၊ အခု မေးချင်သေးတယ်၊၊
မင်းတို့နဲ့များ ကွာတယ်နော်။ ဟိုလူကတော့ ထိုင်ခိုင်းကာ
ရှိသေးတယ်၊ မေးနေပြီ။ မမေးနဲ့ဦး၊ နောက်မှမေး။ မင်းစိတ်
နှာသီးဖျား ချိန်ထား။
I miss my mind at the tip of nose.
စိတ်က နှာသီးဖျား ချိန်လို့ မရဘူး။
ချော်ချော်ထွက်သွားတယ်။ သူက ဒီလိုပြောတယ်။
Ok I like. You must understand one thing Abhidhamma
This is called agitation.
ချိန်လို့မရဘူး။ လွဲနေတယ်။ လှုပ်နေတယ်၊ Creak ဖြစ်နေတယ်။
ဘာခေါ်လဲ။ ဥဒ္ဓစ္စ တဲ့။ စေတသိက်တလုံး သူပြောလိုက်တယ်။
စိတ်တွေ လှုပ်ရှားပြေးသွားနေတာကို ဘာခေါ်လဲ၊ ဥဒ္ဓစ္စ သင်ကြ။
ကိုယ်ကိုယ်ကို သင်၊ ဥဒ္ဓစ္စ။ Concentrated ဒီမှာ ချိန်လို့မြဲပြီဆိုလို့ရှိရင်
မင်းနားလည်လာပြီ။ အဘိဓမ္မာ တလုံး၊ သမာဓိ ဟုတ်လား။
အဲဒီလို သင်သွားတာ။ နောက်တော့ သူ ကြိုက်သွားတယ်။
ဗုဒ္ဓကိုးကွယ်ပေမယ့် စည်းကမ်းမရှိလျှင်
**************************************
သုတ္တန် The way of life,
ဝိနည်း discipline,
အဘိဓမ္မာ the nature of our body or our life,
This is Tipitaka, three baskets of Buddha’s teaching
ဘုရားတို့ ရဲ့  အဆုံးအမပိဋကတ် သုံးပုံ။ အဲဒါ ဘာလုပ်ဖို့လဲ။
To be learnt သင်ဖို့။
After learning သင်ပြီးရင် ဘာဆက်လုပ်မလဲ။
To be practiced ကျင့်ဖို့။ ဘာရှိသလဲ။ သီလ သမာဓိ ပညာ။
သီလ ထပ်ပြောစရာ မလိုတော့ဘူး။
Bodily discipline, Verbal discipline.
ကာယကံ စည်းကမ်းသုံးချက် ခုနက ပြောထားတယ်နော်။
ဝစီကံ ပါးစပ်ရဲ့ စည်းကမ်းခြောက်ချက် ခုနက ပြောထားတယ်။
အဲဒီ ကိုယ် နှုတ် နှစ်ပါးရဲ့ စည်းကမ်းတွေကို ဘာခေါ်လဲ။ သီလ။
It is not for worship, not for belief. ဒီပိဋကတ်သုံးပုံကို
I believe in the Tipitaka. ငါ ပိဋကတ်သုံးပုံကို ယုံကြည်ပါ၏။
ဗုဒ္ဓဘာသာ ဖြစ်ရဲ့လား။ I worship the Tipitaka.
ငါ ပိဋကတ်သုံးပုံကို ရှိခိုးပါ၏။ ဗုဒ္ဓဘာသာဖြစ်ရဲ့လား။
မဖြစ်ဘူးနော်။
I am learning. အဲဒါမှ very beginning of Buddhist ဆိုတာ အဲဒါ။
learning သင်ရမယ် နော်။ အဲ ပိဋကတ်သုံးပုံ သင်ပြီးရင်
ဘာဆက်လုပ်မလဲ။ ကျင့်မယ်။ ဘာကိုလဲ သီလ။
ကိုယ်နှုတ်ရဲ့ စည်းကမ်းကို လေ့ကျင့်။ to be a good person.
လူကောင်းတယောက် ဖြစ်လာဖို့ရန်အတွက် သီလအရေးကြီးတယ်။
ကာယကံမှာ စည်းကမ်းရှိရမယ်။ ၀စီကံမှာ စည်းကမ်းရှိရမယ်။
ဒါ religion ကို မဆိုဘူး။ ဘုန်းကြီးတို့က ဓမ္မကို ပြောနေတာ။
religion ကတော့ ကြိုက်တာကို ကိုးကွယ်။ ကိစ္စမရှိဘူး။
ဘာသာ တဘာသာတည်းနဲ့ မလုံလောက်ဘူးဆိုရင် ရှိတဲ့
ဘာသာအကုန် ကိုးကွယ်။ ကိစ္စမရှိဘူး။ သို့သော် အဲဒီစည်းကမ်းတွေ
မလိုက်နာရင် ဒီလူဟာ လူကောင်းကို မဖြစ်ဘူး။ ဒါ အရေးကြီးတာ နော်။
လူကောင်းဖြစ်ရုံနှင့် လူဖြောင့် ဖြစ်ပါ့မလား
*******************************************
ကောင်းပြီ။ ကိုယ် နှုတ်ရဲ့ စည်းကမ်းကို လိုက်နာရင် သီလပြည့်စုံရင်
ဘာဖြစ်သလဲ။ Goog person တဲ့။ လူကောင်း ဒါပေမဲ့ ကာယကံ
စည်းကမ်းကောင်းလို့ မလွန်ကျူးဘူး။ ၀စီကံ စည်းကမ်းကောင်းလို့
ပါးစပ်နဲ့ လွန်ကျူးတာလဲ မရှိဘူး။ ကိုယ်နှုတ်မှာ ဘာပြစ်မှုမှ မရောက်လို့
He, she, they become a good person but there are many many violation.
ဘာလဲ။ ကိုယ်နှုတ်ကတော့ မလွန်ကျူးပါဘူး။ လူ ကောင်းတွေပဲ။
စိတ်ထဲကတော့ သောင်းကျန်းနေတာ အားကြီးပဲ။ အဲဒါ ပိုခက်လာတယ်။
ဒါ another stage. ပိုခက်လာတယ်နော်။ to be right person.
ဖြောင့်မတ်တဲ့လူတယောက် ဖြစ်လာဖို့ရန်အတွက်
We must control our mental violation. စိတ်ရဲ့ ဆူပူသောင်းကျန်းမှုတွေကို
ထိန်းထားရမယ်။ How to control? ဘယ်လိုထိန်းမလဲ ဆိုရင်
ကျင့်နည်းကြံနည်းလေးတွေ ပြောဖို့အချိန် မရဘူး။ သမထကျင့်စဉ်ကို ကျင့်ရင် စိတ်ဓာတ်သောင်းကျန်းမှု အကုန်လုံး ငြိမ်သွားတယ်။
အဲဒါကြောင့် သမထကမ္မဋ္ဌာန်းကို tranquillity meditation လို့
ခေါ်တယ် နော်။
သမထဆိုတဲ့ စကားလုံးလေးက ငြိမ်းချမ်းစေသော ကျင့်စဉ်၊
စိတ်ကို တနေရာတည်းမှာ ထား၊ ၀ီရိယနဲ့ သတိနဲ့ ညှပ်ပြီးတော့ထိန်း။
တနေရာတည်းမှာ ထားလို့ နှာသီးဖျားပဲ ပြောပြော။ ဘယ်နားဖြစ်ဖြစ်ပေါ့။
ဟောဒီ မက်ကရိုဖုန်းလေးပေါ် ထားမလား။ သို့မဟုတ်-ဟောဒီ
မီးတိုင်လေး ထွန်းပြီးတော့ ထားမလား။ သို့မဟုတ် ရေခွက်လေးထဲ
စိုက်ကြည့်နေ။ သို့မဟုတ်လည်း ပန်းပွင့်လေးတပွင့် ရှေ့မှာ လှလှပပထား။
အဲဒီ ပန်းပွင့်လေး စိုက်ကြည့်နေ။ Concentration ရရင် ဒါပြီးတာပဲ။
နည်းပေါင်းလေးဆယ် ရှိတယ်။ ဘာနဲ့ပဲလုပ်လုပ် ဖြစ်တယ်။
ကြိုက်လို့ရှိရင် လုပ်ကြည့်။ မိမိတို့နေတဲ့အခန်းလေးကို လုံနေအောင် ပိတ်။
မနက် နေလာတဲ့အချိန်မှာ အရှေ့က တံခါးပေါက်မှာလေ သေးသေးလေး
ခဲတံလုံးလောက် မရှိတရှိ အပေါက်ကလေး ဖောက်။ အဲဒီက အလင်းရောင်လေး
ဝင်လာမှာ မဟုတ်လား။ အဲဒါတွေကို စိုက်ကြည့် Concentration ဖြစ်ရင်
ဒါလဲ meditation ဖြစ်တာပဲ။ ရတယ်။ ဟာ နောက်လုပ်ချင်သေးသလား။
အ၀ိုင်းလေး တ၀ိုင်းလောက် ပန်းကန်ပြားလောက် ဖြူဖြူစက်ဝိုင်းလေး
တ၀ိုင်းလောက် နံရံမှာ ရေးထား။ အဖြူလေး ချောမွတ် ညီနေရမယ်။
အဲဒါ စိုက်ကြည့်ပြီးတော့ concentrate လုပ်။ အဖြူရောင် မကြိုက်ရင်လဲ
အနီရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အပြာရောင်ပေါ့။
အဲဒါ မကြိုက်ရင်လဲ အ၀ါရောင်ပေါ့။
အဲဒါဟာ ဘာလဲဆိုရင် tranquillity meditation.
အဲဒီလို တခုတည်းသောအာရုံမှာ စိတ်ကိုတင်ထားလို့၊
စိတ်ဟာ မြဲလို့ ငြိမ်နေပြီဆိုလို့ရှိရင်လေ စိတ်ရဲ့ hindrances ခေါ်တဲ့
နီဝရဏတွေ စိတ်ရဲ့ disturbance လို့လဲ ခေါ်မယ်ပေါ့။
အနှောက်အယှက်တွေ၊ အပိတ်အပင် အဆီးအတား စိတ်အညစ်အကြေးတွေ
ရှင်းသွားလို့ ခွက်တခွက်ထဲမှာ ရေထည့်။ ရေဟာ လှုပ်လဲ မနေစေနဲ့။
မီးထိုးထားလို့ အခိုးလဲ ထွက်မနေစေနဲ့။ ဆေးရောင်စုံ ဆိုးထားလို့
ရောင်စုံတွေလဲ ဖြစ်မနေစေနဲ့။ အောက်က အနည်လဲ မထစေနဲ့။
အပေါ်ကဖုံတွေလဲ မလွှမ်းစေနဲ့။ ဘယ်နှစ်ပါးလဲ ။
ရေခွက်ထဲ ငုံ့ကြည့်၊ ဘာတွေ့လဲ။ အရိပ်တွေ့တယ်။ အဲဒီတော့
ညီတွေ ညီမတွေ အားလုံး စိတ်ထဲမှာ အဲဒီလို အပြစ်ငါးပါးကင်းတဲ့
ကြည်အေး ငြိမ်နေတဲ့ စိတ်ကလေး ဖြစ်လာအောင် သမထကျင့်စဉ်ဆိုတာ
ကျင့်ကောင်းတယ်။ ဘယ်သူကျင့်ကျင့် Buddhist or non Buddhaist,
Christion or Islam or Hindu or anybody can practice,
anybody can attain the mental happiness. ဘယ်သူမဆို
စိတ်ချမ်းသာခြင်းကို ရနိုင်တယ်။ စိတ်သောင်းကျန်းမှုတွေကို ငြိမ်စေတဲ့
နည်းဟာ ဒီနည်းပဲ ရှိတယ်။ It is not religion. It is not for worship.
It is not for belief but to be into practice ကျင့်မှ ရမယ်။
ယုံကြည်နေရုံနဲ့ ရမှာမဟုတ်ဘူး။
ဆေးသောက်ဖြစ်အောင် သောက်ကြပါ
****************************************
ငါ ဖျားနေတယ်။ အဖျားပြတ်ဆေး ငါ ယုံကြည်ပါတယ်နော်။
ဘယ်တော့မှ အဖျားမပျောက်ဘူး။ ဆရာဝန်ကြီးက ရေးပေးလိုက်တယ်။
မင်း အဖျား ဘာကြောင့်ဖျားတာ။ ဒီဂရီ ဘယ်လောက်ရှိတယ်။
ဘာအစားရှောင်။ အစာအိမ် ဘာဖြစ်နေတယ်။ ဘာဆေးသောက်။
မနက်ဘယ်နှစ်လုံး။ ည ဘယ်နှစ်လုံး။ နေ့ ဘယ်နှစ်လုံးသောက်၊
ရေးပေးလိုက်တယ်။ ဆရာဝန်ကရေးပေးတာ။ ဟာ သိပ်တော်တဲ့
ဒေါက်တာဆိုပြီး ကိုယ့်နေရာကိုယ် ရောက်တော့ ဆေးပုလင်းလေး ဘေးချ။
ဆေးပုလင်းလဲ ယုံကြည်တယ်။ ဆရာဝန်လဲ ယုံကြည်တယ်။
ဆေးအညွှန်းလဲ ယုံကြည်တယ်။ ဆေးအညွှန်းကြီးဖတ်နေ၊
ရောဂါ ပျောက်မလား။
ဒီကနေ့ ကမ္ဘာလူသားတွေက ဆေးညွှန်းတောင် ကောင်းကောင်း
မဖတ်ချင်တော့ဘူး ဖြစ်လာတယ်။ ပိဋကတ်သုံးပုံဆိုတာ ဆေးညွှန်းတွေ
ဟုတ်လား။ အခုပြောနေတာ သီလ သမထ။ နောက် တတိယအဆင့် ၀ိပဿနာ။
အဲဒါ ဆေးနော်။ သီလဆေး သောက်ရင် ကာယကံ ၀စီကံမှာ ဘာဖြစ်လဲ
အပြစ်ကင်းသွားမယ်။ သမထ ဆေးသောက်ရင် မနောကံ စိတ်ရဲ့
သောင်းကျန်းမှုတွေ ငြိမ်းအေးသွားမယ်နော်။ ၀ိပဿနာဆေးကို
သောက်မယ်ဆိုရင်တော့ စိတ်ရဲ့ ဟိုအထဲမှာ စွဲနေတဲ့ ရောဂါရဲ့
အမြစ်ကို ဆရာက ဆေးကောင်းကောင်းနဲ့ နုတ်လိုက်သလိုပေါ့။
ဝိပဿနာများ လုပ်လိုက်ပြီဆိုလို့ရှိရင် စိတ်အညစ်အကြေးတွေ
အကုန်လုံး သန့်ရှင်းသွားမယ်။
သူတော်သူမြတ်ဖြစ်ချင်လျှင်
***************************
You will attain purification of mind in this very life.
စိတ်ရဲ့ သန့်ရှင်းမှုကို ရသွားမယ်။ At that time, you will become
a noble person. ဘယ်နှစ်ဆင့်လဲ။ To be a good person
လူကောင်းတယောက်ဖြစ်ဖို့ practice Sila, To be a right person.
ဖြောင့်မတ်တဲ့စိတ် ပိုင်ရှင်တယောက် ဖြစ်လာဖို့ရာအတွက်
You should practice Samatha. To be a Noble person,
စာလုံးပေါင်း မမှားစေနဲ့။ သူတော် သူမြတ်တယောက် ဖြစ်လာဖို့အတွက်
We should practice insight meditation, Vipassana.
ဝိပဿနာဆိုတာ ဘာလဲဆိုရင် စောစောက ပြောခဲ့ပြီ။ ဟို အမေရိကန်ကြီးကို
အဘိဓမ္မာ ဖတ်ဆိုတော့ ဘုန်းကြီး ဘယ်မှာဖတ်ခိုင်းလဲ။
ကိုယ်ထဲမှာ ဖတ်ရတယ်။ ၀ိပဿနာဆိုတာ ကိုယ့်ကိုယ်ထဲရှိတဲ့ အရှိတွေကို
အရှိအတိုင်း သိအောင်၊ အဲဒီ အရှိတရားတွေ တခုနဲ့တခု ဘယ်လို
interdepdndent ဖြစ်ပြီးတော့ တည်ဆောက်ထားတယ်ဆိုတာကို
အမှန်အတိုင်း မြင်အောင် ကြည့်တဲ့နည်းဟာ ဘာလဲ ၀ိပဿနာ ပဲ။
အဲဒီဝိပဿနာ အားထုတ်လို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး
ဘာဖြစ်လဲ။ သန့်ရှင်းသွားတယ်။ အဲဒီတော့ ထိုသူ ဘာဖြစ်လဲ။
Noble person သူတော်သူမြတ်တယောက် ဖြစ်လာမယ်။
ဘယ်နှစ်ဆင့်လဲ သီလကျင့် လူကောင်းဖြစ်မယ်။ သမထကျင့်
လူဖြောင့်ဖြစ်မယ်။ ၀ိပဿနာကျင်ရင် သူတော်သူမြတ်တယောက်
ဖြစ်လာမယ်။
ကျင့်စဉ် ဘယ်နှစ်မျိုးလဲ သီလ သမာဓိ ပညာ- ဒီသုံးမျိုးက ဘာလုပ်မလဲ။
To be practice အဲဒီ သီလ သမာဓိ ပညာ သုံးမျိုးကို ကျင့်လိုက်လို့ရှိရင်
We will realize the true nature of our life. ဘ၀ရဲ့ အမှန်တရားတွေကို
နားလည်လာမယ်။ ဘ၀အမှန်ဆိုတော့ သစ္စာတရားပေါ့။
ဒါကြောင့် ဗုဒ္ဓရဲ့ အဆုံးအမများသည် ကိုးကွယ်ဖို့ religion မဟုတ်ဘူး။
သင်ဖို့ ဓမ္မ နော်။ ရှိခိုးဖို့ ယုံကြည်ဖို့ religion မဟုတ်ဘူး။ ကျင့်ဖို့ ဓမ္မ။
ယုံကြည်နေရုံမျှနဲ့ လုံလောက်တဲ့ Religion မျိုး မဟုတ်ဘူး။
သိရှိနားလည်အောင် လုပ်ရမယ့် ဓမ္မ။ အဆင့် ဘယ်နှစ်ဆင့်လဲ။
ဓမ္မအဆင့် သုံးဆင့်ကို ကျင့်ရင် ဒီပုဂ္ဂိုလ်တွေ ဓမ္မအဆင့် ဘယ်နှစ်ဆင့်
တက်လာမလဲ။ to be a good person, to be a right person,
to be a noble person. လို့ ဘ၀အဆင့် သုံးဆင့် မြင့်တက်လာမယ်။
လူသားတိုင်းရဲ့ ဘ၀ကို အဲဒီလို အဆင့်ဆင့် မြင့်တက်စေတဲ့
အဆုံးအမများကို ဘာခေါ်လဲ။
Buddha’s teaching ဒီလို ခေါ်ပါတယ်။
*********************************
သီတဂူ ဆရာတော်
အကြောင်း အကျိုး
အကြောင်း အကျိုး
~~~~~~~~~~~~~~
““ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ။ တေသဉ္စ ယော နိရောဓော၊ ဧ၀ံ ၀ါဒီ မဟာသမဏော။””
ယေ ဓမ္မာ- အကြင် အကျိုးတရားတို့သည်၊ ဟေတုပ္ပဘ၀ါ - အကြောင်းတရားကို အခြေခံ၍ ဖြစ်ပေါ်လာကြပေကုန်၏၊ တေသံ- ထိုအကျိုးတရား တို့၏၊ ဟေတုံ- အကြောင်းစစ် အကြောင်းမှန်ကို၊ တထာဂတော - မြတ်စွာဘုရားသည်၊ အာဟ -ဟောတော်မူခဲ့လေပြီ။
UNICODE
လေလာတဲ့အရပ်ကို ကျောပေးပါ
တစ်နေ့မှာတော့ အမတ်ကြီးနဲ့ ဘုရင့်သားဟာ ဆိပ်ကမ်းတစ်ခုကို ထွက်လာခဲ့ပါတယ်။ ပြီးတော့ အဲဒီဆိပ်ကမ်းမှာ လိုက်လံလေ့လာကြတယ်။ မင်းသား သတိထားမိတာတစ်ခုကတော့ ရွက်လှေပဲ။ ရွက်လှေတွေဟာ အရွယ်အစားကြီးမားပြီးတော့ လေးလံပေမဲ့ ရွက်တွေချလိုက်တဲ့အခါမှာ အလျင်အမြန် သွားတတ်ကြတယ်။
မင်းသားက " အမတ်ကြီးရွက်လှေတွေဟာ အဘယ်ကြောင့် မြန်မြန်ပို၍သွားရသနည်း"
အမတ်ကြီးက " အရှင့်သား ရွက်လှေတွေဆိုသည်မှာ လေ၏သယ်ယူဆောင်မမှုကို အဓိကထား၍သွားနေကြခြင်းဖြစ်သည်။ ရွက်လှေတို့မည်သည် လေလာရာအရပ်ကို ကျောပေးပြီးတော့ ရွက်လွှင့်မှသာ ရှေ့သို့ရောက်မည်ဖြစ်ပြီး လေတိုက်ရာအရပ်သို့ မျက်နှာမူ၍သွားသော် ခရီးရောက်သည်မရှိ။"
အရှင့်သားမှတ်သားထားပါ။
လူ့ဘဝမှာလဲ ဒီလိုပါပဲ။ မိမိလုပ်ကိုင်နေတဲ့ အလုပ်တွေမှန်သမျှအပေါ် တွန်းအား သက်ရောက်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ မနာလို ဘေးပြောမှုတွေ အမှားအယွင်းတွေ ကြုံတွေ့လာရတတ်ပါတယ်။ အဲဒီတော့ မနာလိုဘေးပြောမှုတွေကို လှည့်ပြီးရင်ဆိုင်နေရင်၊ဖြစ်ခဲ့တဲ့ အမှားအယွင်းတွေကိုလှည့်ကြည့်နေပြီး ဆက်လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့ဘူး၊ စိတ်ဓါတ်ကျနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ခရီးကိုရောက်ဖို့ နှောင့်နှေးတတ်ပါတယ်။ဖြစ်ခဲ့ဖူးတဲ့ အမှားအယွင်းတွေကိုသင်ခန်းစာယူပြီး ၊ဘေးပြောမှုတွေကို လေတိုက်နှုန်းလို့ သဘောထားပြီးတော့ ကျောခိုင်းပေးလိုက်မယ်ဆိုရင် ကိုယ်လိုရာခရီးကို လျှောက်လှမ်းနိုင်တဲ့ အင်အားတွေဖြစ်သွားပြီးတော့ အရှင့်သားကို မြန်မြန်ခရီးတွင်စေမှာဖြစ်ပါတယ်။ ။
မောင်စိုင်း
စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဆိုတာ
စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဆိုတာ
""""""""""""""""""""""""""""
ပထမအနေနဲ့ ရတနာသုံးပါး (သို့) ဘုရား,တရား,သံဃာ တို့ကို မယိမ်းမယိုင် ယုံကြည်သူဖြစ်ရမည် ။
Art first he must unshakable faith in Three Gems or Three objects of veneration.
ဒုတိယအချက်အနေနဲ့ ကံ (သို့) ကံ,ကံ၏ အကျိုးကို ခိုင်မြဲ စွာ ယုံကြည်သူ ဖြစ်ရပါမည် ။
Thirdly,he must believe and observe the five precepts firmly.
တတိယအချက်အနေနဲ့ ငါးပါးသီလကို ယုံကြည် စောင့်ထိန်းလိုက်နာသူဖြစ်ရပါမည်။
A Buddhist should not be a Buddhist for name sake only. He must practically abides by the teachings of Buddha,only then will be he a real and good Buddhist.
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓဘာသာဝင် အမည်ခံသက်သက်သာ မဖြစ်သင့်ပဲ ဗုဒ္ဓ၏ အဆုံးအမများကို သစ္စာရှိစွာလိုက်နာ ကျင့်သုံးရန်လိုအပ်ပါသည်။သို့မှာသာလျင် ကောင်းမွန်သော ဗုဒ္ဓဘာသာဝင်စစ်စစ် ဗုဒ္ဓဘာသာဝင်ကောင်းကောင်း ဖြစ်လာပါမည်။
မြတ်စွာဘုရားနှင့် တပည့်သာဝကတို့ကို လုပ်ကျွေးခြင်း
မြတ်စွာဘုရားနှင့်တပည့်သာဝကတို့ကို လုပ်ကျွေးခြင်း
*****************************************
မင်းနန် (မော်ကျွန်း)
''တပည့်တော်ကိုသနားလျှင်ခွင့်ပြုပါ။ တစ် သံသရာလုံး တပည့်တော်ရဲ့ လက်တွေခြေတွေဟာ သား ကျွန်၊ မယားကျွန်ပဲ ဖြစ်ခဲ့ရပါတယ်။ ကံကောင်းထောက်မ လို့ သာသနာနဲ့ကြုံတုန်း သာသနာ့ကျွန်၊ သံဃာ့ကျွန် အမှု ပြုခွင့်ပေးကြပါဘုရား''
အထက်ပါစကားကို မိန့်တော်မူသော ထေရ် အရှင်မြတ်မှာ သာသနာသမိုင်းဝင် ထင်ရှားသော ကျေး ဇူးတော်ရှင် လယ်တီဆရာတော်ကြီး ဖြစ်တော်မူပါသည်။ ဆရာတော်ကြီးသည် မုံရွာမြို့တွင်းသို့ ဆွမ်းခံကြွစဉ်တိုင်း ရေအိုး၊ တံမြက်စည်းများကို သပိတ်နှင့်တကွ ယူဆောင် ကြွသွားလေ့ရှိပါသည်။
ရွှေစည်းခုံဘုရားအနီးရှိ ချောက် ကြီးများကို မြေဖို့ခြင်း၊ လမ်းခင်းခြင်းများကို ပြုတော် မူပါသည်။ မိမိ၏ ကျောင်းတိုက်၌သာမဟုတ်မူ လျက် တခြားဘုန်းကြီးကျောင်းများတွင်ပင် ကုဋီ မှအစ ရေခပ်လောင်းထည့်ခြင်း၊ တံမြက်လှည်းခြင်း များ ပြုတော်မူပါသည်။
ရတနာသုံးပါးဝတ်ကို အနှစ် နှစ်ဆယ်ကျော် ဆောင်ရွက်တော်မူသော ဆရာတော် ကြီးက ''ခန္ဓာကိုယ် အငှားနွားကြီးကို တန်အောင်ခိုင်းမှ ဟေ့''ဟုလည်း မိန့်တော်မူလေ့ရှိပါ၏။
နေ့စဉ်နှင့်အမျှ မိမိတို့ကျောင်းသို့လာရောက် ၍ ရေခပ်၊ တံမြက်လှည်းနေသော လယ်တီဆရာတော် ကြီးကို မြို့တွင်းကျောင်းခံဘုန်းကြီးများက အားနာလွန်း သဖြင့် ''လယ်တီဘုန်းကြီး သည်လိုမလုပ်ပါနဲ့။ သည်းခံ ပါတော့၊ တော်လောက်ပါပြီ''ဟု တောင်းပန်ကြသော ကြောင့် (ဤဆောင်းပါးအဖွင့်တွင် ဖော်ပြထားသော) အ ထက်ပါစကားကို ပြန်လည်မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။
ဆရာတော်ကြီးသည် သံဃာတော်များကို ဆွမ်းခံကျွေးရုံမျှမက ဆွမ်းစားပြီးလျှင်လည်း သံဃာ များ ဘုဉ်းပေးပြီးသော ပန်းကန်ခွက်ယောက်များကို ကိုယ်တိုင် ဆေးကြောတော် မူပါသည်။ မမာမကျန်းဖြစ်နေ သော ဂိလာနသံဃာတော်များကို လည်း ကိုယ်တိုင်ပြုစုတော်မူပါသည်။ ကျေးဇူးတော်ရှင် လယ်တီဆရာတော် ကြီး၏ 'ဗုဒ္ဓဝေယျာဝစ္စ' 'သံဃာ့ ဝေယျာဝစ္စ' ဆောင်ရွက်တော်မူပုံ မှာ စံပြုအတုယူဖွယ်ကောင်းလှသလို ကြည်ညိုဖွယ်လည်း ဖြစ်ပါ၏။
ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုး ကွယ်သော ဗုဒ္ဓဘာသာဝင်များသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို နှလုံးသွင်းဆင်ခြင်လျက် စွမ်းနိုင်သမျှ ဗုဒ္ဓဝေယျာဝစ္စ၊ သံဃာ့ဝေယျဝစ္စတို့ကို ဆောင်ရွက်သင့်ပါ သည်။ စင်စစ် ဝေယျာဝစ္စဆောင်ရွက်ခြင်းသည် 'စရဏ ကုသိုလ်'ဖြစ်ပါ၏။
မျက်မှောက်အချိန်အခါတွင် ဘုရား ရှင် သက်တော်ထင်ရှားမရှိစေကာမူ ဘုရားရှင်ကိုရည် မှန်း၍ ကိုယ်တော်အစား တည်ထားကိုးကွယ်သော ရုပ် ပွားဆင်းတုတော်များကား မြို့တိုင်းရွာတိုင်းတွင်ရှိသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အိမ်တိုင်းတွင်ရှိသည်။
ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် မိမိ၏ အိမ်ဂေ ဟာတွင် ကိုးကွယ်ထားရှိသော ရုပ်ပွားဆင်းတုတော်ကို သက်ရှင်ထင်ရှားပမာ သဘောထားလျက် ရိုရိုသေသေ၊ လေးလေးမြတ်မြတ် ဆည်းကပ်ကိုးကွယ်ရမည်ဖြစ်ပါ သည်။
မိမိအိမ်ရှိ ဘုရားရှင် သီတင်းသုံးတော်မူရာ ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးမှန်မှန်ဆောင် ရွက်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး အမွှေးနံ့သာတို့ဖြင့် အချိန်မှန်ပူဇော်ခြင်း၊ နေ့စဉ်ဝတ်မပျက် ရှိခိုးပူဇော်ခြင်း တို့ပြုရမည်။ သပိတ်၊ ဟင်းပန်းကန်၊ သောက်တော်ရေ ခွက် စသည့် ဘုရားရှင်၏ အသုံးအဆောင် ပစ္စည်းတို့ကို သန့်ရှင်းတောက်ပြောင်စေရန် တိုက်ချွတ်ဆေးကြောမှု ပြုရပေမည်။
ထို့ပြင် ဆင်းတုတော်အား ရေသပ္ပာယ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူ ခြင်းတို့ကို အခါအားလျော်စွာပြုရပေမည်။ ဘုရားကျောင်းဆောင် ရှေ့တွင် မဖွယ်မရာသော အပြုအမူ၊ အပြောအဆိုတို့ကို ဘုရား ရှင်အပေါ် ဂါရဝထားသောအားဖြင့် မပြုမိစေရန်၊ စောင့်စည်း ဆင်ခြင်သင့်ပါသည်။ ထို့ပြင် မိမိတို့မြို့နယ်ရှိ ဘုရားစေတီ များသို့ အဖူးအမြော်သွားရောက်ပြီး ဆီမီး၊ နံ့သာတို့ ကပ်လှူပူ ဇော်ဝတ်ပြုရှိခိုးခြင်း၊ တံမြက်လှည်းခြင်း၊ ပန်းအိုးများ ရေလဲလှယ် ပေးခြင်း အစရှိသော ဝေယျာဝစ္စကောင်းမှုများ ပြုသင့်ပါသည်။
သံဃာတော်အရှင်မြတ်များနှင့် စပ်လျဉ်း၍လည်း မိမိ၏နေအိမ်သို့ ဆွမ်းခံကြွရောက်သော သံဃာတော်များကို ရိုရိုသေသေ ဆွမ်းလောင်း လှူသင့်ပါသည်။ ထို့ပြင် ဆွမ်းခံကိုယ် တော်၏ လိုအပ်ချက်ကို မေးမြန်းလျှောက်ထား၍ မိမိစွမ်းနိုင် သမျှ ငွေကြေးဖြင့်ဖြစ်စေ၊ လုပ်အားဖြင့်ဖြစ်စေ ဖြည့်ဆည်းပေး သင့်ပါသည်။ ဥပမာအားဖြင့် စာသင်သားသံဃာအတွက် ဗလာ စာအုပ်၊ ဘောပင် စသည် လိုအပ်လျှင် လှူဒါန်းသင့်ပါသည်။
ခရီးသွားလာစရာရှိသည်ဆိုလျှင်၊ သင်္ဘောလက်မှတ်၊ ကားလက် မှတ်တို့ကို ဝယ်ယူစီစဉ်ပေးသင့်ပါသည်။ ငွေကြေးမချမ်းသာသူ တို့အဖို့မူ မိမိ၏ဥာဏအား၊ ကာယအားဖြင့် သံဃာတော်တို့၏ အရေးအရာအဖြာဖြာကို ကုသိုလ်ယူ ဆောင်ရွက်ပေးသင့်ပါ သည်။ မိမိတို့ကိုးကွယ်ရာ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် သာသနာရေးဆိုင်ရာ အခမ်းအနားများ၊ အလှူမင်္ဂလာပွဲများ ကျင်းပလျှင် မိမိစွမ်းနိုင်သမျှ လုပ်အားပါဝင်ကုသိုလ်ယူဆောင် ရွက်သင့် ပါသည်။
ဗုဒ္ဓဂုဏ်၊ သံဃာ့ဂုဏ်ကို အဖန်ဖန်အောက်မေ့နှလုံးသွင်းခြင်း
ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါး ကို ကိုးကွယ်သော ဗုဒ္ဓဘာသာဝင်များသည် သြကာသဘုရား ရှိခိုးဖြင့်ဝတ်ပြုရာ၌ ရတနာသုံးပါး ဂုဏ်တော်များကို ရွတ်ဆိုကန် တော့ကြပါသည်။ ထိုသို့ ရွတ်ဆိုကန်တော့စေကာမူ ဂုဏ်တော် တစ်ပါးချင်းစီ၏ အနက်အဓိပ္ပာယ်တွေကို သိရှိသူတွေရှိသလို မသိရှိသူတွေလည်း အများအပြားပင်။ အမှန်တော့ ဂုဏ်တော် တစ်ပါးချင်းစီ၏ အနက်အဓိပ္ပာယ်ကိုသိရှိအောင် လေ့လာသင့် ပါသည်။ ဂုဏ်တော်တစ်ပါးချင်းစီ၏ အနက်အဓိပ္ပာယ်ကိုသိရှိ မှသာ နှလုံးသွင်း ဆင်ခြင်နိုင်ပါလိမ့်မည်။
ပါဠိသက်သက်၊ အနက် မသိဘဲ ရွတ်ဖတ်နေလျှင် နှလုံးသွင်း ဆင်ခြင်နိုင်မည်မဟုတ်ပါ ချေ။
ဥပမာအားဖြင့် 'အရဟံ'ဟုရွတ်ဆိုရာတွင် အရဟံ ဂုဏ်တော်၏ အနက်အဓိပ္ပာယ်ဖြစ်သော ''ကိလေသာဟူသော အပူအညစ်ခပ်သိမ်းတို့မှ ကင်းငြိမ်းစင်ဖြူ၍ နတ်၊ လူ၊ ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပေသော မြတ် စွာဘုရား''ဟူသည်ကို သိဖို့လိုပါသည်။
ဤသို့သိရှိမှသာ နှလုံး သွင်း ကြည်ညိုနိုင်မည်ဖြစ်ပါသည်။ သံဃာဂုဏ်တော်များကို နှလုံးသွင်းရာတွင်လည်း ဂုဏ်တော်တစ်ပါးချင်းစီ၏ အနက် အဓိပ္ပာယ်ကို သိရှိပြီးမှ နှလုံးသွင်းဆင်ခြင်နိုင်ပါလိမ့်မည်။ ဥပမာ အားဖြင့် ''သုပ္ပဋိပန္နော''ဟု ရွတ်ဆိုရာတွင် ၄င်းဂုဏ်တော်၏ အနက်အဓိပ္ပာယ်ဖြစ်သော ''မြတ်စွာဘုရား၏ တပည့်သား သံဃာတော် အပေါင်းသည် ရာဂ၊ ဒေါသ၊ မောဟကင်းအောင် သီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကို ကောင်းစွာကျင့်ကြံ တော်မူပါ၏''ဟု သိဖို့လိုပါသည်။ ထိုသို့သိရှိမှသာ ကောင်းစွာ နှလုံးသွင်း ကြည်ညိုနိုင်ပါလိမ့်မည်။
ဂုဏ်တော်များကို မြန်မာအဓိပ္ပာယ်သိရှိအောင် အား ထုတ်ပြီး မြန်မာလိုပွားများခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း အရှင်ဆန္ဒာဓိကဆရာတော် က ဤသို့မိန့်တော်မူခဲ့ပါ၏။
''ဂုဏ်တော်များကို ကြည်ညိုဖို့ဆိုရင် ဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကိုသိရမယ်။ သိထားတဲ့အဓိပ္ပာယ်ကိုလဲ ထပ်တလဲလဲ ပွားများရပါမယ်'' ပါဠိသက်သက် ပွားများရမှာမဟုတ်ပါဘူး။ ကိုယ်သိထားတဲ့ မြန်မာလိုအဓိပ္ပာယ်တွေကို ထပ်တလဲလဲပွား များရမှာ။ ထပ်တလဲလဲ စဉ်းစားရမှာ။ ပါဠိသက်သက်ရွတ်ပွားတာ မှားတယ်လို့မဆိုလိုပါဘူး။ မှန်ပါတယ်။ ကုသိုလ်လည်း ရသင့်သ လောက် ရပါတယ်။ ဒါပေမဲ့ မြန်မာလိုပွားများတာလောက် တော့ ရင်ထဲ၊ နှလုံးသားထဲ မရောက်ပါဘူး။ ကိုယ့် အတွင်းစိတ် ထဲကနေ လှိုက်လှိုက်လှဲလှဲ ကြည်ညို ဝမ်းမြောက်တာမျိုး မဖြစ် နိုင်ပါဘူး။ ဓာတ်ကူးစက်မှုအားလဲ သိပ်ကိုနည်းပါးတယ်။ မြန် မာစကား အမြဲသုံးနှုန်းနေတဲ့ လူတစ်ယောက်အတွက် ဂုဏ်တော် တွေကို မြန်မာလိုပွားများတာ အကောင်းဆုံးပါပဲ။ ကြည်ညို ဝမ်းမြောက်စိတ်လဲ ပိုအားကောင်းသလို ဓာတ်ကူးစက်မှုလဲ ပိုမိုနက်ရှိုင်းပါတယ်''
ဆရာကြီးဓမ္မာစရိယဦးဌေးလှိုင်က ''ရတနာသုံးပါး ကျေးဇူး''စာအုပ်(စာမျက်နှာ ၂၂၁)တွင် ''လက်တွေ့ဂုဏ်တော် ပွားပုံ''ကို ဤသို့ရေးသားခဲ့ပါသည်။
၁။ ဂုဏ်တော်များကိုမပွားများမီ ကိုယ်ခံဓာတ်များစင်ကြယ် သန့်ရှင်းအောင် သီလဖြင့် ဦးစွာဆေးကြောထားရမည်။ ပြီးလျှင် ခန္ဓာကိုယ်ကို ဘုရားလှူပါ။
၂။ ဂုဏ်တော်ပါဠိအနက် မြန်မာပြန်များကို ကျေညက်နေ အောင် အရကျက်ထားရမည်။ ရွတ်ဖတ်သရဇ္ဈာယ်နေရ မည်။ (ပွားများခြင်းမဟုတ်သေး)။
၃။ မိမိသဘောပေါက်သလို ကြောင်းကျိုးဆက်နွှယ်၍ အ လှယ်လှယ်၊ အပြန်ပြန် အနုလုံ၊ ပဋိလုံ ဂုဏ်တော်အားလုံး ကိုဖြစ်စေ၊ ကြိုက်နှစ်သက်ရာ ဂုဏ်တော် တစ်ခုခုကိုစွဲ၍ ဖြစ်စေ ပွားများနိုင်ပါသည်။ (လောကီမျှော်လင့်ချက်မထား ပါနှင့်)။
၎။ ပွားများသောအခါ ကမ္မဋ္ဌာန်းထိုင်သလိုထိုင်၍ ခါးအထက် ပိုင်းကို မတ်မတ်ထား၍ဖြစ်စေ၊ သွားလာလုပ်ကိုင်းရင်း၊ စားသောက်အိပ်နေရင်းဖြစ်စေ ပွားများနိုင်သည်။ အထူး သဖြင့် နှုတ်က လုံးဝမရွတ်ဆိုရ၊ ကျက်မှတ်ထားသည့်အ တိုင်း စိတ်ထဲကသာ ပြန်လှန်ရွတ်ဆို၍ စဉ်းစားနေရမည်။ (ဒါကိုပင် ရှုသည်၊ မှတ်သည်၊ ပွားသည်၊ သမထလုပ်သည်၊ ဘာဝနာပွားသည်၊ ကမ္မဋ္ဌာန်းထိုင်သည်ဟုခေါ်၏။ ပုတီး မလို၊ ထိုသတိရသောစိတ်တွေ များများကြီးလုပ်နိုင်မှုသာ ပဓာနဖြစ်၏။
၅။ စိတ်ကို အပြင်အာရုံများနောက်သို့ လိုက်မသွားစေရ။ ပုံသဏ္ဌာန် အရိပ်၊ နိမိတ်များဝင်လာသော်လည်း လက်ခံ လိုက်ပါသွားခြင်းမရှိစေရ။ လျစ်လျူရှုထားပြီးလျှင် ဂုဏ် တော်အပေါ်၌သာ စိတ်ကို စူးဝင်နေအောင် စိုက်ချထား ရမည်။
၆။ ဂုဏ်တော်တစ်ခုတည်း၊ သိစရာ(အာရုံ)တစ်ခုတည်း ထား ရသဖြင့် စိတ်မငြိမ်၊ ပျင်းရိပျံ့လွင့်မှုရှိနေလျှင် တခြားဂုဏ် တော်တစ်ခုသို့လှည့်၍ ပွား၊ အနေအထိုင် ဣရိယာပုတ် ကိုလည်း ပြောင်းလွှဲပေး။
၇။ အသက်မှန်မှန်ရှူ၊ လုံချည်လျော့လျော့ဝတ်၊ လုပ်စတွင် မိမိလုပ်နိုင်သော အင်အားနှင့် အခြေအနေ၏ သုံးပုံတစ်ပုံ လောက်ကသာ စပါ။ လောဘမကြီးရ။ ဝတ်မှန်ဖို့အရေး ကြီးသည်။ (တစ်ပတ်၊ တစ်နေ့-၁၅မိနစ်ခန့်)။
၈။ ရှုပွားသောအခါ အပူ၊ အအေး၊ ဗိုက်နာ၊ ခေါင်းနာစသော ရောဂါ၊ အသံဗလံနှင့် ခြင်၊ ပုရွတ်ဆိတ်စသော အတွင်းအ ပြင်ရန်သူများကို သည်းခံနိုင်မှသာ သမာဓိရလွယ်မည်။
၉။ ရှုပွားစဉ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးပုံတော် ထင်မြင် သွားလျှင်လည်း ထင်ပစေ။ ပုံတော်ထင်လာလျှင် ဦးစား မပေးဘဲ အာရုံအသိလွှဲ၍ ဂုဏ်တော်ထိ ဆိုက်အောင် သမာဓိစိုက်ပြီး မလွတ်အောင်ဖမ်း။
၁ဝ။ ပီတိစသော အရသာပေါ်လာလျှင် နှစ်ရက်၊ သုံးရက်တွင် ပေါ်နိုင်၏။ အရသာခံမနေနှင့်။ ဂုဏ်တော်ကျေးဇူးတော် နှင့်စပ်သော အသိဥာဏ်ရင့်ကျက်အောင် ဝီရိယကို မြှင့် တင်ပြီး သမာဓိစိုက်ထား။ တစ်နေ့ထက်တစ်နေ့ ယုံကြည်မှု နှင့်အတူ သိပုံလေးနက်လာမှ တိုးတက်သည်။
၁၁။ ဂုဏ်တော်များသည် 'သဒ္ဓါအင်အား'များကို များစွာနှိုးဆွ ဖွင့်ဖော်ပေးတတ်၏။ အသိဥာဏ်အထိန်းမပါသော ယုံ လွယ်မှုသည် အလှည့်စားခံရတတ်၏။
အင်္ဂုတ္တရနိကာယ်၊ အနတ္တရိယဝဂ်၊ အနတ္တရိယသုတ် တွင် မြတ်စွာဘုရားက ''အမြတ်ဆုံးတရားခြောက်ပါး''ကို ဟော ဖော်ညွှန်ပြရာတွင် ဆဋ္ဌမမြောက် အမြတ်ဆုံးတရားမှာ ''ဗုဒ္ဓ ဂုဏ်၊ သံဃဂုဏ်ကို အဖန်ဖန်အောက်မေ့ နှလုံးသွင်းခြင်း''ဖြစ် လေရာ ထိုအမြတ်ဆုံးတရားကို ရရှိအောင် စွမ်းနိုင်သမျှ ကြိုး ပမ်းအားထုတ်သွားသင့်ပါသည်။
လောကဓံ နှင့် လူ့အားမာန်
`အတ္တာဟိ အတ္တနောနာထော ၊ ကောဟိနာထော ပရောသိယာ´
`မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်အံ့နည်း´ ဟူ၍ မြတ်ဗုဒ္ဓ မိန့်ဆိုတော် မူပါသည်။
မိမိကိုယ်ကို မိမိ ယုံကြည်ခြင်း (self confidence) သည် `မိမိ ကိုယ်ကို အားကိုးခြင်း´ ဟူသော အချက်နှင့် ဆက်စပ်နေသည့် အရည်အသွေး တစ်ခုပင် ဖြစ်ပါသည်။
လောကဓံတရား ရှစ်ပါးကို ကြံ့ကြံ့ခံ နိုင်သည့် စွမ်းရည် ပြည့်မြောက်စေရန် အထူးပင် ကြိုးစားသင့်လှ၏။
. ဘဝ သည် တို၏။
. သံသရာကား အနတဂ္ဂမ ဟု ဆိုရလောက်အောင် များမြောင် ရှည်လျားလှပါပေ၏။
. အသိဝင် သတိဆင်ခြင် နိုင်ကြပါစေကြောင်း မေတ္တာ စေတနာ များစွာဖြင့် . . . . .
ငါးပါးသီလ လူ့အလှ
ငါး ပါး သီ လ လူ့ အ လှ
...................................
. ဒါန၊ သီလ၊ သမထ၊ ဘာဝနာ ဟူသော ဗုဒ္ဓဘာသာဝင် တို့၏ ကျင့်စဉ်ကြီး(၄)ရပ်တွင် "သီလ"သည် အခြေခံ ကျင့်ဝတ် ဖြစ်ပါပေ၏။
. သီလ ဟူသော အခြေခံကျင့်စဉ်အပေါ် မူတည်ပြီးမှသာ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်များကို ထူထောင်၍ ရနိုင်မည် ဖြစ်ပါသည်။
. သီလနှင့်ပတ်သက်၍ တိပိဋကဓရ ယောဆရာတော်ကြီး ၏ မှတ်သားနာယူဖွယ် အလွန်ကောင်းလှသော မိန့်တော်မူချက်ကို ပြန်လည်မျှဝေ ကုသိုလ်ပြုလိုပါ၏~
" ကိုယ်နဲ့ နှုတ်ကို လမ်းမချော်အောင် စည်းကမ်းဘောင် အတွင်းမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းတာကို သီလ လို့ ခေါ်ပါတယ်။ တစ်နည်းပြောရလျှင် အပြော၊ အလုပ်၊ အသက်မွေးမှု အပြစ်ကင်းစင် မှန်ကန်ခြင်းကို သီလ လို့ ခေါ်ပါတယ်။ လူနဲ့တူအောင်၊ လူအစစ်ဖြစ်အောင် စည်းကမ်း ထိန်းသိမ်းခြင်းပါပဲ။
အရှက်၊ အကြောက် နှစ်ပါးရှိမှ သီလ လုံခြုံတယ်။ သီလဆိုတာ ရောဂါ အမျိုးမျိုးတွေနဲ့ ဆက်ဆံ နေတဲ့ အနှစ်မဲ့ ခန္ဓာကိုယ်ထဲက အနှစ်ထုတ်ယူနေခြင်းလည်း ဖြစ်တယ်။ လူ့ဘဝ၏ အလှတန်ဆာ ဖြစ်၍ သံသရာခရီး မှာ ကောင်းရာရောက်ရန် လျှောက်လှမ်းမည့် အမာခံလမ်းကြောင်း လည်း ဖြစ်တယ်။
ကိုယ်ကျင့်သီလဟာ စွမ်းအားနဲ့ ဆောက်တည်ရာကိုလည်း ပေးတယ်။ ဘဝတစ်ခုမှ တစ်ခုသို့ ကူးတိုင်း အပါယ် ချောက်ကမ်းပါးထဲ မကျအောင်၊ အောက်ကျ နောက်ကျ မဖြစ်ရအောင် တံတားသဖွယ် ခိုင်မာစွာ ခင်းပေးတတ်တယ်။
လူကို အပြစ်ကင်းစင်စေ၍ စိတ်ကိုကြည်လင် ကျေနပ် ဝမ်းမြောက်စေတယ်။ အထက်တန်းကျ မွန်မြတ်တဲ့ အပြစ်ကင်းမှု ချမ်းသာကို အရယူနေခြင်းလည်း ဖြစ်တယ်။ ဒီလို အကျိုးကြီးစေတဲ့ စွမ်းအားဖြစ်ပြီး သမာဓိ၊ ပညာ၊ သိက္ခာ သို့ တက်ရန် လှေကားသဖွယ်လည်း ဖြစ်တယ်။ "
. အလွန် မွန်မြတ်လှသော သြဝါဒ မိန့်မှာတော်မူချက် ဖြစ်၍ ကျွန်ုပ်၏ နှလုံးသားတို့အား ငြိမ်းချမ်း အေးမြစေသဖြင့် မိတ်ဆွေတို့အား ထပ်တူထပ်မျှ ကုသိုလ်ရစေရန် အလို့ငှါ မှတ်သား ကူးယူ ဖော်ပြ မျှဝေရခြင်းလည်း ဖြစ်ပါသည်။
. ဓမ္မစကား မှတ်သားနာယူရုံမျှသာမကဘဲ ကိုယ်တိုင် သီလ ကျင့်ကြံ စောင့်ထိန်း ဆောက်တည်ပါက ခဏမျှ ဘဝတာကို အေးချမ်းရွှင်ကြည်စေမည် ဖြစ်ကာ သမာဓိ၊ ပညာ စခန်းများ သို့ ဆက်လက် လှမ်းတက်၍ သံသရာရိက္ခာ ယူသွားနိုင်မည်သာ ဖြစ်ပါကြောင်း။
. နှ လုံး စိတ် ဝမ်း အေး ချမ်း နိုင် ကြ ပါ စေ ။
လွှမ်းမိုးအောင်
ဘဝ၏အဓိပ္ပါယ် ရှာကြည့်ရာဝယ် ...
ဘ ဝ ၏ အ ဓိ ပ္ပါ ယ် ရှာ ကြ ည့် ရာ ဝ ယ် ...
. . . . . . . . . . . . . . . . .
* ဘဝသည် သမုဒ္ဒရာ ရေပြင်ကဲ့သို့ အပြောကျယ်၍ နက်ရှိုင်း သော သဘောရှိ၏။
* သောင်ကမ်းမမြင်၊ အနက်မထင်၊ လောကီသညာ ဟူသော တိမ်သလ္လာကို မဖောက်ထွင်းနိုင်ဘဲလျက် လောကီ အမြင် သက်သက်မျှဖြင့် ဘဝ၏ အဓိပ္ပါယ်ကို ဖော်ထုတ်ရန် ကြိုးစားပါလျှင် အနက်မှန်ကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။
* ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်၌ ဆောင်ရွက် စရာ ကိစ္စများကား အတောမသတ် နိုင်လောက်အောင်ပင် များပြားလှပါပေ၏။
* စည်းစိမ်ဥစ္စာ၊ ရတနာရွှေငွေ နှင့် ရာထူးအာဏာတို့သည် ဘဝ၏ ပျော်ရွှင်ချမ်းသာမှုကို တကယ်တန္တု ပေးစွမ်းနိုင်ကြ ပါ၏လော။
* သူတကာတို့၏ ချီးမွမ်းစကား၊ ထင်ပေါ် ကျော်ကြားမှု တို့သည် ဘဝကို အမှန်ပင် တင့်တယ်စေကြပါ၏လော။
* ထိုထိုသော စည်စိမ်ဥစ္စာ ရာထူးအာဏာ ဂုဏ်ဒြပ် အဆောင်အယောင်တို့သည် မတည်မြဲသော သင်္ခါရ တရားများ ဖြစ်ကြသဖြင့် ဘဝ၏ အနှစ်သာရများ မဟုတ်ပါချေ။
* သေလွန်သောအခါ မိမိနှင့်အတူ လိုက်ပါသွားနိုင်သော တရားများလည်း မဟုတ်ပါချေ။
* သေလွန်သည့်အခါမှ ထိုပစ္စည်းဥစ္စာ ရာထူးအာဏာ တို့က တစ်ခြား၊ မိမိဘဝသည် တစ်ခြား ဟုသိလျှင် အလွန် နှောင်းသွားပေလိမ့်မည်။
* အဖိုးအနဂ္ဃ ထိုက်တန်သည့် လူ့ဘဝတစ်ခုသည် အချည်းနှီး ဖြစ်ရချေတော့မည်။
* ဘဝ၏တန်ဖိုးကို ဖြတ်ရာ၌ အံ့သြ ချီးမွမ်းဖွယ်ရာ သံဝေဂ လင်္ကာတစ်ပုဒ်ကို မိတ်ဆွေတို့ ပြန်လည်ခံစားစေလို သောဆန္ဒ ကျွန်ုပ်တွင် အပြည့်ရှိနေသည် ဖြစ်ပေရာ အတွေး အသိ ဆပွားနိုင်ကြစေဖို့ရာ မျှဝေပါအံ့။
* ထိုလင်္ကာသည်ကား အနန္တ သူရိယ အမတ်ကြီး သေအံ့ဆဲဆဲ အချိန်တစ်ခဏ၌ မတုန်မလှုပ် တည်ငြိမ်စွာ ဖြင့် ရေးစပ်သီကုံးခဲ့သော သံဝေဂလင်္ကာပင်တည်း။
♪ သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။ .....
♬ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။ .....
***** မိမိဘဝ ပျော်ရွှင် ချမ်းသာရေး အတွက် အခြားသူ တို့ကို မျက်ရည်မကျပါစေနှင့်။ ရွှေအိမ်ရွှေနန်းနှင့် ပျော်ရွှင်စွာ စံစားရသော မင်းစည်းစိမ် နှင့် ရာထူး၊ အခွင့်အာဏာ ဟူသည် တို့မှာကား ခဏတစ်ဖြုတ် သာလျှင် တင့်တယ်ပါ ပေလိမ့်မည်။ ဘဝ တစ်သက်တာ ဆိုသည်မှာ ရေပွက် ကလေး တစ်ပွက်မျှလောက်သာ ရှည်ကြာသည်ကို သတိ မမေ့ပါလေနှင့်။ မြတ်သော အတွေး အသိတို့ ဆပွားချင့်ယှဉ် သတိဝင်၍ အတ္တ နှင့် ပရ ညီထွေမျှစွာ သံသရာ အရေး အတွက် ရှုမျှော်တွေးထောက် ကုသိုလ်ရောက် နိုင်ကြပါစေဟု လေးနက်စွာဖြင့် ဆန္ဒပြုလိုက်ရပါပေ၏။
..... လောကကို အလှဆင်နိုင်ကြပါစေ .....
ဦးလွှမ်းမိုးအောင်